News

POST TYPE

EDITORIAL

မြန်မာတို့၏ တရားဥပဒေ စိုးမိုးမှု
23-Dec-2020


ဒီမိုကရေစီပဲပြောပြော၊ ပြည်သူ့အစိုးရခေတ်ရောက်ပြီဟုပဲဆိုဆို စစ်တမ်း ထုတ်စရာမလိုဘဲ လက်တမ်းပြော၍ရနိုင်သည့်အကြောင်းအရာများတွင် တရားဥပဒေစိုးမိုးမှုအားနည်းနေသည့်ကိစ္စသည် ထိပ်ဆုံးမှပါဝင်ပေသည်။ 

တရားဥပဒေစိုးမိုးမှုဟူသည်မှာ တိုင်းပြည်တစ်ပြည်အတွက် လွန်စွာအရေးကြီး သည်ဆိုသည်ကို ထွေထွေထူးထူးပြောနေစရာပင်လိုမည်မဟုတ်ပေ။ တရားဥပဒေ မစိုးမိုးလျှင် ရိုးသားဖြောင့်မတ်သူများ၊ အမှန်တရားကိုမြတ်နိုးသူများ အမြဲပင်တစေ ပတ္တမြားနွံနစ်သည့် ဘဝနှင့်သာအဆုံးသတ်ရဖွယ်ရှိပြီး မရိုးစင်၊ မဖြောင့်မတ်သူ များမှာ ရှေ့ဆုံး၊ ထိပ်ဆုံးရောက်ကာ လူ့အဖွဲ့အစည်းတွင် ရာသက်ပန် လူပေါ်လူဇော် လုပ်ခွင့်ရနေမည်သာပင်။ 

တစ်နည်းဆိုရလျှင် အမှုအခင်းတစ်ခု၊ ပြဿနာတစ်ခုဖြစ်ပွားပါက မှန်ကန် တိုင်းအနိုင်ရရှိမည်ဟု တပ်အပ်မပြောနိုင်တော့ပေရာ အမှန်တရား (သူတော်ကောင်း တရား)ဟူသည် ဖက်တွယ်အပ်သော အားထားအပ်သော တရားအဖြစ်လက်ခံသူ နည်းပါးလာနိုင်သည့် အန္တရာယ်ရှိပေသည်။ ထိုသို့ အမှန်တရားကို တန်ဖိုးမထား တတ်သည့် သဘောတရားအယူအဆမျိုးကို ကလေးသူငယ်များမှစ၍ အရွယ် ရောက်ပြီး လူကြီးများအထိ စွဲမှတ်သွားလျှင် တိုင်းပြည်၏အခြားအရေးကြီးကဏ္ဍများဖြစ်သော စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးအပိုင်းတို့တွင်ပါ ဆိုးဆိုးရွားရွားထိခိုက်လာနိုင်ပေသည်။ 
တရားဥပဒေစိုးမိုးရေး၏ အဓိပ္ပာယ်မှာ ကျယ်ပြန့်လှသည့်အတွက် တာဝန် ရှိသူ အာဏာပိုင်တို့ ချည်းသက်သက်ဆောင်ကြဉ်း၍မဖြစ်နိုင်ဘဲ သာမန်ပြည်သူ များ၏ စိတ်ဓာတ်၊ စည်းကမ်းနှင့်ပါ သက်ဆိုင်နေသည်ကို သတိပြုသင့်ပေသည်။ တစ်မျိုးပြောရလျှင်  ပြည်သူများကပါ စိတ်ပါလက်ပါဖြင့် ပါဝင်ကူညီနိုင်မှသာ မြန်မာနိုင်ငံအနှံ့ တရားဥပဒေစိုးမိုးနိုင်လိမ့်မည်ဖြစ်ပေသည်။

ဥပမာပြရလျှင် လာဘ်ပေးလာဘ်ယူ ကိစ္စများတွင် မတောင်းအောင် ကြပ်ကြပ် မတ်မတ် ဆောင်ရွက်ထားခြင်းနှင့် အရေးယူခြင်းတို့ အရေးကြီးသလို အလွယ်တကူ လာဘ်မပေးမိအောင် ချုပ်တည်းခြင်းသည်လည်း ခြစားမှုများ ပပျောက်စေရေးတွင် အဓိကကျလှပေသည်။

နိစ္စဓူဝ သွားလာလှုပ်ရှားနေကြသည့် မြန်မာပြည်သူများအနေနှင့် မိမိ ပတ်ဝန်းကျင်တွင် ဖမ်းဆီးအရေးယူမည့် အာဏာပိုင်များရှိလျက်ဖြစ်စေ၊ မရှိဘဲ ဖြစ်စေ အသေးအဖွဲကိစ္စများမှအစ ပြဿနာမတက်နိုင်သော ကိစ္စကြီးများအထိ အလွယ်တကူဥပဒေချိုးဖောက်နေသည်ကို သတိထားကြည့် ထင်ထင်ရှားရှား တွေ့ မြင်နိုင်မည်ဖြစ်သည်။ 

သာမန်အခြေခံ မလုပ်သင့် မလုပ်ထိုက်သည့်အရာများကို အလွယ်တကူ ချိုးဖောက်ခြင်းသည် တရားဥပဒေစိုးမိုးရေးရှင်သန်ကြီးထွားရန် ရေခံမြေခံကောင်း မဟုတ်ကြောင်း လက္ခဏာပင်ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးအောင် မျိုးဆက်နှင့်ချီပြီး လုပ်ဆောင်ကြရဦးမည်သာဖြစ်ပေသည်။ 

ပို၍ရှင်းရှင်းလင်းလင်းပြောရမည်ဆိုပါက တရားဥပဒေစိုးမိုးရေးတွင် ရဟန်းရှင်လူပြည်သူများ ပူးပေါင်းဆောင်ရွက်မှုသည်လည်း မည်သည့်ခေတ် ကာလရောက်သည်ဖြစ်စေ မရှိမဖြစ်လိုအပ်နေမည်သာပင်ဖြစ်ပါသည်။ 

အယ်ဒီတာ ( ၂၃ - ၁၂ -၂၀၂၀ )