News

POST TYPE

EDITORIAL

အရိုက်အရာဆက်ခံကြမည် ဆိုရာတွင်
29-Nov-2020
မည်သည့်လူ့အဖွဲ့အစည်းတွင်မဆို နောင်လာနောင်သား သို့မဟုတ် နောင်မျိုးဆက် တို့အနေနှင့် ယခင်မျိုးဆက်များထက် ထူးချွန်ထက်မြက်ပြီး ရှေးလူတို့ဖောက်သွား (တည်ဆောက်သွား)သည့် လမ်းများထက် ပိုမိုကောင်းမွန်သည့် အရာများ ဆောင်ကြဉ်းပေးရေးကို လိုလားကြစမြဲဖြစ်သည်မှာ စာဖတ်သူများသိထားပြီး ဖြစ်ပါမည်။

တကယ်တော့ လူ့အဖွဲ့အစည်း၊ လူ့အသိုက်အဝန်းအတွက် ရှေ့လူတွေ ဘယ်လောက်အတိုင်းအတာအထိ ကြိုးပမ်းခဲ့ကြ၊ ရုန်းကန်ခဲ့ကြ၊ ဆန်းစစ်ခဲ့ကြ၊ ရှာဖွေခဲ့ကြသည်ဖြစ်စေ ရှေ့လူတို့ထက် ပိုမိုထူးချွန် ပိုမိုထက်မြက် ပိုမိုအမြော်အမြင် ရှိသည့် နောင်မျိုးဆက်တို့မရှိခဲ့ပါက လူ့အဖွဲ့အစည်းအတွက် တန်ဖိုးရှိသည့်အရာများ ကွယ်ပျောက်သွားရန်သာရှိပေသည်။ မကွယ်ပျောက်ခဲ့လျှင်သော်မှ ဈေးကျရကုန် ဖွယ်သာရှိသည်။ 

ဥပမာ - အမေရိကန်ညီအစ်ကိုနှစ်ဦးဖြစ်သည့် အော်ဗီလီရိုက်နှင့် ဝီလ်ဘာရိုက် (ရိုက်ညီနောင်)တို့နှစ်ဦးက ကောင်းကင်ထဲတွင် လေယာဉ်ပျံသန်းမှုကိုစတင်တွေ့ရှိ ခဲ့သည်မှာမှန်သော်လည်း နောင်မျိုးဆက်သစ် သိပ္ပံပညာရှင်များ၏ တီထွင်ဆန်းသစ် နိုင်မှု၊ ပြင်ဆင်ဖန်တီးနိုင်စွမ်းကြောင့်သာလျှင် ယနေ့အခါတွင် အဲယားဘတ်စ်၊ ဘိုးအင်း၊ စသည့်အဆင့်မြင့်လေယာဉ်ကြီးများထပ်မံပေါ်ထွက်လာပြီး အများ ပြည်သူတို့အနေနှင့် သက်သောင့်သက်သာ စီးနင်းနေနိုင်ကြခြင်းဖြစ်သည်။ လေယာဉ် တစ်မျိုးတည်းမဟုတ်သေးပါ၊ တီထွင်ဆန်းသစ်မှုများတွင်လည်း ထိုအတိုင်းသာပင်။ 
ယနေ့ ဂျာမနီ၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ရုရှား စသည့် နိုင်ငံကြီးများ သိပ္ပံပညာတွင်သာမက အင်ဂျင်နီယာပညာ၊ ဆေးပညာနှင့် အနုပညာ နယ်ပယ်တို့တွင်ပါ ရှေ့ဆုံးကနေဦးဆောင်နေနိုင်သည့် အဓိကအချက်များ အနက်တစ်ခုမှာ ပိုမိုထူးချွန်ထက်မြက်သည့် နောင်မျိုးဆက်တို့ဆက်လက်ပေါ်ထွက် နေခြင်းကြောင့်ပင်။ 

