News

POST TYPE

EDITORIAL

ဒီမိုကရေစီ ချန်ပီယံကြီးပေးသည့် သင်ခန်းစာ
07-Jan-2021
 

အမေရိကန်ပြည်ထောင်စု၏ မြို့တော်ဖြစ်သော ဝါရှင်တန်ဒီစီရှိ ကက်ပီတယ်လ် လွှတ်တော်အဆောက်အအုံကြီးတွင် ဖြစ်ပျက်နေသော အခြေအနေများ၊ မြင်ကွင်းများနှင့်ပတ်သက်၍ ကမ္ဘာကအတော့်ကို အံ့အားသင့်ကြရသည်။ 

အမေရိကန်ပြည်ထောင်စုအကြောင်းစိတ်ဝင်စားသော မြန်မာများကလည်း မိမိတို့ ကိုယ်ပိုင်ဆိုရှယ်မီဒီယာပလက်ဖောင်းများမှတစ်ဆင့် မှတ်ချက်တွေအမျိုး မျိုးပေးကြသည်ကိုတွေ့ရသည်။ 'ဒီမိုကရေစီ ဘိုအေကြီး မျက်ဖြူစိုက်နေပြီလား' ဆိုသည့်သဘောမျိုးဖြင့် မှတ်ချက်ပေးကြခြင်းဖြစ်သည်။ 

ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့သည့် ဒေါ်နယ်ထရမ့်ကို ထောက်ခံသည့် အနေနှင့် ကက်ပီတယ်လ်လွှတ်တော်ကို ဝင်ရောက်စီးနင်းသည့် လူရမ်းကားတစ်အုပ် (Mob) ၏ လုပ်ရပ်များကိုတော့ ကမ္ဘာ့ခေါင်းဆောင်အများစုက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြပေသည်။ 

ကမ္ဘာ့ခေါင်းဆောင်များ၏ ထောက်ပြချက်က ထရမ့်ထောက်ခံသူတို့၏ လုပ်ရပ် ကြောင့် ဒီမိုကရေစီ၏ ရန်သူများ၊ တစ်နည်းအားဖြင့် ဒီမိုကရေစီရေးကို မလိုလားသူများ၏ ပျက်ရယ်ပြုခြင်းခံရလိမ့်မည်ဆိုသော အချက်ဖြစ်သည်။ 

ဟုတ်လည်းဟုတ်ပါသည်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လွတ်လပ်ခွင့် စသည်တို့ကို တစ်ကမ္ဘာလုံးသို့ တင်ပို့ဖြန့်ချိနေခဲ့သည့် နိုင်ငံကြီးတွင် ယခုလိုဖြစ်ရပ် မျိုးနှင့် ကြုံတွေ့လာရခြင်းအတွက် တစ်ကမ္ဘာလုံးက ပါးစပ်အဟောင်းသားဖြစ်ကြ ရသည်။ ဒီမိုကရေစီတည်ဆောက်မှုကို မနှစ်မြို့သည့် အင်အားစုများအနေနှင့်မူ ဒေါသထွက်နေသော လူအုပ်ကြီး လွှတ်တော်ကို အကြမ်းဖက်စီးနင်းနေသည့်ဖြစ်ရပ်ကိုကြည့်ပြီး ဒီမိုကရေစီကို 'ငါမပြောဘူးလား'ဆိုသည့်သဘောမျိုးဖြင့် နှိမ်ချ ကြမည်သာဖြစ်သည်။ 

တကယ်တော့ ဒီမိုကရေစီမဆန်ဘဲ မင်းမဲ့စရိုက်ဆန်သော ယခုလိုဖြစ်ရပ်မျိုးသည် ဒေါ်နယ်ထရမ့်အုပ်ချုပ်ရေးအဖွဲ့လက်ထက်တွင် ၂၀၂၁ ခုနှစ်ဆန်းပိုင်းရောက်မှ ပထမဆုံးထွက်ပေါ်လာခြင်းတော့မဟုတ်ပေ။ 

ကုန်ခဲ့သည့် ၂၀၂၀ အတွင်းကလည်း လူဖြူရဲအရာရှိတစ်ဦးက လူမည်းတစ်ဦး ကိုဖမ်းဆီးရာတွင် လည်ပင်းကိုဒူးဖြင့်ဖိထောက်ခဲ့ရာ ယင်းလူမည်းသေဆုံးခဲ့သည့်အတွက် အမေရိကန်ပြည်သူများ ဒေါသတကြီးတုံ့ပြန်ခဲ့ကြသည်။ အဆိုပါ ဖြစ်ရပ်ပေါ်ပေါက်ခဲ့သည့် မင်နီယာပိုလစ်ဆိုသော မြို့တွင် ဆူပူအကြမ်းဖက်မှုများမှာ အရှိန်မထိန်းနိုင်လောက်အောင်အထိဖြစ်ခဲ့ပေသည်။ ထိုစဉ်က မကျေမနပ်ဖြစ်ရာမှ အကြမ်းဖက်ခြင်း၊ လုယက်ခြင်းများအထိရှိခဲ့ပေရာ ထရမ့်ကလည်း လုယက်လျှင် ပစ်ခတ်မည်ဟု ခပ်ကြမ်းကြမ်းကြိမ်းဝါးခဲ့သည်ကို အမှတ်ရနေပါသေးသည်။ 

ယခု ဒေါ်နယ်ထရမ့် မဲရှုံးနိမ့်သည့်ကိစ္စအပေါ် မကျေမနပ်ဖြစ်နေသည့် ဒေါသမီးများက မည်မျှဆက်လက်တောက်လောင်ခွင့်ရပြီး ယင်းဒေါသမီးများအား ဒေါ်နယ်ထရမ့်အပါအဝင် နိုင်ငံရေးသမားများက မည်သို့အသုံးချကြမည်ကို ပြောရန် ခက်မည်ထင်ပါသည်။ သို့သော် ရင့်ကျက်သည့် ဒီမိုကရေစီကို မည်သည့်ပေတံဖြင့် တိုင်းကြမည်နည်းဆိုသည့် မေးခွန်းမှာ ရိုးရိုးရှင်းရှင်းနှင့်ပင် အဖန်တလဲလဲဆန်းစစ် ကြည့်ချင်စရာကောင်းလှသည်ဟု ထင်ပါသည်။ 

ဒီမိုကရေစီသည် မင်းမဲ့စရိုက်မဟုတ်ပေ။ ပြည်သူနှင့် ပြည်သူ့ဆန္ဒကို အခြေခံ ကာ ပြည်သူနှင့်တစ်သားတည်းသွားရသည့် စနစ်ဖြစ်သည်ဆိုသည်မှာ အားလုံးကအခြေခံကျကျလက်ခံကြပါလိမ့်မည်။ သို့သော် ယင်းပြည်သူလူထု၏ ခံစားချက်ကိစ္စကို ပကတိတရားအဖြစ် လက်ခံစဉ်းစားပေးနိုင်ခြင်း မရှိတော့ချိန်တွင် ဒီမိုကရေစီ အုတ်မြစ်များမည်မျှပင် ထုထည်ကြီးမားသည်ဖြစ်စေ အချိန်မရွေးယိုင်နဲ့သွားနိုင်သည်ဆိုသောအချက်ကို ဒီမိုကရေစီထူထောင်နေသူများအားလုံး အထူးသတိထား ကြရမည်ဖြစ်ကြောင်း ပြောလိုပေသည်။ 

အယ်ဒီတာ  (၇ - ၁ - ၂၀၂၁)