News

POST TYPE

EDITORIAL

ငြိမ်းချမ်းရေးစကား နိုင်ငံအနှံ့ ပွားစေ (Daily, Vol-4/No-228)
ငြိမ်းချမ်းရေး စကားဝိုင်း ခေါင်းစဉ်ဖြင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူငယ်များ စကားဝိုင်းကို ၂၀၁၇ ခုနှစ်သစ်အစ ဇန်နဝါရီလ ၁ ရက်နေ့တွင် ကျင်းပခဲ့ခြင်းသည် သေနတ်သံများ၊ ယမ်းငွေ့များ၊ အမှုအခင်းများဖြင့် ပူလောင်နေခဲ့သော နှစ်ဟောင်းမှ အေးချမ်းသာယာသော နိမိတ်ပုံဖြင့် နှစ်သစ်ကို  မင်္ဂလာရှိစွာ နိဒါန်းအစပျိုးလိုက်ခြင်းဟု ဆိုနိုင်ပေသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လူငယ်များ၏ ငြိမ်းချမ်းရေး စကားဝိုင်းသည် ခေါင်းစဉ်နှင့် လိုက်ဖက်ညီစွာ ငြိမ်းချမ်းရေးနှင့်ဆိုင်သော အကြောင်းအရာများကို မေးမြန်းဆွေးနွေး ပြောဆိုကြခြင်း ဖြစ်သည့်အပြင် တိုင်းရင်းသားလူငယ်အချို့၏ ရဲရင့်သော ဆွေးနွေးချက်များက များစွာ အသိအမှတ်ပြုဖွယ် ကောင်းလှသည်။

ဆွေးနွေးကြသူ လူငယ်များတွင် စစ်ပွဲဖြစ်ပွားနေသော ဒေသမှ စစ်ပွဲတွင် ပါဝင်နေသော တိုင်းရင်းသား လူငယ်များ မတွေ့ရသော်လည်း ယင်းဒေသများ နည်းတူ စစ်ကို မလိုလားသူများချည်း ဖြစ်နေသောကြောင့် ဆွေးနွေးချက် အများစုမှာ လက်ရှိဖြစ်ပေါ်နေသော စစ်ပွဲများကို အမြန်ဆုံး ရပ်တန့်စေလိုသော ဆန္ဒများ တွေ့မြင်ရသည်။
နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တစ်ဦးနှင့် နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေး စကားဝိုင်း ဆွေးနွေးပွဲမျိုးတွင် လိင်တူအခွင့်အရေး ကိစ္စကို တစ်သီးတစ်သန့် ဝင်ရောက်ဆွေးနွေးခြင်းမှာ မည်သည့်နိုင်ငံတွင်မျှ ဤပုံစံမျိုး မရှိသေးခြင်းမှာ စကားဝိုင်း ဆွေးနွေးပွဲ၏ ထူးခြားချက် ဖြစ်သည်။

ငြိမ်းချမ်းရေး စကားဝိုင်း ကျင်းပခြင်း၊ ယင်းစကားဝိုင်းတွင် စစ်ပွဲများ ရပ်တန့်စေလိုကြောင်း အများစု ဆန္ဒပြုခြင်းတို့သည် ယနေ့ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်နှင့် မြို့ကြီးအချို့တွင် ကျင်းပနေသော တရားသောစစ် ထောက်ခံပွဲများနှင့် ဆန့်ကျင်ဘက်သဘော ဆောင်နေပေသည်။ 

