POST TYPE

EDITORIAL

မင်္ဂလာပါ ၂၀၁၇ (Daily, Vol-4/No-227)
01-Jan-2017 tagged as

နှစ်သစ်တစ်ခု ကူးပြောင်းတဲ့အခါတိုင်း ကျွန်တော်တို့ မြန်မာ လူ့အဖွဲ့အစည်းမှာ ပြောနေကျ “စိတ်သစ်၊ လူသစ်နဲ့ နှစ်သစ်ကို ခရီးဆက်မယ်”ဆိုတဲ့စကားက တကယ်တော့ သေချာ စဉ်းစားကြည့်ရင် အဟောင်းတွေကို ထားခဲ့မယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးလည်း သက်ရောက်တယ်။

ဒီစကားအပေါ်မှာ တခြား လေးနက်တဲ့ အဓိပ္ပာယ်တွေ ကောက်ယူလို့ရပေမယ့် သာမန်အားဖြင့်တော့ စိတ်သစ်၊ လူသစ် ဆိုတာ နှစ်ဟောင်းက ညစ်နွမ်းနေတဲ့ စိတ်နဲ့ ရုပ်ကို နှစ်သစ်မှာ သစ်လွင်တဲ့ အသွင်နဲ့ ခရီး ဆက်မယ်လို့ ဆိုတဲ့သဘောပဲ။

ညစ်နွမ်းတဲ့ စိတ်ဆိုတာ မကောင်းမှု အကုသိုလ်တွေ ဖိစီးထားတဲ့ စိတ်လို့ပြောရင် အဲဒီ ညစ်နွမ်းတဲ့စိတ်ကို သယ်ပိုး ထားရတဲ့အတွက် ရုပ်ဆိုတဲ့ ခန္ဓာကိုယ်ကြီးကလည်း အင်မတန် လေးလံနေခဲ့မှာပေါ့။

နှစ်ဟောင်းကို ပြန်ငဲ့စောင်းကြည့်တဲ့အခါ ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ စိတ်နဲ့ ရုပ်ခန္ဓာမှာ ဘယ်လောက်များ အကုသိုလ် စိတ်တွေနဲ့ ညစ်နွမ်း လေးလံခဲ့သလဲဆိုတာ စေ့စေ့တွေးရင် ရေးရေးပေါ်ဆိုသလို ကိုယ့်ကိုယ်ကိုယ် မညှာမတာ ဆန်းစစ်ကြည့်ရင် ပေါ်တယ်။

ညစ်နွမ်းတဲ့ မကောင်းမှု အကုသိုလ်ဆိုတာ ဖြူစင်တဲ့ ကောင်းမှု ကုသိုလ် စိတ်ထက်ပိုပြီး ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ စိတ်ပြူတင်းပေါက်ဆီကို ခပ်စိပ်စိပ် တံခါးလာခေါက်လေ့ ရှိတတ်တယ်။ 

မကောင်းမှု အကုသိုလ်ဆိုတာ အခါခပ်သိမ်း ငါ အကုသိုလ်ဟေ့ ဆိုပြီး ဘီလူးဆိုင်းတီး ဝင်လာတာမျိုး မဟုတ်ဘဲ တစ်ခါတစ်ရံ သနပ်ခါးလိမ်း ပန်းပန်ပြီး လှလှပပ ရုပ်ဖျက်လာတတ်တော့ ကျွန်တော်တို့ မသိလိုက်တဲ့ အချိန်မှာ အကုသိုလ်က ကျွန်တော်တို့ကို လှည့်စားပြီးသား ဖြစ်နေတတ်တယ်။

ကျွန်တော်တို့ရဲ့ စိတ်ရေခံ မြေခံ ခေါ် စိတ်စွမ်းအင် အနိမ့်အမြင့်အပေါ် မူတည်ပြီး လှည့်စားလို့ လှည့်စားမှန်း မသိဘဲ မကောင်းမှု အကုသိုလ်စိတ်တွေ နေရာရသွားလေ့ ရှိတယ်။

