News

POST TYPE

EDITORIAL

အပြစ်တင်တာနဲ့ ဝေဖန်တာ ကွဲရဲ့လား (Daily Vol-4/No-101)
06-Aug-2016
ဒီနေ့ မြန်မာ့လူမှု ပတ်ဝန်းကျင်မှာ အပြစ်တင်တာနဲ့ ဝေဖန်တာကို သိပ်မကွဲဘူးဖြစ်နေတယ်။ အင်္ဂလိပ်လိုကတော့ ရှင်းတယ်။ အပြစ်တင်တာကို Blame လို့ သတ်မှတ်ပြီး ဝေဖန်တာကိုတော့ Criticize လို့ ဆိုတယ်။

Blame လို့ ပြောလိုက်တာနဲ့ အမှား တစ်ခုခုအတွက် တာဝန်ရှိသူအပေါ် ပုံချလိုက်တဲ့ သဘော ပါတယ်။ Criticize ကျတော့ အမှား တစ်ခုကို သဘော မတူ၊ လက်မခံ၊ သဘော မကျတဲ့အတွက် ထောက်ပြတဲ့ သဘောကဲတယ်။ 

အပြစ် တင်တာကတော့ ရှင်းနေတဲ့အတွက် တခြား အဓိပ္ပာယ်နဲ့ ရောသွားဖို့ မရှိပေမယ့် ဝေဖန်တာကျတော့ ပြောတဲ့၊ ရေးတဲ့အခါ သုံးတဲ့ စကားလုံးနဲ့ လေသံကို ကြည့်ပြီး အပြစ်တင်တဲ့ဘက် ရောက်သွားတတ်တာကိုး။ 

များသော အားဖြင့်တော့ ဝေဖန်တယ်လို့ ပြောတဲ့သူကလည်း အပြစ်တင်သံ စွက်နေတဲ့အတွက် မကွဲကြတဲ့အပြင် ချစ်စိတ်၊ မုန်းစိတ်နဲ့ အဓိပ္ပာယ် ကောက်ပြီး အပြစ်တင်တယ်လို့ ထင်တတ်တာမျိုးလည်း ရှိပြန်တယ်။

ဝေဖန်တာနဲ့ အပြစ် တင်တာကြားမှာ ကွဲတဲ့အချက်တွေ အများကြီး ရှိပေမယ့် အထင်ရှားဆုံးကတော့ အဖြစ်အပျက်၊ အကြောင်းအရာ တစ်ခုအပေါ် ဝေဖန်တာရဲ့ နောက်ဆက်တွဲမှာ ခွဲခြမ်း၊ စိတ်ဖြာ၊ ဆန်းစစ်နိုင်တဲ့ အဆင့်မြင့် အကဲဖြတ်ချက် တစ်ခု တွဲပါနေတတ်တယ်။

ဆိုလိုတာက အစိုးရရဲ့ မူဝါဒ တစ်ခုကို ဝေဖန်တယ်ဆိုရင် အဲဒီမူဝါဒမှာ ဘယ်နေရာ မှားနေတယ်၊ အားနည်းနေတယ်၊ ချို့ယွင်းနေတယ်ဆိုတဲ့ အမှား ထောက်ပြ လိုက်တာနဲ့ တစ်ဆက်တည်းမှာ ဘယ်နေရာမှာ၊ ဘယ်လို မှားနေတယ်၊ ဘယ်အတိုင်းအတာ မှားနေတယ်၊ ဘာ့ကြောင့် မှားနေတယ် ဆိုတာမျိုးတွေပါ တွဲပါလာတတ်တာကို ပြောတာ။

ဒါကြောင့် ဝေဖန်မှုဆိုတာ ခံယူတတ်ရင် ကိုယ့်ကို အရည်အချင်း ရှိအောင် တစ်ဖက်တစ်လမ်းက ကူညီပေးတဲ့ သဘောမျိုးလို့တောင် ပညာရှိတွေက ပြောကြတာပေါ့။ “ဝေဖန်မှုရှိမှ တိုးတက်မယ်”ဆိုတဲ့ စကားလိုပေါ့။

