News

POST TYPE

EDITORIAL

ဒါဖတ်ပြီးမှ Like ပေးကြပါ
19-Dec-2020
Facebook ပေါ်က ပို့စ်တွေနဲ့ ကွန်းမန့်တွေကိုကြည့်ရင် အဲဒီပို့စ်နဲ့ ကွန်းမန့် ရေးတင်တဲ့သူရဲ့ စိတ်နေသဘောထားကို အနည်းဆုံးအကြမ်းဖျင်းတော့ ပုံဖော်လို့ ရတယ်ဆိုတာ စာဖတ်သူတွေလည်းသိပြီးဖြစ်မှာပါ။

အထူးသဖြင့် ကြိုက်တယ်၊ ထောက်ခံတယ်၊ အသိအမှတ်ပြုတယ် စတာကို ကိုယ်စားပြုတဲ့ Like ဆိုတဲ့အရာနဲ့တင် စစ်တမ်းတစ်ခုကို အကြမ်းဖျင်းကောက် ကြည့်လို့ရနိုင်ပါတယ်။ နည်းပညာရှင်တချို့က Facebook အကောင့်ဟာ လူသားတွေ လူမှုကွန်ရက်ထဲမှာ တစ်ဦးနဲ့ တစ်ဦး ချိတ်ဆက်မိဖို့ကိစ္စသာမကတော့ဘဲ လူတစ်ဦး၊ အဖွဲ့အစည်းတစ်ခုရဲ့ နေ့စဉ်သတင်းစာသဖွယ်ဖြစ်လာတယ်လို့ဆိုကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူသားတွေက ကိုယ့်ရဲ့အကြောင်း၊ ကိုယ့်အဖွဲ့အစည်း ရဲ့အကြောင်းတွေကို အသိမိတ်ဆွေတွေ (လူအများ) သိစေချင်တဲ့စိတ်နဲ့ ရေးကြ၊ တင်ကြလို့ပါပဲတဲ့။ 

အဲဒီအယူအဆနဲ့ဆိုရရင် Like ဘယ်လောက်ရတယ်ဆိုတာဟာ အဲဒီနေ့စဉ် သတင်းစာလေးတွေရဲ့ စောင်ရေဖြစ်ပြီး Share ဘယ်လောက်ရှိတယ်ဆိုတဲ့ကိစ္စ ကျတော့ အဲဒီသတင်းစာလေးတွေရဲ့ သြဇာဖြစ်မယ်လို့ယူဆမိပါတယ်။ မှန်တာပေါ့။ လူတစ်ဦးချင်းစီသာမကပါဘူး၊ စီးပွားရေးလုပ်ငန်းတွေရဲ့ Page တွေမှာလည်း Like ဘယ်လောက်ရထားတယ်ဆိုတာက သူ့ရဲ့အောင်မြင်မှုကို တစ်မျိုးတစ်ဖုံဖော်ညွှန်းတဲ့ Indicator တစ်ခုဖြစ်နေပြန်ပါတယ်။ 

လူတစ်ဦးချင်းစီအတွက်တော့ Like ကိစ္စဟာ လူချစ်လူခင် ဘယ်လောက်ရှိတယ်၊ ဘယ်လောက်လူဝင်ဆံ့တယ်ဆိုတာကို တိုင်းကြည့်လို့ရတဲ့အရာလို့ထင်ပါတယ်။ ဒါပေမဲ့လည်း အဲဒီ Like ကြောင့် မိတ်ဆွေအပေါင်းအသင်းတွေတိုးသွားတဲ့သူတွေရှိသလို အဲဒီ Like ကြောင့် မိတ်ပျက်ဆွေပျက်ဖြစ်သွားတာတွေမနည်း မနောရှိပါတယ်။ 

တချို့ဆိုရင် Like ကြောင့် လင်မယားချင်း၊ မောင်နှမချင်း၊ သားအမိ၊ သားအဖချင်း စကားများကြတာရှိသလို၊ အထက်အရာရှိရဲ့ ခေါ်ယူကြိမ်းမောင်းခံရတာမျိုးလည်းရှိပါတယ်။ တချို့ဆို Like တစ်ချက်လုပ်မိတာကြောင့် အလုပ်ပြုတ် တဲ့အထိဖြစ်တာတွေရှိတယ်လို့ကြားဖူးပါတယ်။ တချို့ကတော့ ကိုယ်အဆက် ဖြတ်ကျောခိုင်းခဲ့တဲ့ အဖွဲ့အစည်းကတင်တဲ့ပို့စ်ဆိုရင် ဘယ်လိုကောင်းတာတွေပဲ ရေးရေး Share လုပ်ဖို့မဆိုထားနဲ့ Like တောင်မလုပ်ချင်ကြတော့ပါဘူး။ Like နဲ့ Share ကိစ္စက လူမှုကွန်ရက်သုံးသူတွေအပေါ် ဘယ်လောက်အထိ လွှမ်းမိုးထားသလဲ၊ လူ့တွေရဲ့ စိတ်နေသဘောထားဘယ်လိုရှိသလဲဆိုတာကို ယေဘုယျသဘောလောက်တော့ အကဲဖြတ်လို့ရနိုင်ပါတယ်။

တကယ်တမ်းပြောရရင် ဇူကာဘတ်ဆိုတဲ့ တစ်ချိန်ကလူငယ်တစ်ယောက် စတင်ဖန်ဆင်းခဲ့တဲ့ လူမှုကွန်ရက်ဟာ ရှေးစကားနဲ့ပြောရရင် သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေးသဘောမျိုးပါပဲ။ သူဖန်ဆင်းပေးထားတဲ့ Virtual ကမ္ဘာကြီးထဲ မှာ ငိုသံတွေ၊ ရယ်သံတွေ၊ ကခုန်သံတွေ၊ ကောင်းချီးပေးသံတွေ ဘယ်အချိန်အထိ ဆက်ကြားခွင့်၊ မြင်ခွင့်ရှိမလဲဆိုတာ ဘယ်သူမှတတ်အပ်မပြောနိုင်သေးပေမယ့် Virtual ကမ္ဘာဖြစ်စေ၊ Reality World ဖြစ်စေ ကြိုက်ခြင်း၊ မကြိုက်ခြင်း (ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း)တွေက ဆက်လို့ရှိနေမှာတော့အသေအချာပါပဲ။

ကြိုက်ခြင်း၊ မကြိုက်ခြင်းထက် အသိဉာဏ်ရှိရှိ အသုံးချတတ်ဖို့ပဲလိုမယ်လို့ ပြောချင်တာပါ။ 

အယ်ဒီတာ ( ၁၉ - ၁၂ - ၂၀၂၀ )