Will Power လို့ခေါ်တဲ့ စိတ်စွမ်းအင်ဆိုတာ ကောင်းမှုနဲ့ မကောင်းမှု၊ ကုသိုလ်နဲ့ အကုသိုလ် ခွဲခြားသိတဲ့အပြင် မကောင်းတဲ့ အကုသိုလ်ကို ရှောင်ပြီး ကောင်းတဲ့ ကုသိုလ်ကို ဆောင်နိုင်တဲ့ စွမ်းအင်မျိုးကို ခေါ်တာ။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့က မကောင်းမှု အကုသိုလ်မှန်း သိနေပေမယ့် စိတ်စွမ်းအင် နိမ့်တဲ့အခါ အဲဒါကို မတွန်းလှန်နိုင်ဘဲ မျောပါသွားမိတတ်တာကိုး။ 

စိတ်စွမ်းအင်ဆိုတာ ကျွန်တော်တို့ အားလုံး လေ့ကျင့် တည်ဆောက်ယူလို့ရပေမယ့် လွယ်တဲ့အလုပ်မျိုး မဟုတ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် စိတ်စွမ်းအင်ချင်း မတူကြတာပေါ့။

စိတ်စွမ်းအင် ခေါင်းစဉ်ရဲ့အောက်မှာ ကိုယ်ကျင့်သီလ၊ စာရိတ္တနဲ့ ကျင့်ဝတ်ဆိုင်ရာ စံနှုန်းတွေကို လိုက်နာခြင်း၊ မလိုက်နာခြင်းလည်း အကျုံးဝင်နေတယ်။ မိမိကိုယ်ကိုယ် ကောင်းအောင်၊ ထူးချွန်အောင် တည်ဆောက်ခြင်းကနေ အစပြုလို့ မိမိပတ်ဝန်းကျင် အလုပ်ခွင်၊ အဖွဲ့အစည်း၊ နယ်ပယ်၊ ဒေသ၊ တိုင်း၊ နိုင်ငံ၊ လူ့အဖွဲ့အစည်း တစ်ခုလုံးကို ကောင်းအောင်၊ ထူးချွန်ဖွံ့ဖြိုးအောင် ဆွဲဆောင်၊ စည်းရုံး၊ တည်ဆောက်နိုင်ခြင်းအထိ အကျုံးဝင်တယ်။

ဒီမိုကရေစီ လူ့ဘောင်ဆိုတဲ့ နိုင်ငံသား အားလုံး ရောက်ချင်၊ လိုချင်တဲ့ ပန်းတိုင်ဆီကို သွားတဲ့အခါ ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ စိတ်အခံတွေက သိပ် အရေးကြီးတယ်။ အထူးသဖြင့် ကျွန်တော်တို့ ကိုယ်တိုင်ပါနေတဲ့ မိသားစု၊ အဖွဲ့အစည်း၊ ပတ်ဝန်းကျင်ကစလို့ ဒီမိုကရေစီ အခြေခံကျင့်ဝတ်နဲ့ ဒီမိုကရေစီ စံနှုန်းတွေကို ကျွန်တော်တို့ ကိုယ်တိုင် လေးစားလိုက်နာပြဖို့ လိုတယ်။

အဲဒီအတွက် ညစ်နွမ်းစေတဲ့ မကောင်းတဲ့ အကုသိုလ် အတွေးတွေ၊ အာဏာရှင်စိတ်တွေ၊ ကြီးနိုင်ငယ်ညှဉ်းတွေ၊ မနာလို ဝန်တိုစိတ်တွေ၊ အပြစ်တင် အဆိုးအမြင်တွေ၊ အပုပ်ချ လုပ်ကြံမှုတွေ၊ ခွဲခြား ဆက်ဆံမှုတွေ၊ အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေထဲကနေ ရုန်းထွက်ပြီး အေးမြဖြူစင်တဲ့ ကောင်းမှု ကုသိုလ်စိတ်တွေ မွေးမြူ ဆောင်ကြဉ်းထားတဲ့ စိတ်နဲ့ မင်္ဂလာပါ ၂၀၁၇ လို့ ရွှင်လန်း အေးချမ်းစွာ နှုတ်ခွန်းဆက်နိုင်ကြစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါရစေ။

အယ်ဒီတာ (၃၁-၁၂-၂၀၁၆)

  • TAGS