News

POST TYPE

EDITORIAL

သတင်းသမားများအတွက် လက်တွေ့ အကျဆုံး ဘေးအန္တရာယ် ကာကွယ်ရေး (Daily,Vol-4/No-214)
15-Dec-2016
မန္တလေးမြို့တော်တွင် The Farmer ဂျာနယ်၏ မန္တလေး သတင်းထောက်  ကိုကျော်သူရမျိုးကို လူတစ်စုက ဝိုင်းဝန်း ရိုက်နှက်ခဲ့ခြင်းမှာ Daily Eleven သတင်းစာ၏ မုံရွာဒေသခံ သတင်းထောက် ကိုစိုးမိုးထွန်း မုံရွာမြို့ပေါ်တွင် အသတ်ခံရပြီး နောက် သုံးရက်အတွင်း သတင်းထောက် တစ်ဦး ထပ်မံ အကြမ်းဖက်ခံရခြင်း ဖြစ်သည်။

သတင်းထောက် ကိုကျော်သူရမျိုး ယခုကဲ့သို့ အကြမ်းဖက်ခံရမှု မတိုင်မီ ကုန်ခဲ့သည့် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က လွတ်လပ်သော အာရှအသံ ရေဒီယို မြန်မာနိုင်ငံ အခြေစိုက် သတင်းထောက် ကိုမိုးသူအောင်သည်လည်း မန္တလေးမြို့တော် လူစည်ကားရာ နေရာ တစ်ခုတွင် မော်တော်ဆိုင်ကယ်ဖြင့် နှစ်ကြိမ်၊ နှစ်ပြန် အတိုက်ခံရပြီး ကွယ်လွန်သွားခဲ့သည့် ဖြစ်စဉ်မှာလည်း ယနေ့အထိ တရားခံကို စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိခြင်း မရှိသေးပေ။

အရှေ့အလယ်ပိုင်းကဲ့သို့ အကြီးအကျယ် စစ်ပွဲများ ဖြစ်နေသော ဒေသများနှင့် ဖိလစ်ပိုင်ကဲ့သို့ အစ္စလာမ္မစ် အစွန်းရောက်များ၊ ကွန်မြူနစ် သူပုန်များနှင့် တိုက်ပွဲ ဖြစ်ပွားနေသော နိုင်ငံမျိုးတွင် သတင်းထောက်များ ယခုကဲ့သို့ အကြမ်းဖက်၊ ရိုက်နှက်၊ လုပ်ကြံခံနေရခြင်းမှာ မထူးဆန်းလှသော်ငြား ယင်းနိုင်ငံများထက် များစွာ အေးချမ်းသော မြန်မာနိုင်ငံ၏ အထင်ကရ မြို့တော်ကြီးများတွင် ယခုကဲ့သို့ သတင်းထောက်များ လုပ်ကြံ၊ အကြမ်းဖက်ခံနေရခြင်းမှာ များစွာ မေးခွန်း ထုတ်စရာ ရှိပေသည်။

သတင်းထောက်များ ယခုကဲ့သို့ အကြမ်းဖက်၊ လုပ်ကြံခံရခြင်း နောက်ကွယ်တွင် စဉ်းစား သုံးသပ်စရာ အကြောင်းအရင်း များစွာ ရှိသည့်အနက် ဘက်ပေါင်းစုံမှ မဟုတ်သော်လည်း အနည်းဆုံး ရှုထောင့် နှစ်မျိုးဖြင့် ဖြစ်နိုင်ခြေ ရှိသော အကြောင်းအရင်း နှစ်ချက်ကို ဆွဲထုတ်ကြည့်နိုင်သည်။

ပထမ အကြောင်းအရင်းမှာ ဥပဒေနှင့် မလွတ်ကင်းသော စီးပွားရေး လုပ်ငန်းများ၊ နိုင်ငံရေး အောက်လမ်းနည်းများ၊ ဘာသာရေး အရေခြုံ အစွန်းရောက်ဝါဒ လှုံ့ဆော်မှုများ၊ အကျင့်ပျက် ခြစားမှုများကို မြန်မာနိုင်ငံကဲ့သို့ တရားဥပဒေ စိုးမိုးမှု များစွာ အားနည်းချည့်နဲ့နေသော နိုင်ငံမျိုးတွင် ထုံးစံအတိုင်း သတင်းထောက်များက စုံစမ်းထောက်လှမ်း သတင်းရေးသား၊ ထုတ်လွှင့်ပေးခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူ့ကိုယ်စား တာဝန် ထမ်းပေးတတ်ကြသည်။

