News

POST TYPE

EDITORIAL

ပိုကောင်းသော အနာဂတ်သို့ (Weekly, Vol-12/No-49)
31-Dec-2016 tagged as

နှစ်သစ်တစ်ခု ကူးပြောင်းသည့်အခါတိုင်း အနာဂတ်ကို ရွှင်လန်း ဝမ်းမြောက်စွာ ကြိုဆိုအပ်သလို အတိတ်တွင် ဖြတ်သန်းလာခဲ့သော အတွေ့အကြုံများ၊ အပြောင်းအလဲများထံမှလည်း အဆိုး၊ အကောင်း သင်ခန်းစာများ ထုတ်နုတ်ကာ ဆောင်သင့်၊ ရှောင်သင့်သည်များကို သတိပြု ဆင်ခြင်သင့်ပေသည်။

အတိတ် သင်ခန်းစာများကို မူတည်ကာ ပို၍ကောင်းမွန်သော၊ ပို၍  ငြိမ်းချမ်းသော ပစ္စုပ္ပန်နှင့် အနာဂတ်ကို တည်ဆောက် ပြုပြင်နိုင်သည်ဖြစ်ရာ အရေးအကြီးဆုံး အချက်မှာ အတိတ်ဖြစ်ရပ်များထံမှ သင်ခန်းစာ ယူတတ်ရန်နှင့် အဆိုး၊ အကောင်း၊ အဓိက၊ သာမည ခွဲခြားတတ်ရန် ဖြစ်သည်။

ထိုအတွက် အတိတ်ကို ပြန်ကြည့်ရာတွင် ဆန္ဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ပါတီ၊ အဖွဲ့အစည်းစွဲ၊ ၀ါဒစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ကိုးကွယ် ယုံကြည်မှု အစွဲတို့ တတ်နိုင်သမျှ ကင်းစင်နိုင်မှသာ ပကတိ အခြေအနေမှန်ကို ထင်ရှား ပြတ်သားစွာ တွေ့နိုင်ပြီး မည်သည့် အချက်များကို သင်ခန်းစာ ယူရမည်ကို သိမြင်နိုင်ပေသည်။

သို့သော် အတ္တကို အခြေခံသော လူသားတို့ဖြစ်သောကြောင့်  အထက်ဆိုခဲ့ပါ အစွဲများ ရှိသင့်သလောက် ရှိနိုင်ပေရာ ထိုအစွဲများနှင့် တတ်နိုင်သမျှ လွတ်ကင်းစွာ ရှုမြင် သုံးသပ်ထားသည့် ပညာရှင်များ၊ ဝေဖန်ဆန်းစစ်သူများ၊ ပရော်ဖက်ရှင်နယ် သတင်းမီဒီယာများ၏ ဝေဖန်၊  ထောက်ပြ၊ အကြံပြုချက်များက အထူး အရေးကြီးသော နေရာတွင်  ရှိပေသည်။

မြန်မာနိုင်ငံ၏ ၂၀၁၆ ခုနှစ်အတွင်း ဖြတ်သန်း ရင်ဆိုင်လာခဲ့သည့် ဖြစ်ရပ် များစွာကိုကြည့်လျှင် လူထုက ရွေးကောက် တင်မြှောက်သော ပြည်သူ့ကိုယ်စားလှယ် အများစု ပါဝင်သည့် လွှတ်တော်နှင့် အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ခြင်းမှာ အကြီးမားဆုံး အပြောင်းအလဲ ဖြစ်သည်။

သို့သော် အစိုးရမဖြစ်မီ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော်အတွင်း ဝင်ရောက်ခဲ့စဉ်မှစတင်၍ အစိုးရ တစ်ရပ်၏ အုပ်ချုပ်၊ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်များ ကြိုတင် လေ့ကျင့်ပြင်ဆင်မှု အားနည်းခဲ့သည့် အကျိုးဆက်ကို ယနေ့ ရင်ဆိုင်နေရခြင်း ဖြစ်သည်။

