News

POST TYPE

EDITORIAL

တာဝန်ကျေရုံမျှဖြင့် အမြင့်ဆုံးကိုမှန်း၍ မဖြစ်နိုင်
01-Dec-2020


ဖွံ့ ဖြိုးတိုးတက်သော ပြည်ပနိုင်ငံများသို့ ပညာရေးကိစ္စ၊ အလည်အပတ်ကိစ္စ တို့ဖြင့် ရောက်သွားဖူးသူများ သို့မဟုတ် ယင်းနိုင်ငံများတွင် အလုပ်လုပ်ပြီးနောက် ပြန်လာသူအတော်များများ ယေဘုယျပြောလေ့ရှိသည့် မှတ်ချက်စကားတစ်ခုရှိသည်။ ယင်းမှာ -

"သူတို့တွေ အလုပ်အရမ်းလုပ်ကြတယ်"၊ " အလုပ်အရမ်းကြိုးစားကြတယ်" ဟူ၍။ 
ထိုသို့ဆိုလိုက်သည်နှင့် မြန်မာတွေ အလုပ်မလုပ်ကြဘူးလောဟု သူ့အလိုလို မေးစရာ ဖြစ်လာပါသည်။ တကယ်တော့ အဆိုပါမေးစရာဖြစ်လာသော မေးခွန်း အတွက် အဖြေကို မြန်မာနိုင်ငံသားတစ်ဦးချင်းစီတိုင်း ကိုယ့်ဘာသာကိုယ် ဆန်းစစ်ဖြေကြားကြည့်သင့်သည်ဟု ထင်ပါသည်။ ထို့အတူ မိမိအလုပ်အပေါ်မိမိ တာဝန်ကျေပွန်ရုံမျှမကဘဲ အကောင်းဆုံးဖြစ်အောင် မည်မျှအတိုင်းအတာအထိ လုပ်ခဲ့ သနည်းဟုလည်း မေးကြည့်စေချင်မိသည်။ 

စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းခွင်တစ်ခုမှသည် အဖွဲ့အစည်းကြီးတစ်ခု၊ ဝန်ကြီး ဌာနကြီးတစ်ခုအထိ သဘောတရား မတူညီသော အလုပ်များ၊ နယ်ပယ်များ ပေါင်းစပ်လုပ်ကိုင်ကြရသော အနေအထားမျိုးတွင် မိမိတို့သွားလိုသော ပန်းတိုင် သို့မဟုတ် ရလိုသော ရလဒ်ပေါ်ပေါက်ရန် ကြိုးပမ်းကြရာ၌ 'ကိုယ့်တာကိုယ် လုံဖို့ အရေးကြီးတယ်' ဆိုသည့် သတိပေးချက်ကို တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ပေးလေ့ရှိသည်ကို စာဖတ်သူများကြားဖူးပါလိမ့်မည်။

အခြားသူများ တော်သည်၊ ညံ့သည်ဆိုခြင်းကို အာရုံစိုက်နေ၊ ဝေဖန်နေခြင်းထက် မိမိလုပ်ဆောင်ရမည့် တာဝန်နှင့် ဝတ္တရားကို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်နိုင်ရေးသည်သာ နံပါတ် ၁ အရေးအကြီးဆုံးဖြစ်သည်ဟု သတိပေးသည့်သဘောပင် ဖြစ်ပေသည်။ 

သာမန်ကာလျှံကာ အလုပ်ဖြစ်ရုံမျှ၊ တာဝန်ကျေရုံမျှ လုပ်ကိုင်ခြင်းထက် ကိုယ့်တာဝန်ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်သူများလေ နိုင်ငံကြီးပွား တိုးတက်လေဖြစ်ပေမည်။ သို့သော်လည်း လက်ရှိခေတ်ကာလ ကျွန်ုပ်တို့၏ လူ့အဖွဲ့ အစည်းထဲတွင် တာဝန်ကျေပွန်ရုံမျှ အလုပ်လုပ်တတ်သူပင်ရှားပေးနေရာ ယင်းသို့ တာဝန်ကျေရုံလုပ်တတ်သူများကိုပင် အုတ်တစ်ချပ်သဲတစ်ပွင့်ကောင်းများအဖြစ် ကြံဖန်ချီးမြှောက်ရမည့် သဘောမျိုးဖြစ်နေသည်မှာ စိုးရိမ်စရာကောင်းလှပေသည်။ 

မည်သို့ပင်ဖြစ်စေ ဒီမိုကရေစီခေတ် မြန်မာနိုင်ငံကို နယ်ပယ်အသီးသီးမှနေ၍ ရှေ့ဆုံးမှ ဦးဆောင်နေသူ (ဦးဆောင်မည့်သူ) များသည် သာမန်ကာလျှံကာ တာဝန် ကျေရုံလုပ်တတ်ရုံ၊ ပြောဆိုတတ်ရုံထက် အဆပေါင်းများစွာ ပိုလွန်အောင် စိတ်စေတနာကောင်းဖြင့် စွမ်းဆောင်နိုင်ရန် အထူးအရေးကြီးသလို နောက်လိုက်များကလည်း ကိုယ့်တာဝန်ကိုယ် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြရန် အရေးကြီးကြောင်း ပြောလိုပါသည်။ 

အယ်ဒီတာ (၃၀ - ၁၁ -၂၀၂၀)