News

POST TYPE

EDITORIAL

ခေတ်သစ်၊ စနစ်သစ်အတွက် ဇာတ်ပို့သူရဲကောင်းများ
19-Nov-2020


ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့ရွေးကောက်ပွဲတွင် အာဏာရပါတီ မဲအပြတ် အသတ်ဖြင့် အနိုင်ရကာ ပြန်လည်ရွေးကောက်တင်မြှောက်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ မြန်မာ့နိုင်ငံရေးလေ့လာသူ၊ ဝေဖန်ဆန်းစစ်သူ၊ နိုင်ငံရေးသုတေသီ များအကြား တူညီသည့် မှတ်ချက်တစ်ခုရှိခဲ့သည်ကို သတိပြုမိပါသည်။ ယင်းမှာ- 'သူရဲကောင်း ကိုးကွယ်မှု' (Hero-Worshipping) ဆိုသောမှတ်ချက်ပင်။ 

မဲပေးပိုင်ခွင့်ရှိသူများ၏ ၇၀ ရာခိုင်နှုန်းကျော်လာရောက်မဲပေးသွားသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုကြည့်မည်ဆိုလျှင် နိုင်ငံရေးလေ့လာဆန်းစစ်သူများ ညွှန်းဆိုသည့် သူရဲကောင်းမည်သူမည်ဝါဖြစ်သည်ကို အထွေအထူးရှင်းပြစရာ မလိုဟုထင်ပါသည်။ 

ဘာကြောင့် ထိုသူရဲကောင်းကို အားကိုးတကြီးဖြစ်နေသနည်းဟု မေးလျှင် ယုံကြည်စိတ်ချမှုဆိုသည့်အချက်က တူညီနေနိုင်သည်ဟု ထင်ပါသည်။ 

မြန်မာတို့၏ အလေ့အထကို၌က နိုင်ငံရေးပြဿနာများနှင့်ပတ်သက်လာပါက အရည်အချင်း၊ စွမ်းဆောင်နိုင်မှုနှင့် စွန့်လွှတ်နိုင်မှုတို့တွင် ပြိုင်စံရှားသူကို သူရဲကောင်း အဖြစ်သတ်မှတ်လေ့ရှိရာ ၎င်းသူရဲကောင်းဦးဆောင်ဖြေရှင်းမှ ပြဿနာပြေလည် မည်ဟုယုံကြည်စိတ်ချသည်မှာ ကျိုးကြောင်းဆီလျော်သည်ဟုထင်ပါသည်။ 

တကယ်တော့ မြန်မာတို့ပင် မဟုတ်ပေ၊ အခြားနိုင်ငံနှင့် အခြားလူ့အဖွဲ့အစည်း များတွင်လည်း ယင်းနည်းအတိုင်းပင် သူရဲကောင်း သို့မဟုတ် ခေါင်းဆောင်ကောင်း ရှာကြမည်ဟုထင်ပါသည်။ 
သတိပြုစရာကောင်းသည့်အချက်မှာ သမိုင်းကြောင်းတွင် သူရဲကောင်းဟူ သည်မှာ ကမ္ဗည်းတင်ဂုဏ်ပြုခံရသူကိုဆိုလိုပြီး တကယ်တမ်း အဆိုပါသူရဲကောင်း ယင်းသို့ကမ္ဗည်းထိုးခံရသည်အထိ ဝိုင်းဝန်းပံ့ပိုးပေးသူ ဇာတ်ပို့သူရဲကောင်း အမြောက် အမြားရှိနေနိုင်ခြင်းပင်။ 

သမိုင်းတွင်သော ဖြစ်ရပ်တို့တွင် ထင်သာမြင်သာအရှိဆုံးသော၊ အောင်မြင် ကျော်ကြားဆုံးသော ပုဂ္ဂိုလ်ကြီးများသည်သာလျှင် သူရဲကောင်းမဟုတ်ဘဲ ယင်းခေတ်ကာလတစ်ခုထဲတွင် ကျရာကဏ္ဍမှ ပါဝင်ပံ့ပိုးပေးသည့် သူရဲကောင်း များရှိခဲ့သည်ဆိုသောအချက်ကို ကောင်းစွာ နားလည်သဘောပေါက်ထားရပါမည်။ 

လိုရင်းပြောရလျှင် ၂၀၂၀၊ နိုဝင်ဘာ ၈ ရက်အလွန် ကြုံရလာမည့်နိုင်ငံရေးဖြစ်စဉ်တို့တွင် သူရဲကောင်းကိုချည်းပဲ အားကိုးမနေဘဲ၊ တစ်နည်းအားဖြင့် ဘာဖြစ်ဖြစ် သူရဲကောင်းကိုသာ ပုံချမျှော်ကိုးမနေဘဲ မိမိကိုယ်တိုင်သည်ပင် ခေတ်ပြောင်း၊ စနစ်ပြောင်းကာလတစ်ခု၏ ဇာတ်ပို့သူရဲကောင်းအဖြစ် ပြုပြင်စရာရှိသည်ကို ဝိုင်းဝန်းပြုပြင်ကာ ပိုမိုကောင်းမွန်လှပသော မြန်မာ့လူ့ဘောင်သစ်တစ်ခု တည်ဆောက် ကြရန် The Voice Daily ကတိုက်တွန်းလိုသည်။ 

အယ်ဒီတာ ( ၁၉ - ၁၁ - ၂၀၂၀)