News

POST TYPE

EDITORIAL

ရွေးချယ်မှုက ပြောသော လူ့တန်ဖိုး(Daily, Vol-4/No-231)
04-Jan-2017 tagged as

ကျွန်ုပ်တို့၏ နေ့စဉ်ဘဝများအတွင်း ပြုဖွယ်ရှိသော အမှုကိစ္စ အားလုံးကို ဆောင်ရွက်မည်၊ မဆောင်ရွက်မည်၊ မည်သို့ ဆောင်ရွက်မည်၊ မည်သည့်အချိန်တွင် ဆောင်ရွက်မည် စသည်ဖြင့် ဆုံးဖြတ်ချက်ချရန် အမြဲလိုလို ရွေးချယ်ရလေ့ ရှိသည်။ 

ဘဝတစ်ခုလုံး ရှင်သန်နေသမျှ နေ့စဉ်နှင့်အမျှ၊ နာရီ၊ မိနစ်နှင့်အမျှ ရွေးချယ်စရာ ကိစ္စပေါင်းများစွာကို မဖြစ်မနေ ကြုံတွေ့ကြရသည့်အလျောက် ကျွန်ုပ်တို့ တစ်ဦးချင်းစီ၏ ရွေးချယ်မှုသည် ကျွန်ုပ်တို့၏ လားရာနှင့် ပန်းတိုင်ကို ပြဋ္ဌာန်းလေ့ရှိသည်။

ညစောင့် အလုပ်မှသည် သမ္မတအဆင့်အထိ မည်သည့်အဆင့်အတန်းတွင် ရှိနေသူဖြစ်စေ တစ်ခါတစ်ရံ ဘဝအတွက် အရေးကြီးသော အချိုးအကွေ့မျိုးနှင့် ကြုံရသည့်အခါ မည်သည့်လမ်းကို လျှောက်မည်ဆိုခြင်းကို ရွေးချယ် ဆုံးဖြတ်ကြရတတ်သည်။

ကျွန်ုပ်တို့ ရွေးချယ်လိုက်သော လမ်းသည် ကျွန်ုပ်တို့၏ဘဝကို ပို၍ သာယာအေးချမ်းသော၊ ပို၍ အောင်မြင်ကျော်ကြားသော ဘဝသို့ ပို့ဆောင်နိုင်သလို ထိုဘဝသို့ ရောက်မည်ဟူသောအထင်ဖြင့် ရွေးချယ်လိုက်သော်ငြား ပူလောင် ခါးသီးသော၊ နာမည်ပျက် ဂုဏ်သတင်း ကျဆင်းစေသော အခြေအနေများနှင့်လည်း ကြုံရတတ်သည်။

သတင်းသမားတစ်ဦး သို့မဟုတ် ဝန်ကြီးတစ်ဦး၏ အသက်သည် ဂုဏ် သိက္ခာဟုဆိုသော် သတင်းသမား တစ်ဦး သို့မဟုတ် ဝန်ကြီးတစ်ဦး၏ ရွေးချယ်မှုတိုင်းက ၎င်းတို့၏ ဂုဏ်သိက္ခာ အဆင့်အတန်းနှင့် တိုက်ရိုက် အချိုးကျသည်။

ရွေးချယ်မှုတိုင်းတွင် လောကနိယာမအရ အဆိုး၊ အကောင်း ဒွန်တွဲနေလေ့ရှိသည့်အလျောက် မည်သည့်ရွေးချယ်မှုမဆို အကောင်းချည်း၊ အဆိုးချည်း လိုချင်၍ မရတတ်သည်ကို ရွေးချယ်သူတိုင်း နားလည်ထားရမည် ဖြစ်သည်။

အချို့ရွေးချယ်မှုတို့သည် လတ်တလော ခံစားနေရသော ဆင်းရဲဒုက္ခကို ပြေငြိမ်းစေနိုင်လင့်ကစား အခြားတစ်ဖက်တွင် နာမည်ဂုဏ်သတင်းနှင့် ကိုယ်ကျင့်သိက္ခာပိုင်းကို ထိခိုက် ကျဆင်းစေနိုင်သည်များ ရှိတတ်သည်။

အချို့ ရွေးချယ်မှုတို့သည်ကား လတ်တလော စည်းစိမ်ချမ်းသာ၊ အဆောင်အယောင်၊ ထင်ပေါ် ကျော်ကြားမှုတို့ ပေးစွမ်းနိုင်သော်ငြား အခြားတစ်ဖက်တွင်မူ တစ်လျှောက်လုံး ကိုင်စွဲလာခဲ့သော သက်ဆိုင်ရာ ပရော်ဖက်ရှင်နယ် လောကနယ်ပယ်ဆိုင်ရာ ခံယူချက်၊ ရပ်တည်ချက်တို့နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သွားခြင်းကြောင့် ယင်းနယ်ပယ်၏ အထင်ကြီး လေးစားမှုများ ယုတ်လျော့သွားတတ်သည်။

ရွေးချယ်မှု တစ်ခုသည် ရွေးချယ်ရသော အမှုကိစ္စ အတိမ်၊ အနက်၊ အကြီး၊ အသေးကိုလိုက်၍ ကျွန်ုပ်တို့၏ ဘဝကို တစ်ခါတစ်ရံ အဆိုး၊ အကောင်း တစ်မုဟုတ်ချင်း ပြောင်းလဲသွားတတ်သည့်အပြင် ကျွန်ုပ်တို့ တစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာ၊ အဆင့်အတန်း၊ ခံယူချက်၊ ရပ်တည်ချက်များ မည်မျှ ခိုင်မာ ပြတ်သားသည်၊ အများပြည်သူနှင့် သက်ဆိုင်ရာ နယ်ပယ်အကျိုးကို မည်မျှ ကိုယ်စားပြုသည် ဆိုခြင်းကိုလည်း ပြဋ္ဌာန်းပေးတတ်သည်။

တစ်နည်းဆိုရသော် ကျွန်ုပ်တို့ တစ်ဦးချင်းစီ၏ ရွေးချယ်မှုတိုင်းသည် ကျွန်ုပ်တို့ကို သက်ဆိုင်ရာ နယ်ပယ်ရပ်ဝန်းက ကျွန်ုပ်တို့အပေါ် ရှုမြင် အကဲဖြတ်ထားသည့် တန်ဖိုးနှင့် မိမိကိုယ်ကိုယ် လိပ်ပြာသန့်မှု ယုံကြည်မှုတို့ကို မြှင့်တင်၊ လျှော့ချခြင်း သဘောလည်း ဆောင်သွားတတ်ကြောင်း သိစေလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၄-၁-၂၀၁၇)

  • TAGS