ပြည်သူအများစုမှာမူ ဒီမိုကရေစီ နိုင်ငံတော်ရှိ ပြည်သူကိုယ်စားပြု ဒီမိုကရေစီ အစိုးရအောက်ရှိ ပြည်သူ့တပ်မတော်၏ အခန်းကဏ္ဍကို တလေးတစား အသိအမှတ်ပြုကြလင့်ကစား တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်း၊ အပြစ်မဲ့သော ဒေသခံများ သေဆုံးခြင်း၊ အိုးမဲ့၊ အိမ်မဲ့ဖြစ်၍ ထောင်သောင်းချီ ဒုက္ခရောက်ကြခြင်းတို့ကြောင့် တရားသောစစ်ဖြစ်စေ၊ မတရားသောစစ်ဖြစ်စေ စစ်ပွဲတိုင်းကို သဘောမတူ ဆန့်ကျင်ကြသည်။

မကြာမီ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပတော့မည့် ဒုတိယပင်လုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတိုင်မီ ယခုကဲ့သို့ တိုင်းရင်းသားလူငယ်များနှင့် ငြိမ်းချမ်းရေး စကားဝိုင်း ကျင်းပခြင်းသည် ကြိုတင်လေ့ကျင့်သည့် သဘောဟု ဆိုနိုင်သော်လည်း ထိုကဲ့သို့ စကားဝိုင်းများ မကြာခဏ ကျင်းပလာနိုင်ဖွယ် ရှိသော မျှော်လင့်ချက်များ ရှင်သန်စေခဲ့သည်။

အထူးသဖြင့် လက်ရှိစစ်ပွဲများအတွင်း ရောက်ရှိနေသော မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တိုင်းရင်းသား လူငယ်များ ယခုကဲ့သို့ ငြိမ်းချမ်းရေး စကားများ ဝိုင်းဖွဲ့ပြောကြားလိုကြောင်း လူငယ်တို့၏ တောင်းဆိုမှုက စကားဝိုင်း၏ အနှစ်သာရကို ပို၍လေးနက်စေခဲ့သည်။

ထို့နောက် လာမည့် ကာလများအတွင်း နေပြည်တော်တွင် သာမက အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ယခုကဲ့သို့ ငြိမ်းချမ်းရေး စကားဝိုင်းများ ကျင်းပနိုင်ရန်လည်း ရည်ရွယ်ချက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံက ပြောဆိုထားရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းရေး စကားသံများ ကျယ်ပြန့်လာတော့မည့် အလားအလာအဖြစ် မှတ်ယူနိုင်ပေသည်။

ငြိမ်းချမ်းရေး၏ သဘောမှာ စကားပြောဆို ဆွေးနွေးခြင်းမှသည် လက်တွေ့အပစ်အခတ် ရပ်စဲခြင်း၊ အပြန်အလှန် ကိုယ်ချင်းစာမှု၊ နားလည်မှုယူခြင်း၊ အပြန်အလှန် သဘောတူညီမှု၊ ယုံကြည်မှု တည်ဆောက်ခြင်းတို့မှသည် ရေရှည်ခံသော ငြိမ်းချမ်းမှု ရရှိသည်အထိ အဆင့်ဆင့် သွားရလေ့ ရှိသည်။

မည်သို့ပင်ဖြစ်စေ နောက်တစ်ကြိမ် ကျင်းပမည့် ငြိမ်းချမ်းရေး စကားဝိုင်း များတွင် စစ်ပွဲဖြစ်ပွားနေသော ဒေသမှ စစ်ပွဲတွင် မလွှဲမရှောင်သာ ပါဝင်ပတ်သက်နေသော တိုင်းရင်းသားလူငယ်များ၊ ငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် အစဉ်တစိုက် ဆောင်ရွက်လုပ်ကိုင်နေသော လူငယ်များ ပါဝင်လာခြင်းဖြင့် ယခုထက်ပို၍ အသက်ဝင်သော၊ တစ်စုံတစ်ရာ လက်တွေ့ကျသော အဖြေတစ်ခု ရရှိနိုင်သော ငြိမ်းချမ်းရေး စကားဝိုင်းများ ဖြစ်ပေါ်လာစေကြောင်း ယုံကြည်မျှော်လင့်အပ်ပေသည်။

အယ်ဒီတာ (၁-၁-၂၀၁၇)