ဒါပေမဲ့ ဝေဖန်မယ့်သူကလည်း အခြေအနေ၊ အချိန်အခါကိုတော့ ကြည့်ဖို့နဲ့ ပြောပုံ၊ ပြောနည်း၊ ဝေဖန်ပုံ၊ ဝေဖန်နည်း ပါးနပ်လိမ္မာဖို့လည်း လိုပြန်ရော။ အဲလိုမှ မဟုတ်ရင် စောစောက ပြောသလို ချစ်စိတ်၊ မုန်းစိတ်နဲ့ ကြည့်တတ်တဲ့ လူမှုပတ်ဝန်းကျင်မှာ ကိုယ်က ဘယ်လောက် စေတနာနဲ့ ဝေဖန်သည်ဖြစ်စေ ဝေဒနာ ဖြစ်သွားတတ်တယ်။

အဲဒါကြောင့် ဝေဖန်တာရဲ့ရှေ့မှာ Positive အပေါင်း လက္ခဏာ ဆောင်တဲ့ ဝေဖန်မှုဆိုပြီး အပြုသဘော နာမဝိသေသန တစ်ခု တွဲသုံးကြတာပေါ့။ 

အစိုးရ ဖြစ်လာပြီဆိုရင် တစ်နည်းအားဖြင့် စင်ပေါ် ရောက်လာပြီဆိုရင် တခြားသူတွေထက်ပိုပြီး ပေါ်လွင် ထင်ရှားလာတယ်၊ ပိုပြီး တာဝန်ရှိ၊ တာဝန်ကြီး လာတယ်ဆိုတာ သဘာဝပဲ။ ချစ်ရင် ချစ်သလို ဘာလုပ်လုပ် အကောင်းချည်း မြင်၊ ထောက်ခံတဲ့သူရှိသလို မုန်းတဲ့သူတွေရဲ့ အပြစ်ရှာ၊ အပြစ်တင်တာမျိုးအပြင် ပညာရှင်၊ မီဒီယာတွေရဲ့ ဝေဖန် ထောက်ပြတာကိုလည်း ခံရမှာပဲ။

အဲဒါ အားလုံးကို ဗုဒ္ဓရဲ့ ဓမ္မအမြင်နဲ့ ကြည့်ရင် လောကဓံပဲ။ ထင်ပေါ်ကျော်ကြားသူ၊ နာမည်ကြီးသူ၊ အုပ်ချုပ်သူ အစိုးရမှ မဟုတ်ဘူး။ လူ့ဘောင်၊ လူ့လောက ထဲက လူမှန်သမျှ ဒီလောကဓံနဲ့ ရင်ဆိုင်ရတာချည်းပဲ။

အပြစ်တင်ခြင်း၊ ဝေဖန်ခြင်းဆိုတဲ့ လောကဓံကို ဘယ်လို တုံ့ပြန်ဖြေရှင်းသလဲဆိုတာ တစ်ဦးချင်း၊ တစ်ယောက်ချင်းနဲ့ အစိုးရအဖွဲ့ရဲ့ အရည်အချင်းကို ပြတာပဲ။ အရေးကြီးတာက အပြစ်တင်တာနဲ့ ဝေဖန်တာကို ကွဲကွဲပြားပြား သိပြီး ဘယ်ဟာကို လျစ်လျူရှုရမယ်၊ ဘယ်ဟာကို ဆင်ခြင် သတိပြုပြီး ဘယ်လိုပြုပြင် ပြောင်းလဲရမယ်၊ ဘယ်ဟာကို တွန်းအားအဖြစ် မှတ်ယူရမယ်ဆိုတာ သိဖို့ပဲလို့ ဆိုပါရစေ။

အယ်ဒီတာ  (၆-၈-၂၀၁၆)


  • VIA