News

POST TYPE

EDITORIAL

သတိပြုမိစေလိုသော နိုင်ငံရေး အနုပညာ (Daily, Vol-4/No-290)
14-Mar-2017 tagged as

၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် လစ်ဘရယ် ဒီမိုကရေစီစံနှုန်းများနှင့် မညီညွတ်သေးသော်ငြား စစ်အာဏာရှင် စနစ်အောက်တွင် အနှစ်ငါးဆယ်ကျော် ဖြတ်သန်းလာခဲ့သော မြန်မာနိုင်ငံသားများ နေရာမှကြည့်လျှင် လွှတ်တော်နိုင်ငံရေးစနစ် အားကောင်း လာစေရေးအတွက် ပထမအဆင့် လှေကားထစ်အဖြစ် မှတ်ယူရမည် ဖြစ်သည်။

ထို့အပြင် ဖြတ်သန်းလာခဲ့သော သမိုင်းကြောင်းများနှင့် နိုင်ငံရေး အတွေ့အကြုံများအရ လတ်တလောအားဖြင့် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အဓိက အနှစ်သာရဖြစ်သော အာဏာသုံးရပ်အကြား အပြန်အလှန် ထိန်းညှိ ခွင့်ပြုထားခြင်းကို လက်တွေ့ကျကျ အသုံးချတတ်ရန် အရေးကြီးလှသည်။

ယနေ့ ပြောဆိုနေကြသော ဖက်ဒရယ် ပြည်ထောင်စု ကိစ္စသည် နိုင်ငံရေး ရင့်ကျက်မှု၊ နိုင်ငံရေး သဘောထားကြီးမှု အနိမ့်အမြင့်တို့အပေါ် မူတည်ပြီး အောင်မြင်ခြင်း၊ ကျရှုံးခြင်း ဖြစ်စေနိုင်ပေရာ ယင်းအခြေအနေသို့ မရောက်မီ ကြိုတင် ပြင်ဆင်သည့်အနေနှင့် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဖက်ဒရယ်စနစ်ကို ဦးတည်သော ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို လက်တွေ့ အသက်ဝင်စေရန် ကြိုးစားရမည်ဖြစ်သည်။

အချို့ကိစ္စရပ်များသည် လွှတ်တော်နှင့် အစိုးရအဖွဲ့တို့၏ အင်အားနှင့် ဆုံးဖြတ်နိုင်ခွင့် မည်မျှရှိကြောင်း ပြသခြင်းမျိုးထက် ဖက်ဒရယ် ပြည်ထောင်စုကို ဦးတည်သော နိုင်ငံရေး သဘောထားကြီးမှုကို ပြသကာ နိုင်ငံရေးပါတီ အသီးသီးနှင့် တိုင်းရင်းသား လူမျိုးစု အသီးသီးတို့၏ အသိအမှတ်ပြုမှု၊ လေးစားမှုတို့ ရယူနိုင်ပေသည်။

တိုင်းရင်းသား အများစုရှိရာ ဒေသများသည် ယခင် စစ်အာဏာရှင်စနစ် အောက်ရှိစဉ် ကာလများက ၎င်းတို့ဒေသတွင် အမိန့်အာဏာဖြင့် လုပ်ကိုင်ဆောင်ရွက်၊ အကောင်အထည်ဖော်သမျှ လုပ်ငန်း၊ စီမံချက်၊ စီမံကိန်းနှင့် အခြေခံ အဆောက်အဦဆိုင်ရာ ကိစ္စရပ်များအပေါ် သဘောတူခြင်း၊ သဘော မတူခြင်း တုံ့ပြန်ပြောဆိုခွင့် မရှိခဲ့သောကြောင့် နှုတ်ဆိတ်နေခဲ့ရသည်။

လွှတ်တော်နိုင်ငံရေး အားကောင်းစပြုလာသော ယနေ့ကာလမျိုး ရောက်မှသာ ၎င်းတို့ရင်ထဲတွင်ရှိနေသော ခံစားချက်များကို ဖော်ထုတ်၊ တောင်းဆို၊ ကန့်ကွက်၊ ဆန္ဒပြခွင့် ရှိလာခြင်းကြောင့် သဘော မတူသည်များနှင့် ၎င်းတို့၏ လိုလားချက်များကို ဖွင့်ထုတ် ပြောဆိုလာကြခြင်းဖြစ်ရာ ယင်းအခြေအနေကို နားလည်ပေးရန် လိုပေသည်။

အထူးသဖြင့် တိုင်းရင်းသား အများစုရှိရာ ပြည်နယ်များကို အာဏာနှင့် လုပ်ပိုင်ခွင့် ပို၍ ခွဲဝေပေးပြီး ခံစားခွင့်များ အချိုးကျ ရရှိစေမည့် ဖက်ဒရယ် ပြည်ထောင်စု စနစ်သို့သွားရန် ဟန်ပြင်နေချိန်တွင် ပြည်နယ်များရှိ တိုင်းရင်းသားများ၏ သဘောထားဆန္ဒကို အသိအမှတ်ပြု၊ လေးစားရန် အထူး လိုအပ်လှသည်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအရပင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရနှင့် လွှတ်တော်များ၏ လုပ်ပိုင်ခွင့်ဘောင်အတွင်း ရှိနေသော ပြဿနာ၊ ကိစ္စရပ်အချို့ကို ပြည်ထောင်စုအဆင့်အထိ ဆွဲယူကာ မဲအများစုဖြင့် တရားဝင်မှု ရယူလိုက်ခြင်းသည် ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ဒီမိုကရေစီနည်းဖြင့် လူအများစုက အနိုင်ကျင့်ခြင်းပေလောဟု စွပ်စွဲခံရနိုင်ပေသည်။

လွှတ်တော်နိုင်ငံရေး သို့မဟုတ် ဒီမိုကရေစီ နိုင်ငံရေးစနစ်သည် အရာရာတိုင်းကို လွှတ်တော်အတွင်း မဲအများစု အနိုင်ရရှိသူများ၏ သဘောဆန္ဒအတိုင်း လိုက်လျောရခြင်းထက် တစ်ခါတစ်ရံတွင် အင်အားနည်းသူ၊ လူနည်းစု၏ သဘောဆန္ဒကို ဦးစားပေးရတတ်သည့် ပို၍ လေးနက်သော ပို၍ သဘောထားကြီး ရင့်ကျက်သော နိုင်ငံရေး အနုပညာမျိုးလည်း ဖြစ်ကြောင်း သတိပြုမိစေလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၁၄-၃-၂၀၁၇)

  • TAGS