နိုင်ငံရေးဘက်ကိုကြည့်လျှင်လည်း ယင်းနိုင်ငံများသာမက အခြားဖွံ့ ဖြိုးပြီး နိုင်ငံများ၌ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများအခိုင်အမာရှိထားခြင်းမှာ ရှေ့က နိုင်ငံပြုပုဂ္ဂိုလ်ကြီးများနှင့် နိုင်ငံရေးသမားကြီးများတည်ဆောက်ခဲ့သမျှကို နောင်မျိုးဆက် နိုင်ငံရေးသမားများက ယိမ်းယိုင်းမသွားစေဘဲ ကောင်းသည်ထက်ကောင်းအောင် ဆက်၍စနစ်တကျတည်ဆောက်နိုင်ခဲ့ကြခြင်းကြောင့်ပင်ဖြစ်ပေလိမ့်မည်။ မြန်မာ စကားပုံအတိုင်းပြောရလျှင် ရှေ့ကသွားသည့် နွားလားကလည်း ဖြောင့်ဖြောင့်သွား ခဲ့သည်၊ နောက်က လိုက်သည့်နွားများကလည်း ဖြောင့်ဖြောင့်လိုက်နိုင်အောင် ကြိုးပမ်း နိုင်ကြခြင်းမျိုးဖြစ်ပါသည်။ 

အဓိကမှာ ဦးဆောင်သူ၊ တစ်နည်းအားဖြင့် ခေါင်းဆောင်ကောင်း မျိုးဆက် မပြတ်သွားရေးသာပင်။ အခြားအဖွဲ့အစည်းများ၊ လက်နက်ကိုင်အင်စတီကျူးရှင်း ကြီးများ၊ နိုင်ငံရေးပါတီကြီးများအနေနှင့် ယင်းအချက်ကို လေးလေးနက်နက် တွေးသင့်သည်။ မိမိအဖွဲ့အစည်းကို ရှေ့ဆောင်လမ်းပြလုပ် အုတ်မြစ်ချသွားသည့် ပုဂ္ဂိုလ်များအတိုင်း မိမိတို့မျိုးဆက်က ကြိုးပမ်းနိုင်စွမ်းရှိ၏လော၊ အကျင့်စာရိတ္တပိုင်း၊ တီထွင်ကြံဆနိုင်မှုအပိုင်း၊ ကြိုးစားရုန်းကန်နိုင်မှုအပိုင်းတွင် ရှေ့မျိုးဆက်များ ထက်သာအောင် ထူးချွန်အောင် နောက်မျိုးဆက်တို့ကလုပ်ဆောင်နေကြပါ၏လော စသည်ဖြင့်လည်း မေးခွန်းထုတ်ဆန်းစစ်ကြည့်သင့်ပေသည်။ 

မြန်မာ့ဒီမိုကရေစီဖော်ဆောင်ရေးနှင့် နိုင်ငံတည်ဆောက်ရေးတို့တွင် တာဝန်ခံ နိုင်သူ၊ တာဝန်ယူနိုင်သူ ခေါင်းဆောင်ကောင်းဆို၍ တကယ့်ကို အနည်းအကျဉ်းမျှသာ ရှိသည်မှာ အားလုံးအသိပင်။ လက်ချိုးရေတွက်ကြည့်လျှင် လက်ဆယ်ချောင်းပင် ပြည့်မည်မဟုတ်။ သို့သော် အရည်အချင်းရှိ စိတ်ဓာတ်လေည်းကောင်းသည့် မျိုးဆက်သစ်  တို့မရှိတော့ခြင်းတော့မဟုတ်။ လူမသိသူမသိ တိမ်မြုပ်နေကြခြင်းသာ ဖြစ်ပေသည်။ 

သို့အတွက်အရေးကြီးသည်မှာ ရှေ့ကသွားထားနှင့်သူ၊ ရှေ့ကသွားနေသူတို့ နေရာတွင် အစားထိုးဝင်ရောက်မည့် အနာဂတ်မျိုးဆက်များ၊ အင်အားသစ်များ စုဆောင်းထားကြရန်ဖြစ်သည်။ လာရာအဖွဲ့အစည်းနှင့် နောက်ခံသမိုင်းကြောင်း များမတူလင့်ကစား အတူတကွလက်တွဲလုပ်ကိုင်နိုင်သည်ဆိုပါက ဒီမိုကရေစီရေးနှင့် နိုင်ငံဖွံဖြိုးတိုးတက်ရေးကိုလိုလားသည့် ခေါင်းဆောင်များ ခါးဆက်ပြတ်သွားစရာ အကြောင်းမရှိပါကြောင်း ထောက်ပြလိုပါသည်။ နိုင်ငံတည်ဆောက်ရေးတစ်ခုတည်း အတွက်သာမကပေ။ 

အယ်ဒီတာ ( ၂၉ - ၁၁ - ၂၀၂၀)