News

POST TYPE

EDITORIAL

ဆွေမျိုးအပေါ် ကောင်းပြမှ သံတမန်ကောင်း မည်ပါသည်
11-Jan-2021


ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကိစ္စကို ကူညီပံ့ပိုးနေသော မြန်မာသံရုံးဝန်ထမ်းများအား နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က စာတစ်စောင်ပေးပို့ပြီး ကျေးဇူးတင်ချီးမွမ်းစကားပြောဆိုရာတွင် မိမိနိုင်ငံသားများကို ပံ့ပိုးကူညီခြင်းသည် နိုင်ငံဂုဏ်သိက္ခာမြင့်တက်အောင် လုပ်ဆောင်ပေးခြင်းဖြစ်သည်ဟု ထည့်သွင်းပြောဆိုသွားကြောင်း ကြားသိရပါသည်။ 

 မြန်မာအလုပ်သမားများအပါအဝင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအခြေချလာသူ ၃ သန်းကျော်ခန့်ရှိသည့်ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများနှင့်ပတ်သက် သော ပြဿနာမှာ အမြဲပင်တစေရှိနေခဲ့သော်လည်း ယခုလို ကပ်ရောဂါကာလတွင်မူ အခက်အခဲများ၊ ပြဿနာများ ပို၍များပြားနေမည်မှာ သေချာပါသည်။ 

တကယ်တော့ ယခုကိစ္စကို စိတ်ဝင်စားမိရခြင်းမှာ ထိုင်းရောက်မြန်မာ လုပ်သားများကိစ္စထက် မြန်မာသံရုံးနှင့်ပတ်သက်ပြီး ကြားရသောဂုဏ်သတင်းတစ်ရပ်ကြောင့်ဖြစ်သည်ဟုဆိုလျှင်ပိုမှန်ပါမည်။ 

အားလုံးသိပြီးသားအတိုင်း ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအခြေချနေထိုင်သည့် မြန်မာ ၃ သန်းကျော်ရှိပြီး တစ်ချိန်တစ်ခါက (ယခင်ခေတ်အဆက်ဆက်က) ၎င်းတို့အများစုမှာ အလုပ်ရှင်-အလုပ်သမားပြဿနာအပါအဝင် လူမှုစီးပွား ပြဿနာများကို ဖြေရှင်းရာတွင်  ပရဟိတအသင်း၊ လူမှုရေးအဖွဲ့အစည်းများနှင့် အန်ဂျီအိုအချို့၏ အကူအညီကိုသာ ရယူခဲ့ကြရသည်ကများပါသည်။ 

အထူးသဖြင့် တစ်ခေတ်တစ်ခါက ထိုင်းနိုင်ငံသို့ အောက်လမ်းဟု ခေါ်သည့် နယ်စပ်ဒေသမှသွားရောက်ကာ အလုပ်လုပ်ကိုင်ကြသည့် မြန်မာတို့အနေနှင့် မြန်မာသံရုံး၏ အကူအညီရရန်မှာ ထီသိန်းဆုကြီးပေါက်ရန်မျှော်မှန်းသည်ထက်ပင် ခက်ခဲလှသည်ကို မြန်မာအလုပ်သမားများထံမှ မကြာခဏဆိုသလို ကြားခဲ့ရပါသည်။ 

ထိုစဉ်က ထိုင်းနိုင်ငံရောက် မြန်မာအချို့ဆိုလျှင် မိမိတိုင်းပြည်၏ အကူအညီ မရဘဲ အခြားအဖွဲ့အစည်းများ၏ အကူအညီရယူနေရခြင်းကို 'အမိမရှိသည့်ငါး ရေနည်းငါး' ပမာပြု၍ ပြောဆိုခဲ့ကြပေသည်။ မိမိတိုင်းပြည်က အရေးတယူပြု စောင့်ရှောက်ခြင်းမရှိသူများအနေနှင့် နိုင်ငံခြားသားများ၏ ဖိနှိပ်မှု၊ ခေါင်းပုံဖြတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရင်ဆိုင်ရနိုင်ခြေလည်းပိုများမည်သာဖြစ်သည်။ 

ဤကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံရောက်နေသည်ဖြစ်စေ မည်သူမဆို လူသားမှန်လျှင်မိမိနိုင်ငံ၏ နိုင်ငံတော်အလံတရားဝင်လွှင့်ထူခွင့်ရထားသည့် နေရာ ဌာန၏ အရေးတယူပြုဆက်ဆံခံရခြင်းမျိုးသာကြုံတွေ့လိုကြသူချည်းသာဖြစ်မည် ဟုထင်ပါသည်။ ပြည်ပတွင် အကူအညီမဲ့နေချိန် မိမိနိုင်ငံသံရုံးက ပေးသော အကူအညီသည် မည်မျှအဖိုးတန်သည်ကို ပြည်ပရောက်ကာ အခက်ကြုံရသူတိုင်း နားလည်ကြပါသည်။ 

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသူ၊ နေထိုင်လျက်ရှိသူ မြန်မာများထဲတွင် ပြည်ထောင်စုတိုင်းရင်းသားများစွာလည်းပါဝင်ပေရာ မြန်မာသံရုံး၏ အကူအညီ သည် နိုင်ငံ့ဂုဏ်သိက္ခာမြှင့်တင်ပေးရုံတင်သာမက ကျွန်ုပ်တို့၏ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက်လည်း အထောက်အပံ့များစွာရရှိမည်မှာ အသေအချာပင် ဖြစ်ကြောင်း ပြောလိုရင်းဖြစ်ပါသည်။ 

အယ်ဒီတာ  ( ၁၁ - ၁ - ၂၀၂၁ )