News

POST TYPE

EDITORIAL

သုံးကြိမ်မြောက် မဲပေးကြမယ့် သူများသို့
08-Nov-2020
ယနေ့ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲကိုပါထည့်ပေါင်းလျှင် မြန်မာနိုင်ငံသားတွေ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် မဲပေးခဲ့ကြတာ သုံးကြိမ်ရှိသွားပြီဖြစ် ပါတယ်။ ၂၀၁၀ပြည့်နှစ်နဲ့ ၂၀၁၅ ခုနှစ်မှာ တစ်ကြိမ်စီပေးခဲ့ကြတာပါ။ 

တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကျင်းပသွားတဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင်လား၊ ထရမ့်လား စသဖြင့် ဘယ်သူ ဘယ်ဝါသမ္မတအဖြစ်ရွေးချယ်ခံရတယ်ဆိုတဲ့ကိစ္စ မသဲမကွဲဖြစ်နေချိန်မှာ ကျွန်တော် တို့တစ်တွေမဲပေးကြမှာပါ။ 

ဒီမိုကရက်တစ်ပါတီကိုအားပေးတဲ့ အမေရိကန်တွေနဲ့ ရီပတ်ဘလီကန်ပါတီ ကို အားပေးတဲ့ အမေရိကန်တွေဟာ မိမိနိုင်စေချင်တဲ့သူ သမ္မတဖြစ်ရေးကို ရင်တမမနဲ့ စောင့်စားနေကြရပါတယ်။ ရွေးကောက်ပွဲမှာ ကိုယ်နိုင်စေချင်တဲ့၊ ကိုယ်မဲပေး လိုက်တဲ့ ပါတီ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အရေးနိမ့်သွားမှာကို မလိုလား တာဟာ မဲဆန္ဒရှင်အသီးသီးရဲ့ တူညီတဲ့အခြေခံစိတ်သဘောဖြစ်မယ်လို့ထင်ပါတယ်။ 

ယခုနှစ် မြန်မာ့ဒီမိုကရေစီရွေးကောက်ပွဲမှာတော့ မဲပေးဖို့တိုက်တွန်းသံ တွေကြားခဲ့ရသလို မဲမပေးဘဲနေကြဖို့ ဆော်သြကြတဲ့ အင်အားစုတွေကိုလည်း ရှိခဲ့ ပါတယ်။ မဲပေးတယ်ဆိုတာနိုင်ငံသားတစ်ဦးရဲ့ အခွင့်အရေးလို့ ဆိုကြတာတွေရှိသလို မဲမပေးဘဲနေတာလည်း ပုဂ္ဂိုလ်ရေး ရွေးချယ်ပိုင်ခွင့်တစ်ခုဖြစ်တယ်လို့ ဆိုတာတွေ ရှိပါတယ်။ 

တချို့က ကပ်ရောဂါကြီးဖြစ်နေတဲ့ကြားက မဲပေးဖို့ကိစ္စမလုပ်သင့်ဘူးလို့ဆို တာတွေလည်းရှိပါတယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေမှာလည်း ဒီလိုပဲ ကပ်ရောဂါကြား ကနေပဲ ရွေးကောက်ပွဲတွေကျင်းပခဲ့ကြတာပါပဲ။

ဘာကြောင့် မဲပေးချင်တာလဲ၊ ဘာကြောင့်မဲမပေးချင်တာလဲ။ စဉ်းစားကြည့်ရင် ရှင်းပါတယ်၊ အပြောင်းအလဲကောင်းတွေဖြစ်လာနိုင်တယ်လို့ ယုံကြည်ချက်ရှိတဲ့ သူအနေနဲ့ မဲပေးချင်မှာဖြစ်ပြီး မယုံကြည်တဲ့သူကတော့ ပေးချင်မှာမဟုတ်ပါဘူး။ 

လူတစ်ယောက်ချင်းစီရဲ့ မဲတစ်ပြားဟာ ရွေးကောက်ပွဲအနိုင်အရှုံးအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတဲ့အချက်ဟာ အခုချိန်ထိ (နိုဝင်ဘာလ ၇ ရက်နေ့ညနေ ၆ နာရီအထိ) ရလဒ်အတည်မပြုနိုင်သေးတဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲက သက်သေပြနေသလိုပါပဲ။ 

အဲဒီလိုအချိန်မှာ မဲတစ်ပြားဟာ အဖိုးတန်ရတနာတစ်ပါးထက်တောင် တန်ဖိုး ကြီးနေပြီလို့ပဲပြောရမှာပါပဲ။ ကိုယ်တိုင်မဲပေးလိုက်လျက်သားနဲ့ ကိုယ်ထောက်ခံ တဲ့ပါတီ အစိုးရဖွဲ့နိုင်ဖို့ ကပ်သီးကပ်သပ်မဲလိုနေတဲ့အခြေအနေထဲရောက်တာက ခံသာတဲ့ကိစ္စဖြစ်ပေမယ့် ကိုယ်တိုင်မဲမပေးဘဲနေခဲ့မိလို့ ကိုယ်မနှစ်မြို့တဲ့ပါတီ ကပ်သီးကပ်သပ်နိုင်သွားမယ်ဆိုရင် ငါးနှစ်တာသက်တမ်းတစ်ခုလုံး ရင်နာနေရမှာ ပါပဲ။ စဉ်းစားစရာကောင်းပါတယ်။ 

သည်ကနေ့ ရွေးကောက်ပွဲမှာ ဘယ်သူနိုင်ပြီး ဘယ်သူတွေရှုံးမယ်ဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်ပါဘူး။ ဒါပေမဲ့ မဲသွားပေးမယ့်သူတွေအနေနဲ့ ကိုယ်ချစ်တဲ့ ပါတီကို တံဆိပ်တုံးနှိပ်ဖို့ အာရုံစိုက်သလို တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေပြီး မဲပေးပြီး တာနဲ့ ကိုယ့်အိမ်ကိုယ်ပြန်ကြဖို့ တိုက်တွန်းလိုပါတယ်။ ဘယ်လိုပဲ စည်းကမ်းသတ်မှတ် ထားသည်ဖြစ်စေ လူစုလူဝေးတွေလုပ်မိရင် ကပ်ရောဂါ ကူးစက်မှုကြီးကို ပြန်ပြီးအရှိန်မြှင့်တင်ပေးလိုက်သလို့ဖြစ်နိုင်တဲ့အတွက် အခုလိုသတိပေးရခြင်းဖြစ်ပါ တယ်။ 

အယ်ဒီတာ ( ၇ - ၁၁ - ၂၀၂၀)