News

POST TYPE

EDITORIAL

ရေလောင်းစရာ လိုသော အာဏာပိုင်တွေ ဖြစ်စေလို
28-Dec-2020


ဌာနဆိုင်ရာများနှင့် ထိတွေ့ဆက်ဆံပြီး တံစိုးလက်ဆောင်နှင့် အသပြာပေးရသည့် အနေအထားမျိုးတွင်လည်းကောင်း၊ မိမိအလုပ်လုပ်နေသည့် အဖွဲ့အစည်းအတွင်း ရာထူးတိုးရန်၊ နိုင်ငံခြားပညာတော်သင်သွားရန် သို့မဟုတ် လာဘ်ရွှင်နိုင်သည့် ဌာန (နေရာ)သို့ ပြောင်းရွှေ့ခံရရန် ကြိုးပမ်းကြရာတွင်လည်းကောင်း 'ရေလောင်းရသည်' သို့မဟုတ် 'ဂါလိုက်ရသည်' ဆိုသော စကားကို စာဖတ်သူများ ရိုးအီနေအောင်သိပြီးသားဖြစ်ပါလိမ့်မည်။

မြန်မာဘာသာစကားအရ ဂါရဝပြုမှုမှာ ရိုသေလေးစားမှု၊ အလေးအမြတ် ထားမှုဟု အဓိပ္ပာယ်ရသော်လည်း ဤနေရာတွင်ညွှန်းသည့် ဂါရဝကိစ္စမှာ အဂတိတရားနှင့် ဆက်စပ်ပတ်သက်နေသော ဗန်းစကားတစ်ရပ်ပင်ဖြစ်ပေသည်။ ရေလောင်းသည်ဆိုသည်ကတော့ရှင်းပါသည်၊ လာဘ်ပေးရခြင်းကို ရည်ညွှန်းပေ သည်။ ယခင့် ယခင်ခေတ်များက 'ပေးကမ်းခြင်းသည် အောင်မြင်ခြင်း' ဟူ၍ သဒ္ဓါတရားကိုချီးမွမ်းသည့် စကားကို လာဘ်ပေးလာဘ်ယူကိစ္စဘက်တွင် ပြက်ရယ် ပြုသည့်သဘောမျိုးဖြင့်ပြောခဲ့ကြပေသည်။ 

အရပ်သားဒီမိုကရေစီအစိုးရ အာဏာရလာသည့် ငါးနှစ်ခန့်ကာလတွင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးအပိုင်းကို လေ့လာကြည့်သောအခါ စိန်ခေါ်မှုများ၊ အခက် အခဲများကိုရင်ဆိုင်နေရဆဲဖြစ်ပြီး ထင်သလောက်ခရီးမပေါက်နိုင်သေးသည်ကို တွေ့ခဲ့ရပေသည်။ သို့သော်လည်း  အဂတိတိုက်ဖျက်ရေးကော်မရှင်တစ်ခုတည်း၏ အားနည်းချက်တစ်ခုတည်းကြောင့်ဟူ၍ပြောလျှင် မည်သို့မျှသင့်တော်မည်မဟုတ်ပေ။ 

အကြောင်းမှာ အဂတိလိုက်စားမှုဟူသည် လာဘ်နှင့် တံစိုးလက်ဆောင် အပေးအယူလုပ်သည့်ကိစ္စတစ်ခုတည်းနှင့်သာ ပတ်သက်နေခြင်းမျိုးမဟုတ်ဘဲ အုပ်ချုပ်ရေးယန္တရား၏ ကြီးမားသည့် အားနည်းချက်များနှင့်ပါ တိုက်ရိုက်ဆက်စပ် နေခြင်းကြောင့်ဖြစ်ပေသည်။ ရန်ပုံငွေ (ဘတ်ဂျက်)အပါအဝင် အသုံးစရိတ်ကိစ္စ များတွင် ပွင့်လင်းမြင်သာမှုနည်းပါးခြင်း၊ ကြိုးနီစနစ်များမလျှော့ချနိုင်ခြင်းမှအစ အခြားအရေးကြီးကိစ္စများကို ပြုပြင်ပြောင်းလဲမှုမပြုလုပ်နိုင်သရွေ့ အခက်အခဲ များကား ဆက်ရှိနေပေမည်။ 

သို့အတွက်ကြောင့် အဂတိလိုက်စားမှုများတွင် ငါးအသေးလေးတွေသာ ဖမ်းမိပြီး ငါးအကြီးစားကြီးများကို မမိနိုင်ဘဲဖြစ်နေသည်ဟူ၍ ဝေဖန်ပြောဆို ရေးသားကြသည်ကို ကုန်ခဲ့သည့် ငါးနှစ်အတွင်း မကြာခဏမြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ အဂတိလိုက်စားသူများအပေါ် ကြီးမားသည့် ပြစ်ဒဏ်များပေးလေ့ရှိသည့် အိမ်နီးချင်းတရုတ်နိုင်ငံသည်ပင် အဂတိတရားအမြစ်ပြတ်သွားသည့် အခြေ အနေနှင့် အလှမ်းဝေးနေဆဲဖြစ်သည်ကိုကြည့်လျှင် မြန်မာနိုင်ငံအနေနှင့်လည်း အဂတိတိုက်ဖျက်ရေး ခရီးရှည်ကြီးဆက်လျှောက်ရမည်မှာသေချာပေသည်။ 

အရေးကြီးသည်မှာ တစ်ရက်၊ တစ်မနက်တည်းဖြင့် အဂတိလိုက်စားမှုကင်းသည့် အစိုးရကောင်းတစ်ရပ်ဖြစ်လာအောင် ပြောင်းလဲပစ်ရန် မလွယ်ကူသည်မှာ မှန်သော်လည်း အုပ်ချုပ်ရေးယန္တရားနှင့်ပတ်သက်လျှင် အခွင့်ထူးခံမဟုတ်၊ အသိအကျွမ်းမရှိသည့် သာမန်ပြည်သူများကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် အဂတိ လမ်းကြောင်းများကို လက်ကျန်တစ်နှစ်ကျော်ကာလအတွင်း အမြစ်ပြတ်ရှင်းထုတ်ကာ အရပ်သားဒီမိုကရေစီအစိုးရ၏ ကောင်းမွေများဆက်လက်ချန်ရစ်နိုင်ရန် နောင်ငါးနှစ်အတွင်း ကြိုးပမ်းရမည်ဖြစ်ကြောင်း ပြောလိုပါသည်။ 

အယ်ဒီတာ  ( ၂၈ - ၁၂ - ၂၀၂၀ )