News

POST TYPE

EDITORIAL

သူတို့ကိုအားကျရင် သူတို့ထက် ပိုကြိုးစားပါ
02-Jan-2021


လူ့လောကဆိုတာ တကယ်တော့ နှစ်သက်အားကျမှုနဲ့ ယှဉ်ပြိုင်မှုတွေက မောင်းနှင်နေတဲ့ နယ်ပယ်လို့ပြောမယ်ဆိုရင် မှားနိုင်ဖွယ်မရှိပါဘူး။ ငယ်စဉ်အခါ စာသင်ကျောင်းအသီးသီးမှာ တစ်ဦးနဲ့တစ်ဦး အဆင့်ကောင်းကောင်းရဖို့၊ အမှတ် ကောင်းကောင်းရဖို့ အပြိုင်အဆိုင်ယှဉ်ပြိုင်ခဲ့ရာကအစ စီးပွားရေးနယ်ပယ်၊ နည်းပညာနယ်ပယ် စတဲ့နယ်ပယ်အသီးသီးတွေအထိ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ သူ့ထက်ငါရှေ့ရောက်အောင် ယှဉ်ပြိုင်နေကြရတာပဲမဟုတ်ပါလား။ 

နှစ်လိုအားကျမှုနဲ့ ယှဉ်ပြိုင်မှုဆိုတာလည်း တကယ်တော့ လုံးလုံးလျားလျား ဆက်စပ်နေတာပါပဲ။ မိမိမဟုတ်တဲ့ အခြားသူတစ်ယောက်၊ အခြားအဖွဲ့အစည်း တစ်ခုခု အောင်မြင်ဖြစ်ထွန်းမှုတွေကို တွေ့ရ၊ သိရမှ အားကျမခံ လိုက်လုပ်လိုတဲ့စိတ် တွေ စဖြစ်လာပြီး ယှဉ်ပြိုင်မှုဆိုတာပေါ်ပေါက်လာရတာပါ။ ကမ္ဘာပေါ်မှာ နိုင်ငံတစ်နိုင်ငံ ဖွံ့ ဖြိုးတိုးတက်သွားတယ်ဆိုတာလည်း နိုင်ငံသားအတော်များများမှာ အဲဒီလို အားကျမခံစိတ်တွေနဲ့ ယှဉ်ပြိုင်လိုတဲ့စိတ်တွေ ပြင်းပြင်းပျပျရှိခဲ့ကြလို့ပါပဲ။ 

အဆုံးစွန်ဆုံးပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာမြန်မာတွေ တရားအားထုတ် တယ်ဆိုတာကလည်း အရိယာသူတော်စင်တွေရဲ့ သန္တာန်မှာဖြစ်တဲ့ ငြိမ်းအေးမှု (အငြိမ်းဓာတ်) ဆိုတဲ့ ချမ်းသာမှုကို အားကျလို့ သူတို့လို အငြိမ်းဓာတ်ရအောင် သူတို့ကျင့်ကြံတဲ့နည်းလမ်းအတိုင်း လက်တွေ့ကျကျလိုက်လံကျင့်ကြံကြတာပဲ မဟုတ်ပါလား။ 

