News

POST TYPE

EDITORIAL

ပြည်သူ့ဆန္ဒကို နားလည်ကြည့်ခြင်း
09-Nov-2020


နိုင်ငံရေးအတွက် ဆိုရိုးစကားတွေမရေမတွက်နိုင်အောင်ရှိသည့်အနက် 'နိုင်ငံရေးမှာ လူထုဆန္ဒသည်သာ အခရာ' ဆိုသည့်စကားသည် လက်မခံ၍မရနိုင် သော ကိစ္စဖြစ်သည်ကို ယခု ၂၀၂၀ ရွေးကောက်ပွဲက ထပ်မံဖော်ကျူးလိုက်ပြန်ပါသည်။ 

သည်တစ်နှစ် ရွေးကောက်ပွဲတွင် အာဏာရပါတီအနေနှင့် ၂၀၁၅ ခုနှစ် ကကဲ့သို့ သောင်ပြိုကမ်းပြိုအနိုင်မရနိုင်ဘဲ အကြိတ်အနယ်ယှဉ်ပြိုင်ရလိမ့်မည်ဟု ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးလေ့လာစောင့်ကြည့်သူများ၏ ခန့်မှန်းချက်များလည်း တက်တက်စင်အောင်လွဲသွားပေသည်။ 

'အမျိုး၊ ဘာသာ၊ သာသနာ ကို အမှန်တကယ်ချစ်သူ၊ ကာကွယ်ချင်သူများက မည်သူတွေဖြစ်သည် ဆိုသောအချက်ကိုလည်း ယင်းကိစ္စဆော်သြနေခဲ့သူများထက် ပြည်သူအများက ပို၍နားလည်သဘောပေါက်ကြောင်း ဤရွေးကောက်ပွဲက သက်သေပြလိုက်သည့်သဘောပင်။ 

ဘာသာရေးစစ်ပွဲများအကြောင်းရိုက်ကူးထားသည့် အင်္ဂလိပ်ရုပ်ရှင်များတွင် အဖြစ်အပျက်တစ်ခုခု၊ အပြောင်းအလဲတစ်ခုခုဖြစ်လျှင် 'This is a Will of God' ဟု ပြောဆိုတတ်ကြသည်ကို စာဖတ်သူများ သတိပြုမိမည်ဟု ထင်ပါသည်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို 'This is a Will of People' ဟု ဆိုရပါမည်။ People ဟု ဆိုရာတွင် လူအများစု၏ ဆန္ဒကို ဆိုလိုခြင်းဖြစ်ပြီး ပြည်သူအများ၏ ဆန္ဒနှင့် တင်မြှောက်သော ပါတီက ပြည်သူပေးသည့် လုပ်ပိုင်ခွင့်အာဏာနောက်တစ်ကြိမ် ထပ်ရခြင်းဖြစ်သည်။ 

အနိုင်ရသူများအတွက် ယခုတစ်ကြိမ်သည် ယခင်ကထက် တာဝန်ပိုကြီး သည်။ တာဝန်လည်းပိုယူကြရမည်။ မည်သူ့မျက်နှာကြောင့် ယခုလို ယုံယုံကြည်ကြည် နှင့် မဲပေးရွေးချယ်ခဲ့သည်ဆိုသောအချက်ကို ပိုမိုနားလည်းသင့်သလို တရားမျှတမှု မရှိ၊ ဥပဒေမစိုးမိုးသည့် ခေတ်စနစ်မျိုးကို မည်မျှရွံရှာမုန်းတီးသည်ဆိုသော အချက် ကိုလည်း သဘောပေါက်သင့်သည်။ 

၂၀၁၅ ခုနှစ်က ပေးခဲ့သည့် ကတိစကားများအတိုင်း မည်သူတွေက အမှန်တကယ်အကောင်အထည်ဖော်နိုင်ခဲ့သည်၊ မည်သူတွေက ပါတီအရိပ်ခိုကာအခွင့်အရေးယူနေသည်ဆိုသောအချက်ကိုလည်း ပြည်သူများက ငါးနှစ်အတွင်း မြင်တွေ့ခဲ့ရပြီဖြစ်ရာ အရိပ်နေကာ အခက်ချိုးနေသူများကို ပြတ်ပြတ်သားသား ကိုင်တွယ်ရပေမည်။ 

ပွင့်ပွင့်လင်းလင်းပြောရလျှင် ယခုတစ်ကြိမ်သောင်ပြိုကမ်းပြိုအနိုင်ရမှုကို အနိုင်ရသွားသူများအနေနှင့် လုံးဝ ပေါ့ပေါ့တန်တန်မတွေးသင့်ပေ။ ပြည်သူဒဏ်ခတ် လျှင် ခွက်ခွက်လန်အရေးနိမ့်တတ်သောကြောင့်ဖြစ်ပေသည်။ 

အယ်ဒီတာ  ( ၉ - ၁၁ - ၂၀၂၀)