News

POST TYPE

EDITORIAL

၂၀၂၀ ရွေးကောက်ပွဲအလွန် တစ်မျိုးသားလုံး၏ ပန်းတိုင်
09-Nov-2020


၂၀၂၀ အထွေထွေရွေးကောက်ပွဲပြီးဆုံးသွားပါသည်။ မဲရုံများလုံခြုံရေး နှင့်ပတ်သက်၍ ရွေးကောက်ပွဲမတိုင်ခင်က စိုးရိမ်မှုများရှိခဲ့သော်လည်း မဲပေးချိန် ကုန်ဆုံးသည်အထိ မဲဆန္ဒရှင်များ အန္တရာယ်ကင်းရှင်းစွာ မဲပေးနိုင်ခဲ့ကြသည်မှာ ဝမ်းသာစရာပင်ဖြစ်သည်။ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများ၏ အဆိုအရ ယခုရွေးကောက်ပွဲတွင် မဲရုံများကို အချိန်မီဖွင့်လှစ်နိုင်ခဲ့ပြီး ပြဿနာကြီးကြီးမားမားတစ်စုံတရာမရှိပေ။ 

ကပ်ရောဂါကြီးကြောင့်  လူမှုစီးပွားရေးအကျပ်အတည်းများဖြစ်ကာ ပြည်သူများအနေနှင့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှုနည်းခဲ့သော်လည်း အမှန်တကယ် ကျင်းပလာချိန်တွင် မဲရုံသို့ တကြွ်ကစွာသွားကြသည့် မဲဆန္ဒရှင်ပြည်သူများကို မီဒီယာအသီးသီးမှတစ်ဆင့်မြင်တွေ့ခဲ့ကြရမည်ဟုထင်ပါသည်။ ထင်မှတ်ထား သည်ထက် မဲပိုပေးခဲ့ကြသည်။ 

မင်စွန်းနေသော လက်သန်းပိုင်ရှင်သည် နိုဝင်ဘာ ၈ ရက်နေ့အတွက် တာဝန်သိ နိုင်ငံသားသဖွယ်ဖြစ်သည်ကို ဆိုရှယ်မီဒီယာပို့စ်များကိုကြည့်လျှင်သိနိုင်ပေသည်။ ဤနေရာတွင် တာဝန်သိနိုင်ငံသားဟူသည်မှာ နိုင်ငံ၏ ပန်းတိုင်ဖြစ်သော စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုသည့် ပန်းတိုင် အတွက် လုပ်သင့်တာကို တာဝန်သိစွာလုပ်ကိုင်ခြင်းကို ဆိုလိုပါသည်။ 

မြန်မာနိုင်ငံ၏ သမိုင်းကိုကြည့်လျှင် မြန်မာ့လူ့အဖွဲ့အစည်းရောက်ချင်၊ သွားချင်သည့် ပန်းတိုင်တွေ ကာလအလိုက်မတူကွဲပြားစွာရှိခဲ့သည်ကိုတွေ့ရပါ မည်။ ကိုလိုနီခေတ်တွင် လွတ်လပ်ရေးသည် 'ပန်းတိုင်' ဖြစ်ခဲ့ပြီး လမ်းစဉ်ပါတီ ခေတ်တွင် ပါတီစုံဒီမိုကရေစီသည် ပန်းတိုင်ဖြစ်ခဲ့ပါသည်။ ယခု ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပနိုင်သည့်ခေတ်တွင် ပန်းတိုင်တွေလည်းစုံလာပါသည်။ အခြေခံ ဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံ ဖွံ့ ဖြိုးရေး စသည်ဖြင့်။ 

သို့သော် ပန်းတိုင်ဟူသည်မှာ ရည်မှန်းချက်ဖြစ်ပြီး ရောက်အောင်သွားသည့် နည်းလမ်း သို့မဟုတ် နည်းစနစ်ပေါ်မူတည်ပြီး ပန်းတိုင်နှင့်အကွာအဝေးပြောင်းလဲနိုင်ပေသည်။ မြန်မာ့နိုင်ငံရေး၏ ပကတိဖြစ်ရပ်များကိုကြည့်လျှင် ပန်းတိုင်များ နှင့်ပတ်သက်၍ ပြောစရာမရှိခဲ့သော်လည်း နည်းလမ်းကိစ္စကြောင့် မညီမညွတ် ဖြစ်ကာ ပန်းတိုင်နှင့်ဝေးနေခဲ့ရသည့်ကာလကပိုများပါသည်။ ကိုလိုနီခေတ်၏ လွတ်လပ်ရေးပန်းတိုင်တစ်ခုတည်းသာ မြန်မာတစ်မျိုးသားလုံး ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းနိုင်ခဲ့ပေသည်။ 

ယခု ၂၀၂၀ နိုဝင်ဘာလ ၈ ရက်အလွန် မြန်မာ့နိုင်ငံရေးအတွက်မူ ရွေးကောက်ပွဲ တို့သည် တာဝန်သိနိုင်ငံသားတို့၏ မှတ်တိုင်ဖြစ်ပြီး ညီညွတ်မှုသည် တစ်မျိုးသားလုံး အတွက် အရေးကြီးသောပန်းတိုင်တစ်ခုဖြစ်ကြောင်း ပြောလိုပေသည်။ 

အယ်ဒီတာ (၈ - ၁၁ - ၂၀၂၀)