သည်ကနေ့ အိမ်နီးချင်းတရုတ်ပြည်ကိုကြည့်မယ်ဆိုရင် တရုတ်နိုင်ငံဟာ သိပ္ပံနဲ့ စက်မှု နည်းပညာတွေမှာ ယခင်က အနောက်နိုင်ငံတွေကို ဘယ်လိုမှမမီနိုင်တဲ့ အဆင့်မှာ ရှိခဲ့ပေမယ့် တရုတ်လူမျိုးအတော်များများရဲ့ အားကျမခံတဲ့စိတ်၊ တခြားဖွံ့ ဖြိုးပြီး နိုင်ငံတွေလို ဖြစ်လိုတဲ့စိတ်တွေကြောင့် ခေါက်ထီး၊ စက်ဘီးက၊ စမတ်ဖုန်းကအစ မော်တော်ကား၊ လေယာဉ်တင်သင်္ဘောနဲ့ ဂြိုဟ်တုကအစ တပ်ဆင်ထုတ်လုပ်နိုင်တဲ့ အနေအထားထဲကိုရောက်နေတာကို တွေ့ရမှာပါ။ 
တရုတ်ထုတ်ကုန်တွေဟာ အရည်အသွေးပိုင်း ပြောစရာရှိတယ်ဆိုပေမယ့် လည်း ရှေ့ရောက်နှင့်ပြီးသား နိုင်ငံတွေရဲ့ အမှားတွေ၊ သူတို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အမှားတွေကို ကောင်းစွာသင်ခန်းစာယူနိုင်မယ်ဆိုရင် မကြာခင် ဆယ်စုနှစ် အနည်းငယ်အတွင်းမှာပဲ အနောက်စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ထုတ်ကုန်တွေနဲ့ ယှဉ်နိုင်တော့မှာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း အနောက်နိုင်ငံက ကော်ပိုရေးရှင်းကြီး တွေသာမက အမေရိကန်စီအိုင်အေကပါ တရုတ်တွေရဲ့ခြေလှမ်းဟာ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားကို အကြီးအကျယ်ခြိမ်းခြောက်နေပြီလို့ ထုတ်ပြောလာ ရတဲ့အထိဖြစ်ခဲ့တာပါ။ 

ဘယ်လိုပဲဖြစ်ဖြစ် အားကျတဲ့စိတ်၊ ယှဉ်ပြိုင်လိုတဲ့စိတ်ဆိုတာ လူတစ်ယောက်ရဲ့ ဘဝတစ်ခု တောက်ပြောင်အောင် လုပ်ပေးနိုင်စွမ်းရှိရုံမျှမက လူ့အဖွဲ့အစည်းတစ်ခု နိုင်ငံတစ်ခုကိုပါ အခြားနိုင်ငံတွေရဲ့အကြား ရှေ့သို့ရောက်အောင် တွန်းပို့ပေးနိုင် သည်အထိ အစွမ်းရှိတယ်ဆိုတာကို မမေ့ထားသင့်ပါဘူး။ မြန်မာလူမျိုးတွေဟာ မနာလိုမရှုစိတ်များပြားတယ်လို့ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ညည်းတွားလေ့ ရှိတာကို မကြာခဏဆိုသလိုကြားဖူးပါတယ်။ 

တကယ်တော့ မနာလိုစိတ်ဆိုတာ မြန်မာတွေထဲမှာသာမက တခြားလူမျိုး တွေမှာလဲရှိနေပါပဲ။ တစ်ခုပဲရှိတယ်၊ အဲဒီ မနာလိုစိတ်ထဲမှာပဲ နစ်မြောမနေဘဲ အဲဒီမကောင်းတဲ့စိတ်ကို ယှဉ်ပြိုင်လိုစိတ်၊ အားကျတဲ့စိတ်အဖြစ် ပြောင်းလဲပစ်ဖို့ပဲ လိုအပ်တာပါ။ လူသားမှန်ရင် မကောင်းတဲ့စိတ်တွေဆိုတာ ဖြစ်တတ် စမြဲပါပဲ။ မိမိမဟုတ်တဲ့ တခြားသူ ကိုယ့်ထက်သာတာကို မနာလိုစိတ်ထိုင်ဖြစ်မနေဘဲ ကိုယ်တိုင်သူ့လိုဖြစ်အောင် ယှဉ်ပြိုင်လိုတဲ့စိတ်၊ အားကျတဲ့စိတ်မျိုးဖြစ်အောင် ပြောင်းလဲပစ်တတ်ဖို့ပဲ အရေးကြီးတာပါ။ 
အယ်ဒီတာ  ( ၂  - ၁ - ၂၀၂၁ )