ယင်းအချက်သည် ဥပဒေပြင်ပ သို့မဟုတ် ဥပဒေ လက်တစ်လုံးခြား စီးပွားရေးလုပ်ငန်း အမျိုးအစား၊ လည်ပတ် စီးဆင်းနေသော ငွေကြေး ပမာဏ၊ ချိတ်ဆက် ပတ်သက်နေသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း အကြီး၊ အသေးတို့အပေါ် မူတည်ကာ စုံစမ်း၊ ထောက်လှမ်း၊ ဖော်ထုတ် သတင်း ရေးသား၊ ထုတ်လွှင့်သော သတင်းသမားများအတွက် အသက်သေဆုံးသည်အထိ အန္တရာယ် ကြီးလှသည်။

ဒုတိယ တစ်ချက်မှာ အားလုံးကို မဆိုလိုသော်လည်း သတင်းသမား အချို့၏ ကိုယ်ကျင့်သီလနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ အားနည်းချက်ကြောင့်လည်း သက်ဆိုင်ရာ ဒေသအာဏာရှိသူများနှင့် နားလည်မှု ယူကာ လုပ်ကိုင်နေသည့် ဥပဒေပ လုပ်ငန်းများ၏ ငြိုငြင်မှု သို့မဟုတ် မုန်းတီးမှု ရရှိသွားတတ်သည်။

မည်သည့် အကြောင်းကြောင့်ဖြစ်စေ သတင်းထောက် တစ်ဦးဦးကို အသက်အန္တရာယ် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ လုပ်ကြံ သတ်ဖြတ်ခြင်းတို့မှာ ဥပဒေပြင်ပ လုပ်ကိုင်နေသူများက ဥပဒေကို ထပ်မံ ချိုးဖောက်ခြင်း ဖြစ်သည့်အပြင် မြန်မာ လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုအရလည်း လုံးဝ လက်သင့်ခံနိုင်သည့် နည်းလမ်း မဟုတ်ပေ။

ပြည်သူလူထု၏ သတင်း သိပိုင်ခွင့်ကို ဖြည့်ဆည်း ပေးနေသည့် သတင်းထောက်များ အနေနှင့်လည်း “ညောင်သီးလည်းစား၊ လေးညှို့သံလည်း နားစွင့်” ဆိုသကဲ့သို့ မိမိတို့ တစ်ဦးချင်းစီ၏ ဘေးကင်း လုံခြုံရေးကို မိမိတို့ဘာသာ ဂရုစိုက်ကြရန် အထူး လိုအပ်ပေသည်။

ပုံမှန်အားဖြင့် သာမန် နိုင်ငံသားများလည်း ဖြစ်သည့် သတင်းသမားများကို တည်ဆဲဥပဒေများ၊ သတင်းမီဒီယာဥပဒေ၊ သတင်းမီဒီယာဆိုင်ရာ အဖွဲ့အစည်းများ၊ သတင်းသမားတို့ ကိုယ်စားပြုသော သက်ဆိုင်ရာ သတင်းမီဒီယာနှင့် သတင်းထောက်ကို တိုက်ရိုက် ကြီးကြပ် တာဝန်ပေးသည့် အယ်ဒီတာများ၊ သက်ဆိုင်ရာ ဒေသရှိ တရားဝင် လက်နက်ကိုင် တပ်ဖွဲ့များထံတို့တွင် သတင်းသမားတို့၏ လုံခြုံဘေးကင်းရေး တစ်စိတ်တစ်ပိုင်း တာဝန် ရှိပေသည်။

သို့သော် မြေပြင်တွင် ဘေးအန္တရာယ်နှင့် မမျှော်လင့်ဘဲ ရုတ်တရက် ကြုံတွေ့ရသည့်အခါ အထက်ဖော်ပြပါ ဥပဒေ၊ အသင်းအဖွဲ့၊ မီဒီယာနှင့် အယ်ဒီတာများက ချက်ချင်းလက်ငင်း အကူအညီပေးရန် များစွာ အခက်အခဲ ရှိပေရာ ကာယကံရှင် သတင်းသမား တစ်ဦးချင်းစီကသာ မိမိတို့ကိုယ်ကို စောင့်ရှောက်ခြင်းကသာ လက်တွေ့ ကျပေသည်။

ဘေးအန္တရာယ် ဖြစ်စေနိုင်ဖွယ်ရှိသည့် သတင်းများ စုံစမ်း၊ ဖော်ထုတ် ရေးသားသည့်အခါတွင် သာမက မည်သည့်သတင်းမျိုးမဆို ကျင့်ဝတ်နှင့်အညီ၊ သတင်းပညာရပ်နှင့်အညီ မျှမျှတတ၊ ခိုင်ခိုင်လုံလုံ၊ ပရော်ဖက်ရှင်နယ် ပီပီသသ၊ ရိုးဖြောင့်စွာ ရပ်တည် ရေးသားခြင်းကသာ အကောင်းဆုံးနှင့် လက်တွေ့ အကျဆုံး အကာအကွယ် ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၁၅-၁၂-၂ဝ၁၆)


  • VIA