News

POST TYPE

EDITORIAL

တာဝန်မဲ့ ကြော်ငြာများ
29-Dec-2016 tagged as

ကြော်ငြာဆိုသော မြန်မာစကားလုံး၏ အဓိပ္ပာယ်မှာ လူသိများစေရန်၊ နေရာများများသို့ ပျံ့နှံ့ ရောက်ရှိစေရန် ကြေညာမောင်းခတ်သည့် သဘောကို ဆိုလိုခြင်း ဖြစ်သည်။

စီးပွားရေး နယ်ပယ်တွင် ယင်းသဘောတရားကို တရားဝင် ကျယ်ပြန့်စွာ အသုံးပြုကြပြီး အခြားနယ်ပယ် အများစုတွင် ယင်းသဘောတရားကို ပုံစံ အမျိုးမျိုးဖြင့် ကျင့်သုံးလျက် ရှိကြသည်။

နိုင်ငံတော်နှင့် နိုင်ငံသားများနှင့် နိုင်ငံတော်၏ စီမံခန့်ခွဲ အုပ်ချုပ်မှု အားလုံးကို ဥပဒေနှင့်အညီ ရွေးကောက် တင်မြှောက်ထားသော အာဏာ သုံးရပ်က ဥပဒေဖြင့် ထိန်းကွပ် ကြပ်မတ်ထားပြီး နိုင်ငံသား အများစုက ဥပဒေကို လေးစား လိုက်နာသည့် နိုင်ငံများတွင် ကြော်ငြာများလည်း ဥပဒေနှင့်အညီ ဖြစ်ရသည်။

ဥပဒေကို လိုလျှင် လိုသလို၊ မလိုလျှင် မလိုသလို ကိုင်စွဲ၊ လျစ်လျူရှု၊ ကျော်လွှား၊ မထေမဲ့မြင်ပြု၊ အလွဲသုံးစားခဲ့ခြင်းကြောင့် ဥပဒေ စိုးမိုးမှု မရှိခဲ့သော နိုင်ငံတို့တွင်မူ ကြော်ငြာများသည် “ကျော်”အောင် “ညာ”နေကြခြင်းဟု အများစုက သဘောပေါက်ထားကြသည်။

ထိုသို့ သဘောပေါက်ရလောက်အောင်ပင် ကြော်ငြာ အများစုမှာ လက်တွေ့ အခြေအနေနှင့် များစွာ ကွာဟလွန်းခြင်း၊ ဖြစ်နိုင်ခြေ နည်းပါးခြင်း၊ ယုတ္တိ မတန်ခြင်း၊ လွန်လွန်ကဲကဲ အမွှန်းတင်ထားခြင်း ကဲ့သို့ အခြေအနေများချည်း ဖြစ်နေပေသည်။

ယနေ့ မြန်မာနိုင်ငံတွင် မီဒီယာမျိုးစုံမှတစ်ဆင့် လူသုံးကုန်၊ စားသောက်ကုန်၊ အလှကုန်နှင့် ဆေးဝါးပစ္စည်းပေါင်း များစွာ၏ ကြော်ငြာများ မတွေ့ချင် မမြင်ချင်မှအဆုံး နေရာအနှံ့၊ အချိန်တိုင်းနီးပါး တွေ့မြင်နေရသည်။

ထိုကြော်ငြာများ၏ ကိုးဆယ် ရာခိုင်နှုန်းခန့်မှာ ရှိနေသော ပကတိ အခြေအနေထက် လွန်ကဲစွာ ညွှန်းဆိုထားခြင်းကြောင့် နှစ်များစွာ တံခါးပိတ်ခဲ့ပြီး အာဏာရှင်စနစ် ကျင့်သုံးခဲ့သောကြောင့် အရာရာ ခေတ်နောက်ကျနေသော မြန်မာ့လူမှု ပတ်ဝန်းကျင်တွင် နောက်ဆက်တွဲ ဘေးအကျိုးဆက်ပေါင်း များစွာ ကြုံတွေ့နေရပေသည်။

စိုက်ပျိုးရေး လုပ်ငန်းသုံး ပိုးသတ်ဆေးများကြောင့် စိုက်ထားသည့် သီးနှံပင်များ နေ့ချင်းညချင်း ကြီးထွား ဖွံ့ဖြိုးသွားမတတ်၊ ချမ်းသာ ကြွယ်ဝသွားမတတ် ဆွဲဆောင်ထားသည့် ကြော်ငြာများ၊ အားဆေးကြောင့် ဉာဏ်ပညာ ထူးချွန်ထက်မြက်သွား၊ ချက်ချင်း အရပ်ရှည်ထွက်သွားသယောင် ကြော်ငြာများ ဖော်ပြ၊ ထုတ်လွှင့်နေခြင်းမှာ များစွာ အံ့အားသင့်ဖွယ် ဖြစ်သည်။

အထက်တွင် ဥပမာ ပေးထားသည့် ကြော်ငြာမျိုးများသည် ပညာရေး ရေချိန် နိမ့်ကာ စဉ်းစားချင့်ချိန်နိုင်စွမ်း နည်းပါးသူများကို အလွယ်တကူ ဆွဲဆောင်သွားနိုင်သောကြောင့် မည်သည့်နိုင်ငံတွင်မဆို အစိုးရက ဥပဒေဖြင့် ထိန်းသိမ်း ကြီးကြပ်ကြရသည်။

ဥပဒေဖြင့် ထိန်းသိမ်း ကြီးကြပ်ခြင်းဟု ဆိုရာတွင်လည်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးခြင်းသာ ဖြစ်သည့်အတွက် ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ချိ ရောင်းချမည့် မည်သည့် ကုန်ပစ္စည်းကိုမဆို နိုင်ငံတော် စံချိန်စံညွှန်းများ သတ်မှတ်ခြင်း၊ ယင်းစံချိန်စံညွှန်းများနှင့် တိုက်ဆိုင် စစ်ဆေးခြင်း၊ စံချိန်စံညွှန်းများအတိုင်း မလိုက်နာပါက အရေးယူ ပိတ်ပင်ခြင်းတို့ကို ဆိုလိုသည်။

သို့သော် ယနေ့အချိန်ထိပင် စည်းလွတ်ဝါးလွတ်၊ လွန်လွန်ကဲကဲ ကြော်ငြာ အများအပြား မီဒီယာမျိုးစုံတွင် ထုတ်လွှင့်၊ ဖော်ပြ၊ တင်ဆက်နေဆဲ ဖြစ်ပြီး ထိုကြော်ငြာများကြောင့် မြန်မာ စားသုံးသူ ပြည်သူများ ဒုက္ခရောက် ဘေးတွေ့နေရခြင်းသည် ၎င်းတို့ကို စီစဉ် ထုတ်လုပ်ထားသူများ သာမက ၎င်းတို့အား စံချိန်စံညွှန်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်း မရှိဘဲ ခွင့်ပြုထားသူများ၏ တာဝန် ပျက်ကွက်မှု၊ တာဝန်မဲ့မှုကြောင့်ဖြစ်ကြောင်း သိစေအပ်ပေသည်။

အယ်ဒီတာ(၂၉-၁၂-၂ဝ၁၆)

  • TAGS