News

POST TYPE

EDITORIAL

နိုင်ငံရေးကစားပွဲများနှင့် ပွဲဖျက်ချင်သူများ၏ အန္တရာယ်
10-Nov-2020


၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်းမျှအလိုတွင် တစ်နှစ်ကျော်ကြာ ဝရမ်းပြေးဘဝဖြင့် ပုန်းအောင်းနေခဲ့သည့် ဦးဝီရသူပြန်လည်ထွက်ပေါ်လာခြင်း၊ နိုင်ငံတော်သမ္မတရုံးနှင့် တပ်မတော်အကြားအပြန်အလှန် သဘောထားကြေညာချက် ထုတ်ပြန်ခြင်း စသည်ဖြစ်စဉ်တို့ကို နိုင်ငံရေးကစားကွက် သို့မဟုတ် ကစားပွဲအဖြစ် ဘေးမှစိတ်ဝင်တစားကြည့်နေသူအများစုက ရှုမြင်ခဲ့ကြပါသည်။

ရွေးကောက်ပွဲကာလတစ်ဝိုက် နိုင်ငံရေးအင်အားစုများ၏ နိုင်ငံရေးကစားကွက်များသည် နိုင်ငံရေးလေ့လာဆန်းစစ်သူများ၊ နိုင်ငံရေးစိတ်ဝင်စားသူများအတွက် သည်းခြေကြိုက်အကြောင်းအရာများဖြစ်သည်မှာ အဆန်းမဟုတ်ပေ။ 

သို့သော် ထိုသို့သော နိုင်ငံရေးကစားပွဲများကိုသာ အာရုံစိုက်နေမည်ဆိုပါက နိုင်ငံနှင့်ပတ်သက်၍ လုပ်စရာရှိသည့် မူလအကြောင်းအရာများ မပြီးပြတ်ဘဲဖြစ်နေမည်သာပင်။ 

ပိုဆိုးသည်မှာ နိုင်ငံအတွက်အရေးပါသည့် အင်အားစုများကိုယ်တိုင်က အဆိုပါ နိုင်ငံရေးကစားပွဲများတွင် သာယာယစ်မူးနေလျှင် သို့မဟုတ် အစွမ်းကုန်နစ်မျောနေလျှင် နိုင်ငံဖွံ့ ဖြိုးရေးနှင့် ပြည်သူများလူမှုစီးပွားဘဝ သာယာဝပြောရေး၊ ကပ်ရောဂါတိုက်ဖျက်ရေးစသည့် အများကောင်းစားရေးကိစ္စတို့အပေါ် အာရုံမစိုက်နိုင်တော့ဘဲ တာဝန်လစ်ဟင်းနိုင်ပေသည်။ 

ဤတိုင်းပြည်၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ ဆယ်စုနှစ်တစ်ခုနီးပါးကြာလာပြီဖြစ်သည်နှင့်အမျှ တဖြည်းဖြည်းချင်းသိသာထင်ရှားလာသည်မှာ နိုင်ငံရေးကစားပွဲများအရှိန်ပိုကောင်းလာသလို ပွဲဖျက်မည့်သူများ၏ အန္တရာယ် ကလည်း ခြောက်လှန့်နေဆဲ၊ ရှိနေဆဲပင်ဖြစ်သည်။ 
နိုင်ငံကို ဦးဆောင်ကြမည့် ခေါင်းဆောင်များနှင့် ပြည်သူ့ကိုယ်စားလှယ်နိုင်ငံရေးသမားများအနေနှင့် ဤအလုပ်လုပ်ကာ ဤတာဝန်ကိုယူထားသရွေ့ နိုင်ငံရေးကစားပွဲများနှင့် မည်သည့်အခါမျှ လွတ်ကင်းနိုင်မည်မဟုတ်ပေ။ 

သို့သော် ရထားသည့်၊ ရခဲ့သည့် မတရားအခွင့်ထူးများ မရတော့မည်စိုး၍ ကန့်လန့်တိုက်ရုံမက ပွဲဖျက်ရန်ကြံစည်နေသူများကြောင့် ဒီမိုကရေစီအသွင် ကူးပြောင်းရေး ပွဲပျက်၊ မပျက်ကိစ္စမှာမူ ခေါင်းဆောင်များ၏ အမြင်ကျယ်ခြင်း မကျယ်ခြင်းနှင့် ပြည်သူများ၏ ရင့်ကျက်မှုတို့က ဆုံးဖြတ်မည်ဖြစ်ပေသည်။ 

၂၀၂၀ အလွန် မြန်မာတို့လျှောက်ရမည့် ဒီမိုကရေစီလမ်းတွင် ပွဲဖျက်သူများ၏ အန္တရာယ်ကင်းဝေးပါစေရန် The Voice Daily က ဆန္ဒမွန်ပြုမိပေသည်။ 

အယ်ဒီတာ  ( ၁၀ - ၁၁ - ၂၀၂၀ )