News

POST TYPE

EDITORIAL

ဖိအားပေး၊ သွေးတိုးစမ်းမှုများကို လှပစွာတုံ့ပြန်ပါ (Weekly, Vol-12/No-48)
23-Dec-2016
ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ခြိမ်းခြောက်မှုနှင့် တိုက်ပွဲများက လက်ရှိ အစိုးရကို  သွေးတိုးစမ်းနေခြင်းလော သို့မဟုတ် အစိုးရသစ်၏ စီမံခန့်ခွဲနိုင်စွမ်းကို စိန်ခေါ်နေခြင်းလော သို့မဟုတ် အကျပ်အတည်း ဖြစ်သွားစေရန် ဖိအားပေးနေခြင်းလောဟု မေးခွန်း ထုတ်စရာ ဖြစ်လာသည်။

ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဘင်္ဂါလီ အကြမ်းဖက် ကိစ္စသည် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူများ၊ မွတ်ဆလင် ညီအစ်ကိုတော် သွေးစည်းညီညွတ်မှုကို အထိုင်ပြုထားသော မွတ်ဆလင်နိုင်ငံများ၏ ဘာသာရေးနှင့်  ရွှေ့ပြောင်း အခြေချနေထိုင်ခြင်း ပြဿနာ မကွဲပြားမှု၊ လူ့အခွင့်အရေး ခေါင်းစဉ်အောက်မှ ဇာတ်နာသည့်အသွင် ဖန်တီးထားသော အငြင်းပွားဖွယ် သတင်းများကြောင့် ကိုင်တွယ်ရခက်ခဲမည့် ပြဿနာဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ဒေသတွင် ဖြစ်ပေါ်နေသော တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် လေးဖွဲ့တို့အကြား တိုက်ပွဲများမှာလည်း လာမည့်နှစ် ဖေဖော်ဝါရီလတွင် ကျင်းပတော့မည့် ၂၁ ရာစု ပင်လုံခေါ် ငြိမ်းချမ်းရေး ညီလာခံ သို့မဟုတ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး တစ်ခုလုံးကို ထိခိုက်မှု ရှိသွားနိုင်သည့်အတွက် အစိုးရက အထူး ဂရုစိုက် စောင့်ကြည့်နေရသည့်သဘော ရှိပေသည်။

မြေပြင်တွင် လက်တွေ့ ထိပ်တိုက် တွေ့နေသော ရခိုင်ဒေသ ဘင်္ဂါလီ ပြဿနာနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတိုက်ပွဲများအပြင် မီဒီယာ မျိုးစုံမှ ဝါဒ ဖြန့်မှုများနှင့် ပြည်တွင်းမှ အမှုအခင်းများ မြင့်တက်သယောင် ဖြစ်နေခြင်း၊ အသေးစား ဗုံးလန့်မှု၊ ပေါက်ကွဲမှုကဲ့သို့ ပြဿနာများလည်း ရှိနေရသည့်အတွက် အစိုးရသစ်မှာ စစ်မျက်နှာ သုံးခုခန့် တစ်ပြိုင်တည်း ရင်ဆိုင်နေရ သကဲ့သို့ ဖြစ်နေပေသည်။

ယနေ့ ရင်ဆိုင်နေရသော ပြဿနာ အခက်အခဲများအပေါ် အစိုးရ၏ ကိုင်တွယ် စီမံခန့်ခွဲမှုများ လိုအပ်ချက် ရှိသင့်သလောက် ရှိသော်လည်း ယနေ့ အချိန်အထိ အမှားအယွင်း မရှိသေးပေ။ သို့သော် အချိန်နှင့်တစ်ပြေးညီ သတင်း ထုတ်ပြန်မှု၊ ပီအာခေါ် လူထုဆက်ဆံ၊ ဆက်သွယ်ရေး လုပ်ငန်းတို့တွင်မူ တစ်ပန်း ရှုံးနေပေသည်။

ရိုဟင်ဂျာဟု ခေါင်းစဉ် တပ်ထားသည့် ဘင်္ဂါလီအရေး ကိစ္စကိုကြည့်လျှင် ဘင်္ဂါလီများဘက်တွင် နိုင်ငံတကာ မီဒီယာအဖွဲ့ အစည်းများ တစ်နည်းအားဖြင့် နိုင်ငံတကာ လူ့အဖွဲ့အစည်းများ သည်းခြေကြိုက် ဖြစ်စေမည့် အကြောင်းအရာ၊ သတင်း အချက်အလက်များကို ကြိုတင်ပြင်ဆင်၊ ဖန်တီးကာ လျင်လျင်မြန်မြန် ဝါဒဖြန့်ချိနိုင်သော်လည်း မြန်မာ အစိုးရနှင့် တပ်မတော်တို့၏ သတင်းထုတ် ပြန်ပုံမှာ အားရစရာ မရှိလှပေ။

ထို့အတူ ရှမ်းပြည် မြောက်ပိုင်း တိုက်ပွဲများနှင့် ပတ်သက်လျှင်လည်း မူလကပင် မီဒီယာနှင့် ဆက်ဆံရေး ကောင်းမွန်စေရန် ပြောရေးဆိုခွင့်ရှိသူများကို သတင်း မီဒီယာများနှင့် ပုံမှန်ထိတွေ့၊ သတင်း ထုတ်ပြန်ထားသော တိုင်းရင်းသား လက်နက်ကိုင်များနှင့် သတင်း မီဒီယာများကို ယုံကြည်မှု အားနည်းနေသေးသည့် အသွင် ဆောင်နေသော အစိုးရနှင့် တပ်မတော်တို့မှာတူ သတင်း ထိန်းချုပ်ခြင်း၊ နှောင့်နှေးခြင်း၊ ပုံစံခွက်ဆန်သော သတင်းများသာ ပုံစံအဟောင်းအတိုင်း ထုတ်ပြန်နေခြင်းတို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် တစ်ပန်း ရှုံးနေပေသည်။

ထိုအခြေအနေကို ပြုပြင်ရန်မှာ ယင်းပြဿနာ နှစ်ရပ်နှင့် ပတ်သက်၍ ပြည်သူလူထုနှင့် နိုင်ငံတကာက သိသင့် သိထိုက်သော သတင်းများကို အခြေအနေ အမှန်အတိုင်း အချိန်မဆိုင်း ထုတ်ပြန် အသိပေးခြင်း၊ အခါအားလျော်စွာ သို့မဟုတ် အရေးကြီး အခြေအနေအပေါ် မူတည်ကာ ပြည်တွင်း၊ ပြည်ပ သတင်း မီဒီယာများကို ဖိတ်ခေါ်ပြီး သတင်းစာ ရှင်းလင်းပွဲများ ခပ်စိပ်စိပ် ပြုလုပ်ပေးခြင်းတို့ဖြင့် ပီအာ ကျွမ်းကျင်မှု ရှိလျှင်ရှိသလို ဖိအား ပေးမှုများ၊ စိန်ခေါ်မှုများ၊ သွေးတိုးစမ်းမှုများကို လှပစွာ တုံ့ပြန်နိုင်ကြောင်း...။

ယခုတစ်ပတ် မျက်နှာဖုံး ဆောင်းပါးပါ အကြောင်းအရာနှင့် ထပ်တူကျ နေဆဲဖြစ်သောကြောင့် ၃-၁၂-၂ဝ၁၆ ရက်နေ့ထုတ် The Voice Weekly တွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော် ကို ထပ်မံဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။

အယ်ဒီတာ (၃၀-၁၁-၂၀၁၆)


  • VIA