News

POST TYPE

EDITORIAL

ဒေါ်လာဈေး၊ စီးပွားရေးမူဝါဒနှင့် ဈေးကွက်ယုံကြည်မှု (Daily, Vol-4/No-216)
18-Dec-2016
ဆက်တိုက် မြင့်တက်နေသော အမေရိကန် ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲနှုန်းသည် ယနေ့ ၁၄၂၅ ကျပ်အထိ မြင့်တက်သွားခဲ့ရာ ကုန်ခဲ့သည့် ၁၆ နှစ်အတွင်း အမြင့်မားဆုံး စံချိန် ဖြစ်သွားခဲ့ခြင်းသည် တစ်နည်းအားဖြင့် ကျပ်ငွေတန်ဖိုး ဦးစိုက် ဆင်းနေခြင်းဟု ဆိုနိုင်သည်။

ဗဟိုဘဏ် သတ်မှတ် ပေါက်ဈေးမှာ တစ်ဒေါ်လာလျှင် ၁၃၆၅ ကျပ်သာ ရှိသော်လည်း ယင်းဈေးဖြင့် ဝယ်၍မရဘဲ ပြင်ပတွင် ကျပ် ၁၄ဝဝ ကျော်သွားသည့်အတွက် ပုဂ္ဂလိက ဘဏ်များ၏ ငွေလဲကောင်တာများတွင် ဒေါ်လာငွေ အရောင်းပင် ရပ်ထားလိုက်ကြပြီး ပြည်ပ ခရီး သွားလို၍ အရေးပေါ် ဒေါ်လာ လိုအပ်သူများပင် လေဆိပ်ရှိ ပုဂ္ဂလိက ဘဏ်ကောင်တာများတွင် ဝယ်ယူ၍ မရတော့ပေ။

ပုံမှန်အားဖြင့် ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း သို့မဟုတ် ဒေါ်လာငွေလဲနှုန်း မြင့်မားနေခြင်းမှာ ပြည်ပ ကုန်သွယ်ရေး လိုငွေပြခြင်း၊ အစိုးရ၏ ဘတ်ဂျက်ခေါ် အရအသုံးမှန်းခြေ ငွေစာရင်း လိုငွေ များပြားခြင်း၊ ငွေကြေး ဖောင်းပွမှုနှုန်း မြင့်မားခြင်းတို့ကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ကုန်သွယ်ဖက်နိုင်ငံများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ၊ ပြည်ပနှင့် ဆက်သွယ် ဆောင်ရွက်နေသော ပြည်တွင်း အခြေစိုက် ဝန်ဆောင်မှု လုပ်ငန်း များစွာနှင့် သိန်းနှင့်ချီသော မော်တော်ယာဉ်များ၏ လောင်စာဆီ လိုအပ်ချက် ဖြည့်ဆည်းရေးအတွက် ဒေါ်လာငွေ လိုအပ်ချက် မြင့်မားနေခြင်းကလည်း ဒေါ်လာဈေး တရိပ်ရိပ် သွားစေသော အကြောင်းအရင်း တစ်ခုဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံသား သန်း လေးဆယ်နီးပါး နေ့စဉ် အချိန်နှင့်အမျှ ဆာလောင် မွတ်သိပ်စွာ အသုံးပြုနေသော မိုဘိုင်းလ် ဖုန်းများ၏ ဖုန်းပြောဆိုချိန် ကျသင့်ငွေ ကျပ်သန်းပေါင်း များစွာသည် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုဖြင့် လည်ပတ်နေသော ဖုန်းကုမ္ပဏီ သုံးခုထံ ကျပ်ငွေဖြင့် ဝင်သွားပြီး ဒေါ်လာငွေဖြင့် လဲလှယ်နေခြင်းကလည်း ဒေါ်လာဈေး တက်သွားစေနိုင်သည့် အကြောင်း တစ်ချက်ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း မြန်မာနိုင်ငံသည် ယနေ့အချိန်အထိ ကမ္ဘာပေါ်တွင် ဒုတိယမြောက် ဘိန်းစိုက်ပျိုးထွက်ရှိမှု အများဆုံးနှင့် စိတ်ကြွဆေး အများအပြား ထုတ်လုပ် ဖြန့်ချိနေသော နိုင်ငံဖြစ်သည့်အတွက် ယင်းတို့ကို လက်ရှိ အစိုးရလက်ထက်တွင် ဖမ်းဆီး ကြပ်မတ်မှုများ ဆောင်ရွက်လာခြင်းကြောင့် မူးယစ်ဆေးဝါးမှ ငွေပေါ်မလာခြင်းကလည်း အကြောင်း တစ်ချက်ဖြစ်နိုင်ကြောင်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်။

ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့် တပ်မတော်အတွက် လိုအပ်သော ခေတ်မီ လက်နက်နှင့် ယာဉ်ယန္တရားများ ဝယ်ယူရန် ဒေါ်လာငွေ အမျာအပြား သုံးစွဲလိုက်ခြင်းကလည်း လက်ရှိ ဈေးကွက်အပေါ် အတိုင်းအတာ တစ်ခုအထိ သက်ရောက်မှု ရှိနေပေသည်။

မြန်မာနိုင်ငံ၏ လက်ရှိ ဒေါ်လာပေါက်ဈေး ဤမျှအထိ မြင့်မားနေခြင်းကို ထိန်းညှိရန် တိုက်ရိုက် သို့မဟုတ် အဓိက တာဝန်ရှိသူမှာ ဗဟိုဘဏ် ဖြစ်သော်လည်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ထံတွင်လည်း တာဝန် ရှိပေသည်။

သို့သော် ယနေ့အချိန်အထိ ဗဟိုဘဏ်အပြင် အဆိုပါ ဝန်ကြီးဌာန နှစ်ခု စလုံးက ဈေးကွက်အတွင်း ထိန်းမနိုင် သိမ်းမရ တစ်ဟုန်ထိုး တက်နေသော ဒေါ်လာဈေးနှင့် ကျပ်ငွေတန်ဖိုး ကျနေခြင်းကို ဈေးကွက်နည်းဖြင့် ထိန်းညှိရန် တစ်စုံတစ်ရာ ဆောင်ရွက်မှု မတွေ့ရသေးပေ။

လက်ရှိအစိုးရ၏ ဦးတည်ချက်နှင့် ရည်မှန်းချက် ဆန်သော စီးပွားရေး မူဝါဒများတွင် စီးပွားရေး ဖွံ့ဖြိုးလာစေမည့် ရေတို၊ ရေရှည် အကောင်အထည် ဖော်နိုင်မည့် အသေးစိတ် စီမံကိန်း၊ စီမံချက် အရိပ်အယောင်များ မတွေ့ရသေးသည့်အပြင် လက်ရှိ ဒေါ်လာဈေး မထိန်းနိုင်ခြင်းကလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စောင့်ကြည့်အဆင့်သာ တန့်နေစေပြီး ဝင်ရောက်မလာနိုင်ဘဲ ပြည်တွင်းစီးပွားရေး လုပ်ငန်းများမှာလည်း တုံ့နှေးလျက် ရှိသည်။

စင်စစ်အားဖြင့် မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေးဈေးကွက် အခြေအနေအရ ဒေါ်လာငွေ လိုအပ်ချက် သို့မဟုတ် အလုံးအရင်းဖြင့် ဝယ်ယူနိုင်ခြေ ရှိသော လုပ်ငန်းများနှင့် လုပ်ငန်းရှင်များကို အလွယ်တကူ ခန့်မှန်းနိုင်ပြီး ယင်းတို့ကို ဥပဒေနှင့်အညီ ကြီးကြပ်ရန်၊ ဈေးကွက် အခြေအနေနှင့်အညီ ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ မူဝါဒ လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်ရန်၊ ဗဟိုဘဏ်က ဝင်ရောက် ထိန်းညှိရန် စသော တာဝန်များ ပျက်ကွက်နေပါက ဒေါ်လာဈေး မြင့်မားမှုကို မထိန်းသိမ်းနိုင်ဘဲ ဈေးကွက်အပေါ် ယုံကြည်မှု ပျက်ပြားကာ အထွေထွေ အကျပ်အတည်းဆီသို့ ဆိုက်ရောက်သွားနိုင်ကြောင်း သိစေလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၁၈-၁၂-၂ဝ၁၆)

(ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်နေ့ထုတ် သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့ အာဘော်ကို အနည်းငယ် ပြင်ဆင်၍ ပြန်လည် ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။)


  • VIA