POST TYPE

EDITORIAL

ခေတ်မီတဲ့ လူ့အဖွဲ့အစည်းဆိုတာ(Daily, Vol-4/No-233)
07-Jan-2017 tagged as

“ခေတ်”ဆိုတဲ့ စကားလုံးက အချိန်ကာလ အပိုင်းအခြား တစ်ခုကို ဆိုလိုတာဖြစ်ပြီး “ခေတ်မီခြင်း”ဆိုတာကတော့ ဆိုခဲ့ပါ ကာလ အပိုင်းအခြား တစ်ခုနဲ့ လိုက်လျောညီထွေ သက်သောင့်သက်သာ နေထိုင်နိုင်တာလို့ပဲ ယေဘုယျ အဓိပ္ပာယ် ဖွင့်ရမယ်ထင်တယ်။

ကျွန်တော်တို့ မြန်မာလူမှု ပတ်ဝန်းကျင်မှာတော့ ခေတ်မီခြင်းဆိုတဲ့ စကားလုံးကို ကိုယ်နားလည်သလို အဓိပ္ပာယ်နဲ့ အနက်ကောက် သဘောပေါက်ကြတဲ့အတွက် ခေတ်မီခြင်းအပေါ် လက်တွေ့ ကျင့်သုံး နားလည်တာချင်းလည်း မတူကြဘူး။

များသောအားဖြင့်တော့ ဒီဘက်ခေတ်မှာ ခေတ်မီခြင်း ဆိုတာကို ခေတ်ပေါ်၊ နောက်ဆုံးပေါ် လူ့အသုံးအဆောင်တွေ၊ ၀တ်စား၊ ဆင်ယင်၊ ခြယ်သမှု၊ စားသောက်၊ နေထိုင်၊ သွားလာမှုတွေ ပေါင်းရုံးနေတဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာ ခေတ်နဲ့အညီ ဖြစ်နေတာမျိုးလို့ ထင်တတ်ကြတယ်။

အဲလို ထင်အောင်လည်း ကမ္ဘာကြီး တစ်ခုလုံးက ရုပ်ပစ္စည်း အသစ်အဆန်း တီထွင် ဖန်တီးမှုတွေနဲ့ လူသားတွေကို ဆွဲဆောင် လှည့်ဖြားသလို ဖြစ်နေတာကိုး။ ကမ္ဘာနဲ့ အ၀န်းက လူအများစုက နေ့စဉ်နီးပါး အသစ် အသစ်ပေါ်လာတဲ့ ရုပ်ပစ္စည်းတွေနောက် ကောက်ကောက်ပါအောင် လိုက်ရင်း ခေတ်မီသူ ဖြစ်အောင်၊ လူရာဝင်၊ လူဝင်ဆံ့အောင် လုပ်နေကြသူတွေက များတယ်။

မြန်မာပြည်ကလည်း ဒီကမ္ဘာ့ရွာကြီးထဲက ရပ်ကွက်ကလေး တစ်ခုဆိုတော့ ကမ္ဘာကြီးရဲ့ ရေစီးကြောင်းကို ဘယ်လွန်ဆန်နိုင်ပါ့မလဲ။ ဒီနေ့ မြန်မာလူမှုပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် အထင်းသား မြင်နိုင်တယ်။

ခေတ်မီတယ်လို့ ထင်ရအောင် ရုပ်ပိုင်းဆိုင်ရာ မွမ်းမံခြယ်သမှုတွေ၊ အရောင်တင်၊ အမွှမ်းတင်မှုတွေ နည်းမျိုးစုံနဲ့ လုပ်နေကြတဲ့အပြင် အဲလို လုပ်နေတယ် ဆိုတာကိုလည်း အများသိအောင် ကြေညာ မောင်းခတ်ကြတယ်။
 
အနည်းစုလောက်ကပဲ ခေတ်မီတယ်ဆိုတာ စည်းကမ်းဥပဒေ လိုက်နာခြင်း၊ သဘာဝ ပတ်ဝန်းကျင်ကို နိုင်သလောက် ထိန်းသိမ်းခြင်း၊ မိမိကြောင့် တစ်ပါးသူ အနှောင့်အယှက် မဖြစ်အောင် ပြုမူ၊ ပြောဆို၊ နေထိုင်ခြင်း၊ အားနည်းနေသူကို ကူညီပေးခြင်း၊ လိုအပ်နေသူကို ပေးကမ်းစွန့်ကြဲခြင်း၊ လူမှုဝန်ထမ်း စိတ်နဲ့ အများအကျိုး ဆောင်ရွက်ခြင်း၊ ကြုံတွေ့ လာသမျှကို တတ်နိုင်သလောက် အပေါင်းလက္ခဏာ အမြင်နဲ့ တွေးခြင်း၊ လက်ခံပေးခြင်း စတဲ့ အတွင်းပိုင်း တန်ဖိုးတွေ မြင့်မားနေအောင် လုပ်ထားဖို့ ဆိုတာမျိုး နားလည်ကြတယ်။

