POST TYPE

EDITORIAL

နှစ်ဟောင်းကို ဆန်းစစ်သုံးသပ်ကြည့်ပါ(Weekly, Vol-12/No-50)
07-Jan-2017 tagged as

နှစ်သစ်တစ်ခုသို့ ပြောင်းသွားသည့်အခါတိုင်း နှစ်ဟောင်းတွင် မည်သည့် မှတ်တမ်းများ ချန်ထားခဲ့သနည်းဆိုသော မေးခွန်းမှာ လူတိုင်း ဖြေကြည့်သင့်လှသည်။

ချန်ထားခဲ့သော မှတ်တမ်းများသည် မိမိကိုယ်တိုင်နှင့် ပတ်ဝန်းကျင်အပေါ် ကောင်းကျိုးဖြစ်ထွန်းမှု ရှိပါ၏လော သို့မဟုတ် ဆိုးကျိုးသက်ရောက်မှု များနေသလောဆိုခြင်းကိုလည်း ဆန်းစစ်ကြည့်သင့်ပေသည်။

ထိုသို့ သာမန် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ အနေနှင့်ရော နယ်ပယ် အသီးသီးအလိုက် ဦးစီးခေါင်းဆောင်နေရာ ရောက်ရှိနေသူများ အနေနှင့်ပါ နှစ်သစ် ကူးပြောင်းတိုင်း မိမိလျှောက်လာခဲ့သောလမ်း သို့မဟုတ် ဖြတ်သန်းလာခဲ့သော ခရီးကို ပြန်စောင်းငဲ့ကြည့်ပြီး ဆန်းစစ် သုံးသပ်ကြည့်ရန် လိုပေမည်။

ထိုသို့ ဆန်းစစ်သုံးသပ်ကြည့်ခြင်းအားဖြင့် လိုအပ်ချက်၊ အားနည်းချက်၊ ပြည့်စုံမှု၊ အားသာချက်များကို သိမြင်နိုင်ပြီး ပြုပြင်ဖြည့်ဆည်းစရာ၊ ဆက်လက် ဆောင်ရွက်စရာများကို သိမြင်နိုင်သည်။

လူပုဂ္ဂိုလ်တစ်ဦး အနေနှင့်မူ နှစ်ဟောင်းမှ မိမိအတွေ့အကြုံများအပေါ် ဆန်းစစ်သုံးသပ်ချက်များကို အခြေခံကာ ရှေ့ဆက်မည့်နှစ်သစ်တွင် ပိုကောင်းသော အခြေအနေများကို ပြုပြင်ဖန်တီးယူနိုင်ပေသည်။

လုပ်ငန်း၊ အဖွဲ့အစည်း တစ်ရပ်မှသည် နိုင်ငံ တစ်ခုလုံးကို စီမံခန့်ခွဲရသည့် ခေါင်းဆောင်နေရာမျိုးတွင် ရှိနေလျှင်မူကား သာမန်လူများထက်ပိုပြီး မိမိ ကိုယ်ကိုယ် မညှာတမ်း ဆန်းစစ်ကြည့်ခြင်းအားဖြင့် နိုင်ငံနှင့် နိုင်ငံသားအားလုံးအတွက် ပိုကောင်းသော နှစ်သစ်ကို တည်ဆောက်နိုင်ပေသည်။

သို့သော် သာမန်လူပုဂ္ဂိုလ် တစ်ဦးနှင့် လုပ်ငန်း၊ အဖွဲ့အစည်း၊ နိုင်ငံလုံးဆိုင်ရာ ခေါင်းဆောင်တို့အကြား ကွာခြားချက်မှာ နံဘေးတွင် ရပ်တည်ဝန်းရံလျက်ရှိသူများ၏ အရည်အချင်း၊ စိတ်ထား၊ စွမ်းဆောင်ရည်တို့အပေါ် မူတည်ကာ ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းတစ်ရပ်အပေါ် သက်ရောက်မှု စွမ်းပကား ကြီးမားသည့်အချက် ဖြစ်သည်။

