News

POST TYPE

EDITORIAL

အခွင့်ထူးခံ ဖြစ်ချင်ကြသေးသလား (Daily, Vol-4/No-215)
17-Dec-2016
ကျွန်တော်တို့ မြန်မာလူမှုပတ်ဝန်းကျင်မှာ ဒီနေ့အချိန်အထိ ကသိကအောက် ဖြစ်စရာ အတွေ့ရများနေတဲ့ စရိုက်က နေရာတော်တော်များများမှာ တလွဲဆံပင် ကောင်းနေကြတဲ့ ကိစ္စလို့ ပြောရမလား မသိဘူး။

တလွဲဆံပင်ကောင်းတဲ့ ကိစ္စတွေ၊ စရိုက်တွေ အများကြီး ရှိပေမယ့် အဲဒီအထဲက အထင်ရှားဆုံးတစ်ခုကို ပြောမယ်ဆိုရင် သူများထက် အခွင့်အရေး ပိုယူချင်၊ အခွင့်ထူးခံချင်တဲ့ စရိုက်လို့ ပြောရမယ်။

အဲလို အခွင့်အရေး ပိုရ၊ အခွင့်ထူးခံရတာနဲ့ မပြီးဘဲ အဲဒါကို ဂုဏ်ယူစရာ၊ ကြွားစရာလို့ အထင်ရောက်ပြီး ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ ကိုယ့်မျိုးဆက်သစ်ကို အလွဲလမ်းပြ၊ အလွဲအမွေ ပေးနေတာက ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက်၊ တိုင်းပြည်အတွက် သိပ်ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး။

ဒါက ရှင်းရှင်းပြောရရင် အာဏာရှိတဲ့သူက အားလုံးထက် အခွင့်ထူးခံ၊ အခွင့်အရေးပိုယူ၊ သူနဲ့ နီးစပ်တဲ့သူတွေကို သူများထက် အခွင့်အရေးနဲ့ လုပ်ပိုင်ခွင့် ပိုပေးခဲ့တဲ့ အာဏာရှင်စနစ် သက်ဆိုးရှည်ခဲ့တဲ့ အကျိုးဆက်ပဲ။

အာဏာရှင်ဆိုတာက အပြင်ထွက်လို့ နေပူ၊ မိုးရွာရင် ကိုယ့်ဘာသာတောင် ထီးဖွင့်မဆောင်းချင်တဲ့သူတွေ ဖြစ်တဲ့အပြင် ကိုယ်ပိုင်အရည်အချင်း မရှိလို့ အာဏာရှင်နောက်ကနေ ထီးမိုး၊ ဖိနပ်ကိုင်၊ အိတ်ဆွဲ၊ ဘုရားထူး၊ ဒူးထောက်ခစားပြီး ဆရာမွေးနေတဲ့သူတွေ မြှောက်ပေးတဲ့ ဒဏ်ကိုလည်း မခံနိုင်ကြတဲ့အတွက် အခွင့်ထူး ခံရတာကို ဆေးစွဲသလို စွဲသွား၊ သာယာသွားတတ်ကြတာကိုး။

အဲဒီတော့ အနှစ်ငါးဆယ်လုံးလုံး အဲလိုလူတွေနဲ့ နေ့စဉ် ထိတွေ့ဆက်ဆံနေရတဲ့ လုပ်ငန်းရှင် အမည်ခံ ပါမစ်၊ လိုင်စင်၊ တင်ဒါနဲ့ ချမ်းသာလာတဲ့ ခေတ်ပျက်သူဌေးတွေ မပြောနဲ့ သာမန်လူတွေတောင် အာဏာရှင်စိတ်၊ အခွင့်ထူးခံချင်စိတ် ဝင်လာတာ ဘာမှမဆန်းဘူး။

အကျိုးဆက်အနေနဲ့ ဌာနဆိုင်ရာမှာရော ပုဂ္ဂလိကနယ်ပယ်က ကုမ္ပဏီ လုပ်ငန်းတွေမှာရော၊ လွတ်လပ်တဲ့ အဖွဲ့အစည်း၊ အသင်းအပင်းတွေမှာရော ယုတ်စွအဆုံး ရပ်ကွက်ထဲက ဆွမ်းလောင်းအသင်းလို၊ ဓမ္မာရုံ ဝေယျာဝစ္စ အသင်းလိုမှာတောင် အခွင့်ထူးခံချင်တဲ့သူတွေ တဖြည်းဖြည်း များလာတော့တာပေါ့။