အဲဒီထက် တစ်ဆင့်မြှင့်တဲ့ ခေတ်မီခြင်း ဆိုတာက စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်အောင် ထိန်းသိမ်းတာ၊ ကိုယ်ကျင့်သီလ လုံခြုံအောင် ထိန်းသိမ်းတာ၊ မိဘ၊ ဆရာသမားတွေရဲ့ ကျေးဇူးကို အစဉ်အမြဲ တန်ဖိုးထား လေးစားပြီး ရိုရိုသေသေ အလုပ်အကျွေး ပြုတာ၊ မိမိရဲ့ ပတ်ဝန်းကျင်ကို ကောင်းအောင် အမြဲ ကြံစည်အားထုတ် အလုပ်လုပ်ပြီး မြှင့်တင်ပေးတာ၊ မိမိကို ရန်ပြု၊ ရန်သူ၊ မိတ်ဆွေ မခွဲခြားဘဲ သည်းခံ၊ ခွင့်လွှတ်ပေးတာမျိုးကျ အပြော လွယ်ပေမယ့် တော်ရုံလူ မလုပ်နိုင်ဘူး။

ဒီဘက်ခေတ်မှာတော့ ရုပ်ပိုင်းဆိုင်ရာ ခေတ်မီချင်တဲ့ စိတ်ကြောင့် လူငယ်တွေ လမ်းမှား ရောက်လာကြတယ်။ သူများလို မော်ဒယ်လ်မြင့် ဟန်းဆက်ဖုန်း ကိုင်ချင်၊ ဒီဇိုင်းလှလှ မော်တော်ဆိုင်ကယ် စီးချင်၊ စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ ဘီယာဆိုင် ထိုင်ချင်၊ ခပ်လန်းလန်း ဖက်ရှင် အ၀တ်အစား အသုံးအဆောင် ၀ယ်ချင်လာတော့ ကိုယ်ပိုင်ဝင်ငွေ လုံလောက်အောင် မရှိတဲ့ လူငယ်တွေ အသေးစား ဒုစရိုက်မှုလေးတွေ ကျူးလွန်လာကြတယ်။

ခေတ်မီတဲ့ အဓိပ္ပာယ်ကို သေချာ မသိတဲ့အတွက် သူလိုငါလို ရုပ်ပိုင်းဆိုင်ရာ ခေတ်မီမီ၊ နေထိုင်၊ ၀တ်စား၊ သွားလာချင်စိတ်က လူငယ်တွေရဲ့ စာရိတ္တကို ဖျက်ဆီးလိုက်တဲ့ သဘောပေါ့။ တကယ်တော့ လူငယ်တွေတင် မကဘူး လူလတ်၊ လူကြီးတွေလည်း ခေတ်မီချင်တဲ့အတွက် သိက္ခာကို ရိက္ခာနဲ့ လဲနေကြသူတွေ အများကြီး။

တကယ်တော့ မျိုးဆက်သစ် လူငယ်တွေ ခေတ်မီခြင်းရဲ့ အနှစ်သာရကို နားမလည်ကြတော့တာ ခေတ်စနစ် တစ်ခုကို ဦးဆောင်မောင်းနှင်ခဲ့ကြတဲ့ မျိုးဆက်ဟောင်းနဲ့ လက်ရှိ မျိုးဆက် မဟောင်းတဟောင်းတွေရဲ့ တာဝန် မကင်းဘူး။ အဲဒီလို တာဝန်ရှိတဲ့အထဲမှာ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်စုံ အကျုံး ၀င်တယ်။ နယ်ပယ်စုံထဲ ရှိသမျှ အားလုံးကို မဆိုလိုပေမယ့် အလွဲလမ်းပြသလို ဖြစ်ခဲ့၊ ဖြစ်နေဆဲ၊ ဖြစ်လာမယ့် ကိစ္စတွေအတွက် အများစုမှာ တာဝန်ရှိတယ်။

ခေတ်မီတဲ့ အဓိပ္ပာယ်ကို သေသေချာချာ လေးလေးနက်နက် မသိရင်တောင် ကျွန်တော်တို့ ငယ်ငယ်က မူလတန်းမှာ သင်ခဲ့ရတဲ့ အကျင့်ကောင်းလေး တစ်ခုလောက် ကျင့်ကြံလိုက်နာနိုင်ရင်တောင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ခေတ်မီတဲ့ လူ့အဖွဲ့အစည်းအဖြစ် တဖြည်းဖြည်း တည်ဆောက်သွားနိုင်တယ်။ အဲဒါက “ကောင်းမှုတစ်ခု နေ့စဉ်ပြု”ဆိုတာပါပဲ။ 

အယ်ဒီတာ(၇-၁-၂၀၁၇)

  • TAGS