ထိုအတွက် နိုင်ငံတကာ အဆင့်ရှိသော လုပ်ငန်း၊ အဖွဲ့အစည်းများသည် ၎င်းတို့၏ စွမ်းဆောင်ရည်နှင့် တိုးတက်၊ ဆုတ်ယုတ်မှုတို့ကို အမှန်အတိုင်း သိရှိစေရန် လွတ်လပ်၍ အမှီအခို ကင်းသော တတိယ အဖွဲ့အစည်းများ (ဝါ) သုခမိန် အဖွဲ့အစည်းများ သို့မဟုတ် ပရော်ဖက်ရှင်နယ် စစ်တမ်းကောက် သုတေသနပြုသူများထံ လွှဲအပ်ကာ ဆန်းစစ် သုံးသပ်လေ့ရှိသည်။

မြန်မာနိုင်ငံကဲ့သို့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများ အကောင်အထည် ဖော်နေဆဲ နိုင်ငံမျိုးတွင် တစ်နှစ်ပြီးတစ်နှစ် ပြောင်းသွားသည့်အခါတိုင်း ဆောင်ရွက်နေသော လုပ်ငန်းများ မည်မျှအထိ အောင်မြင်၊ ကျရှုံးနေခြင်းကို ပကတိ အခြေအနေအတိုင်း သိရှိရန် များစွာ အရေးကြီးပေသည်။

မည်သည့်နိုင်ငံတွင်မဆို အာဏာရပါတီများနှင့် အာဏာရအစိုးရများသည် များသောအားဖြင့် မိမိကိုယ်ကိုယ် ဆန်းစစ်သုံးသပ်ရာတွင် အကြောင်းအရာကို လိုက်၍ လျှော့လျှော့ပေါ့ပေါ့၊ ပိုပိုသာသာ လုပ်လေ့ရှိတတ်ခြင်းကြောင့် လွတ်လပ်၍ အမှီအခိုကင်းသော သုတေသန အဖွဲ့အစည်းများ၊ ပရော်ဖက်ရှင်နယ် မီဒီယာများ၏ ဆန်းစစ်သုံးသပ်ချက်က အသက်တမျှ အရေးကြီးလှသည်။

ထိုဆန်းစစ်သုံးသပ်ချက်များကို မူတည်ကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်များအတွက် သင့်တော်အပ်စပ်မည့် မူဝါဒများ၊ စီမံကိန်း၊ စီမံချက်များ ချမှတ် ဆောင်ရွက်ခြင်း၊ အားနည်းချက်များကို ပြုပြင်ခြင်း၊ ဆိုးရွား ပျက်စီးနေသည်များကို ဖြုတ်ပယ် အသစ် အစားထိုးခြင်း လုပ်ငန်းများ အချိန်မီ ဆောင်ရွက်နိုင်ပေသည်။

ယခင် အာဏာရှင် အစိုးရအဆက်ဆက်က ထိုကဲ့သို့ ပရော်ဖက်ရှင်နယ်ကျကျ လွတ်လပ်စွာ ဆန်းစစ် အကဲဖြတ်ပေးသူများ၏ အကူအညီ ရယူခြင်း၊ ဆန်းစစ်သုံးသပ်ချက်၊ အကြံပြုချက်များအတိုင်း လိုက်နာ၊ ပြုပြင်ပြောင်းလဲမှု မရှိခဲ့ခြင်း၊ အားနည်းခဲ့ခြင်းတို့ကြောင့် ယခင်အစိုးရများ မှားခဲ့သည့် အမှားများအတိုင်း အပြန်တလဲလဲ မှားနေခြင်းမျိုးကို နှစ်သစ်တွင် ရှောင်ရှားနိုင်ရေး ရည်ရွယ်လိုရင်း ဖြစ်သည်။

အယ်ဒီတာ(၄-၁-၂၀၁၇)

  • TAGS