News

POST TYPE

EDITORIAL

ခရစ္စမတ်နေ့ အမှတ်တရစကား
24-Dec-2020


ယနေ့သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ခရစ်ယာန် ဘာသာဝင်တို့ အတွက် နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်သလို အစိုးရရုံးပိတ်တစ်ရက်လည်းဖြစ်သည်။ 

ယခုနှစ် ခရစ္စမတ်နေ့မှာ ကပ်ရောဂါကာလဖြစ်သောကြောင့် Sweet December ဟုခေါ်သည့် ဒီဇင်ဘာ ၁ ရက်နေ့တွင်လည်းကောင်း၊ ခရစ္စမတ်နေ့မတိုင်မီ ဒီဇင်ဘာ ၂၄ ရက်နေ့ညသန်းခေါင်ယံတွင်လည်းကောင်း အစဉ်အမြဲပြုလုပ်နေကျ ဝတ်ပြု ဆုတောင်းမှုများကို အွန်လိုင်းတွင် ZOOM ဆော့ဖ်ဝဲမှတစ်ဆင့် ပြုလုပ်ခဲ့ရသည်ဟု ခရစ်ယာန်ဘာသာဝင်မိတ်ဆွေများထံမှ ကြားသိရပါသည်။ ကပ်ရောဂါကြောင့် နှစ်စဉ် ဒီဇင်ဘာလိုင်းကြားရသည့် Carol Singing သံများလည်း ကြားခွင့်မရခဲ့ပေ။ 

ဗုဒ္ဓဘာသာဝင်ဦးရေအမြောက်အမြားရှိသည့် မြန်မာနိုင်ငံသို့ လွန်ခဲ့သည့် သုံးနှစ်ခန့်၊ ခရစ္စမတ်လမတိုင်မီ နိုဝင်ဘာလက ပုပ်ရဟန်းမင်းကြီး ဖရန်စစ္စလာရောက်လည်ပတ်ခဲ့ဖူးသည်မှာ မှတ်မှတ်ရရပင်ဖြစ်ပါသည်။ ထိုစဉ်က ပုပ်ရဟန်းမင်းကြီးသည် ခရစ်ယာန်ဘာသာဝင်များသာမက အခြားဘာသာဝင်များအပါအဝင် မြန်မာ နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များနှင့်တွေ့ဆုံခြင်း၊ ကက်သလစ်ခရစ်ယာန် ဘာသာ၏ ထုံးတမ်းအရ ဆုတောင်းမေတ္တာပို့သမှုများပြုလုပ်ခြင်းတို့ လုပ်ဆောင် သွားခဲ့ပေသည်။ 

ဆယ်စုနှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး လာရောက်ခြင်းဖြစ်လည်းဖြစ်ပြန်ရာ မြန်မာနိုင်ငံသား ခရစ်ယာန်ဘာသာဝင်များ သာမက ဗုဒ္ဓဘာသာနှင့် အခြားဘာသာဝင်တို့၏ စိတ်ဝင်စားခြင်းကိုခံရသည့် သမိုင်းဝင် ခရီးစဉ်တစ်ခုလည်းဖြစ်ခဲ့ပါသည်။ ယုံကြည်ကိုးကွယ်ရာဘာသာမတူသည့် မြန်မာနိုင်ငံသားတို့အကြား ငြိမ်းချမ်းရေးနှင့် မေတ္တာဓာတ်ကူးစက်ပျံ့နှံ့ရေးအတွက် များစွာအထောက်အပံ့ဖြစ်စေခဲ့သော ခရီးစဉ်ဟုလည်း ဆိုရမည်ဖြစ်ပါသည်။ 

ကမ္ဘာပေါ်ရှိ ဘာသာတရားတိုင်း၏ အဆုံးအမများကိုလေ့လာမည်ဆိုလျှင် ငြိမ်းချမ်းရေးနှင့် မေတ္တာတရားကို အခြေခံထားသည်ကိုတွေ့နိုင်သော်လည်း ဘာသာရေးခေါင်းဆောင်များအပေါ် ကြည်ညိုလွန်းသည့် စိတ်၊ မိမိနှင့် ကိုးကွယ် ယုံကြည်မှုချင်းမတူသူအပေါ် နှိမ့်ချခွဲခြားဆက်ဆံလိုသည့် စိတ်တို့ကြောင့် ပခုံး နှစ်ဖက်ကြား ခေါင်းပေါက်တာချင်းတူသည့် လူသားများအကြား ရန်ငြှိုးထားကာ စစ်မက်အမျိုးမျိုးခင်းခဲ့ကြခြင်းသာဖြစ်သည်။ ပို၍ အရုပ်အဆိုးဆုံးနှင့် အကျည်း အတန်ဆုံးရှိလှသည့်ကိစ္စမှာ ဘာသာတရားတို့၏ ခေါင်းကိုင်ဖခင်များ၏ အမည်နာမတော်များကို အသုံးချ တံဆိပ်ကပ်ကာ လက်နက်ကိုင်စစ်ခင်းကြခြင်းပင်ဖြစ်ပေသည်။ 

ဆိုလိုသည်မှာ မည်သည့်အယူဝါဒကို ယုံကြည်သက်ဝင်သည်ဖြစ်စေ အကုသိုလ် အလုပ်ကို အားပေးအားမြှောက်ပြုတတ်သည့် လောဘ၊ ဒေါသ၊ မောဟ ဟူသော တရားများနှလုံးသားတွင်ကိန်းဝပ်မနေစေရန် အသိဉာဏ်ဖြင့်ထိန်းချုပ်နိုင်ရေးသည် ငြိမ်းချမ်းမှုနှင့် ချစ်ခြင်းမေတ္တာထွန်းကားမှုတို့အတွက် အခြေခံကျသည့် အလုပ် ဖြစ်ကြောင်းနှင့် ဘာသာခြားများအပေါ် 'ငါနှင့်မတူ ငါ့ရန်သူ' ဟု သဘောမထားတတ်သည့် ဘာသာရေးခေါင်းဆောင်နှင့် နောက်လိုက်တို့၏ မေတ္တာဓာတ်ပါသော ပြုမူပြောဆိုမှုတို့ကသာ ၎င်းတို့ဘာသာတရားနှင့် ဘာသာဝင်များအပေါ် ရန်ငြှိုး မဖက် မေတ္တာတက်အောင်စွမ်းဆောင်နိုင်မည်ဖြစ်ကြောင်း ခရစ္စမတ်နေ့အမှတ်တရအဖြစ် ဖော်ပြလိုက်ပါသည်။ 

အယ်ဒီတာ ( ၂၄ - ၁၂ -၂၀၂၀ )