News

POST TYPE

EDITORIAL

ယုံကြည်မှုမရှိလျှင် ပြည်ထောင်စု မရှိနိုင်
05-Nov-2020


ယခုရက်ပိုင်း ရွေးကောက်ပွဲကော်မရှင်နှင့်ပတ်သက်၍ အစိုးရနှင့် တပ်မတော်အကြား အပြန်အလှန်သဘောထားကြေညာချက်ထုတ်ပြန်သည့်ကိစ္စမှာ ရွေးကောက်ပွဲနှင့် နိုင်ငံရေးစိတ်ဝင်စားသူပြည်သူများအကြား ပြောစရာဖြစ်ခဲ့ပါသည်။ 

ရွေးကောက်ပွဲကျင်းပရန်လည်း ရက်အနည်းငယ်လေးမျှသာလိုတော့သည့် အတွက် နိုင်ငံရေးအလှုပ်အရမ်းဖြစ်မည်ကို စိုးရိမ်ပူပန်ကြသလို နိုဝင်ဘာ ၈ ရက် နေ့နောက်ပိုင်းထွက်ပေါ်လာမည့် ရွေးကောက်ပွဲရလဒ်အပေါ်မူတည်ပြီး နောက်လိုက်အင်အားစုများ ပဋိပက္ခဖြစ်မည်ကိုလည်း စိုးရိမ်ပူပန်မှုများရှိနေကြောင်း သိရပါသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် အဓိကစိုးရိမ်ကြသည်မှာ အာဏာသိမ်းသည် အထိဖြစ်လာမည်ကိုပင်။ 

မြန်မာနိုင်ငံတွင် အပေါင်းလက္ခဏာဆောင်သော အပြောင်းအလဲများဖြစ်ပြီး ဒီမိုကရေစီနိုင်ငံသစ်တစ်ရပ် ဆက်လက်တည်ဆောက်သွားရေးတွင် စစ်ဘက်နှင့် အရပ်ဘက်ခေါင်းဆောင်များကြားက ဆက်ဆံရေးသည် လွန်စွာအရေးကြီးသည်မှာ အထူးရှင်းပြနေစရာပင်လိုမည်မဟုတ်ပေ။ လက်ရှိခေါင်းဆောင်များတွင်သာမက ယခုနှစ်ကျင်းပမည့်ရွေးကောက်ပွဲနောက်ပိုင်း နေရာရလာမည့် ခေါင်းဆောင်များနှင့် နောက်နောင်မျိုးဆက်သစ်များပါ ဆက်ဆံရေးကောင်းများအခိုင်အမာရှိထားရန်လိုပေမည်။ 

စစ်ဘက်နှင့် အရပ်ဘက် (တိုင်းရင်းသားများအပါအဝင်) ခေါင်းဆောင်များအကြား တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ယုံကြည်မှု၊ လေးစားမှု၊ အသိအမှတ်ပြုမှု အစရှိသည့်သဘောတရားများကို အခြေခံသည့် ဆက်ဆံရေးမျိုးကိုဆိုလိုပေသည်။ စစ်ဘက်ဟုဆိုရာတွင် တပ်မတော်အပါအဝင် မြန်မာနိုင်ငံမှ လက်နက်ကိုင်သည့်အဖွဲ့အစည်းများအားလုံးကို ဤနေရာတွင်ရည်ညွှန်းလိုပေသည်။ 

ပြီးခဲ့သည့် (၇၃) ကြိမ်မြောက်ပြည်ထောင်စုနေ့ဦးတည်ချက်၏ ဦးတည်ချက် နံပါတ် (၅)နေရာတွင် 'စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး' ဆိုသော စကားစုတစ်ရပ် ဖြည့်သွင်းခဲ့သည်ကို မှတ်မိပါသေးသည်။ တကယ်တော့ အဆိုပါစကားစုသည် ဤနိုင်ငံရှိ စစ်ဘက်ရော၊ အရပ်ဘက်တွင်ပါရှိနေသူအားလုံးအတွက် အထူးအရေးကြီး ပြီး ယင်းရည်မှန်းချက်ကို အတူတကွအကောင်အထည်ဖော်နိုင်ပါမှ လိုရာခရီး ရောက်နိုင်သည်ကို အားလုံးကအလေးအနက်ထားနှလုံးသွင်းသင့်ပေသည်။ 

ခေတ်အဆက်ဆက်အရိုးစွဲနေခဲ့သော 'မိမိတို့တပ်ဖွဲ့ကမဟုတ်လျှင် ...၊ မိမိတို့ နိုင်ငံရေးပါတီ သို့မဟုတ် နိုင်ငံရေးအုပ်စုဘက်ကမဟုတ်လျှင် ...၊  မိမိတို့ကျောင်းသား သမဂ္ဂမှမဟုတ်လျှင်...' လက်မတွဲနိုင်၊ အယုံအကြည်မထားနိုင်၊ မည်မျှပင် တော်သူ တတ်သူဖြစ်နေပါစေ နေရာမပေးနိုင်၊ အသိအမှတ်မပြုနိုင်သည့် သဘောတရားမျိုး နှင့် စိတ်ဓာတ်မျိုးရှိနေသေးသရွေ့ အဆိုပါစကားစုမှာ အသွင်သဏ္ဍာန်အဖြစ်သာ ရှိပြီး အနှစ်သာရအားဖြင့်ပေါ်လာမည်မဟုတ်သည်ကိုလည်း သတိချပ်သင့်လှ ကြောင်း ဖော်ပြလိုပါသည်။ 

အယ်ဒီတာ ( ၅ - ၁၁ - ၂၀၂၀)