ခေတ်မီပညာတတ် အသိုင်းအဝိုင်းနဲ့ လူအများကို အသိဉာဏ်၊ ဗဟုသုတ အလင်းတံခါး ဖွင့်ပေးရမယ့် မီဒီယာလို နယ်ပယ်မျိုးမှာတောင် အခွင့်ထူးခံတာကို အားပေးတဲ့ လုပ်ရပ်တွေ၊ ကိုယ်တိုင်လည်း အခွင့်ထူး ခံရတာကို သာယာကျေနပ်နေတာတွေ တွေ့နေရတယ်။

မြင်သာထင်သာ အရှိဆုံးက ဧည့်ခံပွဲတွေ၊ အခမ်းအနားတွေ၊ မိတ်ဆက်ပွဲတွေလုပ်ရင် ရှေ့ဆုံးမှာ ဗီအိုင်ပီဆိုတဲ့ စာလုံးကြီးတွေ ပြူးပြူးကြီး ချိတ်ထားတဲ့ စားပွဲသုံးလေးလုံး ခွဲထားတာပဲ။ တချို့အခမ်းအနားတွေဆို ဗီတစ်လုံး ထပ်တိုးပြီး ဗီဗီအိုင်ပီ ဆိုတာမျိုးတောင် တပ်လာကြပြီ။

အဲဒီစားပွဲမှာ နေရာအချခံရတဲ့ သူတွေကလည်း ဟန်တစ်လုံး ပန်တစ်လုံး ဖြစ်သွားပြီး ကျန်တဲ့ စားပွဲဝိုင်းက လူတွေထက် သူတို့ကိုယ် သူတို့ အရေးပါ အရာရောက်တဲ့သူတွေ အဖြစ် အထင်ရောက်သွားကြရော။ 

အဲဒီလို စားပွဲမျိုး စီစဉ်တဲ့သူရော အဲလိုစားပွဲမှာ ထိုင်လိုက်တဲ့ သူတွေရော ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည် ဖြစ်စေ ကျန်တဲ့စားပွဲတွေမှာ ထိုင်ကြမယ့် လူတွေအားလုံးကို အရေးမပါတဲ့သူတွေ၊ အရေးမကြီးတဲ့ လူတွေလို့ ခွဲခြားဆက်ဆံလိုက်သလို ဖြစ်သွားတာကို ရိပ်စားမိကြပုံ မပေါ်ဘူး။

ခေတ်မီတဲ့ လူ့အဖွဲ့အစည်း၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း ဆိုတာ သမ္မတလို၊ ဝန်ကြီးချုပ်လို ရာထူးကြီးကြီး၊ တာဝန်ကြီးကြီး ထမ်းဆောင်တဲ့ နေရာကို ရောက်သွားတဲ့သူတွေက ပရိုတိုကောလို့ခေါ်တဲ့ နိုင်ငံတော်အဆင့် သံတမန် ဆက်ဆံရေးနဲ့ အခမ်းအနား တချို့လောက်ကလွဲပြီး အပြင်အချိန်တွေမှာ သာမန်လူတွေလိုပဲ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေပြီး အခွင့်ထူးခံသူ မဟုတ်ကြောင်း၊ နိုင်ငံသားအားလုံးကို တန်းတူရည်တူ သဘောထားကြောင်း၊ လူကြီးလူကောင်း ဖြစ်ကြောင်း လက်တွေ့ပြကြတယ်။

ဒီနေ့ ပြည်သူက ဒီမိုကရေစီနည်းကျ တင်မြှောက်ထားတဲ့ အရပ်သား အစိုးရအဖြစ် တာဝန်ယူပြီးတဲ့ အချိန်မှာတော့ အဲဒီလို အာဏာရှင်စနစ်ရဲ့ ဆိုးမွေ အခွင့်ထူးခံ စိတ်ဓာတ်တွေ လျော့ပါးသွားအောင် တာဝန်ကြီးကြီး ယူထားတဲ့ သူတွေက အရင်ဦးဆုံး စံပြလုပ်ပြကြဖို့ လိုမယ်လို့ တိုက်တွန်းလိုက်ပါရစေ။

အယ်ဒီတာ (၁၇-၁၂-၂ဝ၁၆)


  • VIA