News

POST TYPE

EDITORIAL

‘လူ’ နှင့် ‘မူ’ အစွန်း မရောက်စေလို (Daily, Vol-4/No-68)
01-Jul-2016 tagged as

မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့် နိုင်ငံရေး ပြဿနာ အများစုကို လေ့လာကြည့်ပါက လူနှင့်မူ မကွဲပြားခြင်း သို့မဟုတ် လူနှင့်မူ ရောထွေးခြင်းက အဓိက အကြောင်းတစ်ရပ်အဖြစ် တွေ့မြင်ရသည်။

လူပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်း တစ်ရပ်အပေါ်တွင် အစွန်းနှစ်ဖက်ရောက်သည့် ချစ်စိတ်၊ မုန်းစိတ် နှစ်မျိုး ရှိနေသည့်အတွက် အရာရာကို အကောင်းမြင်စိတ်၊ အဆိုးမြင်စိတ် နှစ်မျိုးဖြင့်သာ ရှုမြင် အကဲဖြတ် တတ်ကြသည်။

ဆန့်ကျင်ဘက် အဖွဲ့အစည်းများအကြား တွင်သာမက အဖွဲ့အစည်းတစ်ခု အတွင်းတွင်ပင် လူပုဂ္ဂိုလ်အပေါ် မူတည်သော မူဝါဒများ၊ ရပ်တည်ချက်များ၊ ခံစားချက်များ၊ ကန့်ကွက်ထောက်ခံမှုများ ရုတ်ခြည်းပြောင်းလဲ သွားတတ်သည်။ 
အကျိုးဆက်အားဖြင့် ပုဂ္ဂိုလ်ရေး အခြေပြု နိုင်ငံရေးများဖြင့်သာ အချိန်ကုန်သွားတတ်ပြီး အဖွဲ့အစည်း အောင်မြင်ကြီးပွားရေး၊ နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သော ပရော်ဖက်ရှင်နယ် နိုင်ငံရေးမျိုး အတွေ့ရ နည်းလာသည်ဟုပင် ဆိုနိုင်သည်။

ထို့ကြောင့်ပင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကဲ့သို့ နိုင်ငံတော်၏ အထွတ်အထိပ် ဥပဒေ မျိုးတွင်ပင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း တစ်ရပ်ကို ကန့်သတ်လွန်း၊ ဦးစားပေးလွန်းသော အစွန်းနှစ်ပါးကို တွေ့မြင်ရခြင်းဖြစ်သည်။

ထိုကဲ့သို့ အစွန်းရောက်သော ထင်မြင်ယူဆချက်၊ အဓိပ္ပာယ် ကောက်ယူမှုများ၏ ဒဏ်ကို ခါးသီးစွာ ခံစားခဲ့ကြရသူများ၏ အဖွဲ့အစည်းများအတွင်းတွင်ပင် ပုဂ္ဂိုလ်ရေးခံစားမှု လွန်ကဲသော မူဝါဒများ၊ လူရွေးချယ်မှုများ၊ တုံ့ပြန် ဆောင်ရွက်ချက်များ ရှိနေတတ်ခြင်းကို ကာယကံရှင်များနှင့် ချစ်ခင်စိတ် အားကြီးနေသူများ မမြင်တွေ့တတ်ပေ။

ထို့ကြောင့် လူပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်း တစ်ရပ်အပေါ် ဆန့်ကျင်၊ ထောက်ခံမှု အမြင်များဖြင့် အရာရာတိုင်း၊ ပြဿနာတိုင်း၊ အရေးကိစ္စတိုင်းကို ရှုမြင်သုံးသပ်ကာ အလွန်အကျွံ ချီးပ၊ အမွှမ်းတင်ခြင်း၊ အလွန်အကျွံ အဆိုးပြော၊ ရှုတ်ချ အပြစ်တင်ခြင်းတို့ဖြင့် တန်ဖိုးရှိသော အင်အားများ၊ အချိန်များ ဖြုန်းတီးသကဲ့သို့ ဖြစ်နေပေသည်။

‘မူ’ ထက် ‘လူ’ ကို ဦးစားပေးတတ်သည့် အလေ့အထမျိုး အစဉ်အလာသဖွယ် ဖြစ်လာပါက အခန့်မသင့်လျှင် လူတစ်ဦး၊ အဖွဲ့အစည်းတစ်ရပ် အပေါ် မိမိတို့ဘာသာ တန်ဖိုးချသကဲ့သို့ ဖြစ်သွားကာ သွားချင်၊ ရောက်ချင်သော ပန်းတိုင်နှင့် အလှမ်းဝေးသထက် ဝေးသွားနိုင်ကြောင်း သိစေလိုရင်းဖြစ်သည်။

အယ်ဒီတာ (၂၈-၆-၂ဝ၁၆)


  • TAGS