အချစ်လွန်ခြင်းနှင့် အမုန်းအားကြီးခြင်း ခံစားချက်တို့ ရောပြွန်းနေသော ပြည်သူလူထု အများစုကမူ ယနေ့အချိန်အထိ အရာရာတိုင်းကို ခွင့်လွှတ်၊ နားလည်၊ သည်းခံ စောင့်စားပေးကာ  ၎င်းတို့၏ ကြီးမားလှသော မျှော်လင့်ချက်ကို ယနေ့ အချိန်အထိ ကိုင်စွဲထားနေဆဲ အခြေအနေသည်ပင်လျှင် များစွာ အပေါင်းလက္ခဏာ ဆောင်နေပေသည်။

သို့သော် ပြည်သူအများစု၏ ကြည်ညို၊ လေးစား၊ ချစ်ခင်စိတ်ဖြင့် ခွင့်လွှတ် သည်းခံခြင်းကို အခွင့်ကောင်းယူကာ ပြည်သူများ မနှစ်သက်သော၊ မုန်းတီးသော အတိတ်ကာလ အာဏာရှင်စနစ်၏ စရိုက်ဟောင်း၊ ပုံစံဟောင်း၊ လက္ခဏာဟောင်းများဖြင့် ပြည်သူလူထုကို ဆက်ဆံပြုမူလာခြင်းမျိုးကိုမူ အထူး သတိပြု ရှောင်ရှားသင့်လှသည်။

ဖွံ့ဖြိုးမှု နိမ့်ပါးနေသောကြောင့် အရာရာ နီးပါး အခြားနိုင်ငံများထက် နောက်ကျနေသော နိုင်ငံများ၏ အားသာချက်မှာ အခြားနိုင်ငံများ အတိတ်က မှားခဲ့သည်များကို သင်ခန်းစာယူ ရှောင်ရှားနိုင်ပြီး အခြားနိုင်ငံများ အတိတ်က အောင်မြင်ခဲ့သည့် နည်းနာများကို အတုယူ၊ ဆောင်ကြဉ်းနိုင်သော အခွင့်အလမ်း ရှိနေခြင်း ဖြစ်သည်။

ယင်းအချက်ကို အခြေခံကာ အခြားနိုင်ငံများထံမှ သင်ခန်းစာများ သာမက မိမိတို့နိုင်ငံ၏ အတိတ်က ပါလီမန် ဒီမိုကရေစီခေတ်၊ တစ်ပါတီ အာဏာရှင်ခေတ်နှင့် စစ်အာဏာရှင်ခေတ်၊ အရပ်သားတစ်ပိုင်း အစိုးရခေတ်တို့တွင် မှားခဲ့သော အမှားများ၊ အောင်မြင်မှုများထံမှလည်း သင်ခန်းစာယူ၊ အတု ယူတတ်ရန် လိုပေသည်။

မော်တော်ယာဉ် တစ်စီးနှင့်တူသော နိုင်ငံကို ဦးဆောင် မောင်းနှင်သည့် အစိုးရတို့ အနေနှင့် အတိတ်ကာလမှ သင်ခန်းစာများကို ဆင်ခြင်ခြင်းအားဖြင့်လည်းကောင်း၊ ပညာရှင်၊ ပရော်ဖက်ရှင်နယ်များ၏ ဝေဖန်၊ ထောက်ပြ၊ အကြံပြုချက်များကို ပုဂ္ဂိုလ်ရေး ခံစားချက်ဘေးဖယ်ကာ နိုင်ငံနှင့် ပြည်သူအတွက် ယူသင့်သည်ကိုယူ၊ ပယ်သင့်သည်ကို ပယ်ခြင်းအားဖြင့်လည်းကောင်း ပို၍ကောင်းသော ပစ္စုပ္ပန်နှင့် အနာဂတ်ကို တည်ဆောက်နိုင်ကြောင်း သိစေလိုရင်း ဖြစ်သည်။ 

အယ်ဒီတာ (၂၈-၁၂-၂၀၁၆)

  • TAGS