News

POST TYPE

EDITORIAL

၂၀၂၀ အလွန်မှာ အလုပ်ပိုလုပ်ကြရမည့်သူများ
15-Nov-2020


စစ်မှန်သော ဒီမိုကရေစီစနစ်နှင့်ပတ်သက်၍ မတူညီသော နိုင်ငံနှင့် ယဉ်ကျေးမှုတို့ အလိုက် သတ်မှတ်ပြဋ္ဌာန်းထားသော မတူကွဲပြားသော စံနှုန်းအသီးသီးနှင့် ဆိုရိုး အသီးသီးရှိသော်လည်း တူညီသည့်အချက်မှာ ဒီမိုကရေစီဟူသည် တရားဥပဒေ စိုးမိုးရေး၊ တစ်နည်းအားဖြင့် ပြည်သူတို့ကို အမှန်တကယ် အကာအကွယ်ပြုပေးသည့် ဥပဒေကောင်းများရှင်သန်နေခြင်းကို ဆိုလိုပေသည်။ 

ဒီမိုကရေစီစနစ်အလွန်အားကောင်းသွားပြီဖြစ်သောကြောင့် ရွေးကောက်ပွဲ များကိုပင် ပြည်သူလူထုက များစွာစိတ်မဝင်စားကြတော့သည့် နိုင်ငံများ (ဥပမာ - အနောက်ဥရောပနှင့် စကင်ဒီနေးဗီးယားဒေသနိုင်ငံများ)ကိုကြည့်မည်ဆိုလျှင် သမိုင်းတွင် ခါးခါးသီးသီး ကြုံတွေ့ခဲ့ဖူးသော အဖြစ်ဆိုးများ လုံးဝ ထပ်မဖြစ်နိုင်အောင် ပိတ်ပင်ဟန့်တားထားပြီး ပြည်သူ (နိုင်ငံသားများ)ကို အမှန်တကယ် အကာအကွယ် ပေးသည့် ဥပဒေများရှင်သန်နေနိုင်အောင် ဖန်တီးပေးထားသည်ကိုတွေ့ရပေမည်။ 

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် လူငယ်များဦးဆောင်သည့် ဆန္ဒပြပွဲများ၏ အဓိကဦးတည်ချက်မှာ စစ်အာဏာသိမ်းမှုအမြောက်အမြားရှိခဲ့သည့် အစဉ်အလာ နှင့် ထိုင်းဘုရင်စနစ်ကြောင့် နိုင်ငံရေးတွင် စစ်တပ်ပါဝင်စွက်ဖက်နေမှုများ အဆုံးသတ် ရန်၊ တစ်နည်းအားဖြင့် ထိုင်းပြည်သူများ အမှန်တကယ်မှီခို အားထားနိုင်သည့် အခြေခံဥပဒေအပါအဝင် ဥပဒေကောင်းများပေါ်ထွန်းရန်ဖြစ်သည်။
ဤနေရာတွင် ပြည်သူလူထု အမှန်တကယ် မှီခိုအားထားရမည့် ဥပဒေများ ပေါ်ထွန်းရေးကိစ္စနှင့်ပတ်သက်လာမည်ဆိုပါက နိုင်ငံရေးပါတီ၏ မျက်နှာနှင့် ပြည်သူ၏မျက်နှာ မည်သည့်မျက်နှာကိုကြည့်သင့်သနည်းဟူသောမေးခွန်းကို ဥပဒေပြုရေးမဏ္ဍိုင်မှ တာဝန်ရှိသူများ သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်များ အလေးအနက်ထားစဉ်းစားသင့်ပေသည်။ 

အကြောင်းမှာ အစိုးရအဖွဲ့သာမက နိုင်ငံအတွက် အရေးပါသည့် အင်စတီ ကျူးရှင်းကြီးများတွင် 'အထက်ကအမိန့်' အတိုင်းလိုက်နာဆောင်ရွက်ပါက 'ဝန်ထမ်း ကောင်း'၊ 'အမှုထမ်းကောင်း' အဖြစ်သတ်မှတ်ခံရစမြဲဖြစ်သော်လည်း ဒီမိုကရေစီ အမှန်တကယ်ဖော်ဆောင်လိုသော ပြည်သူ့ကိုယ်စားလှယ်အတွက်မူ ဥပဒေကောင်း များအထက်၌ မည်သည့် ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းတစ်ခုမျှမရှိအောင် အခိုင်အမာ လုပ်ဆောင်နိုင်ပါမှ ပြည်သူ့ကိုယ်စားလှယ်ကောင်းအဖြစ် သတ်မှတ်ခံရပေမည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် အောင်လံခိုင်သွားသူများအနေနှင့် ယင်းအောင်လံ ရအောင်ဖန်တီးပေးခဲ့သူ မဲဆန္ဒရှင်ပြည်သူများ၏ လူမှုစီးပွားရေးဘဝ တစ်ဆစ်ချိုး ပြောင်းလဲတိုးတက်စေရေးအတွက် အရေးကြီးသည့် ဥပဒေကောင်းများကို ယခင်ငါးနှစ်တာကာလထက် ပိုမိုတကြွ်ကစွာ၊ အမြော်အမြင်ကြီးစွာ ဖော်ထုတ် ရေးဆွဲရမည်ဖြစ်ပေသည်။ 

လိုရင်းပြောရလျှင် ပြည်သူကိုအမှန်တကယ်ကာကွယ်ပေးမည့် ဥပဒေကောင်း များပေါ်ထွန်းရေးအတွက် အလုပ်ပိုလုပ်ပေးရန်သာဖြစ်သည်။ 

အယ်ဒီတာ ( ၁၅ - ၁၁ - ၂၀၂၀ )