News

POST TYPE

EDITORIAL

ခေါင်းဆောင်တို့၏ မှတ်ချက်စကား
04-Nov-2020


ကျွန်ုပ်တို့ မြန်မာ့လူ့အဖွဲ့အစည်းတွင် စကားအပြောအဆိုနှင့်ပတ်သက်၍ မတူညီသော အဆုံးအမအမျိုးမျိုးရှိသည့်အနက် လူအများသိကြသလို အရေးလည်း ကြီးသည်ဟု သတ်မှတ်နိုင်သည်မှာ မည်သည့်စကားကိုမဆို လက်လွတ်စပယ် မပြောရန် သတိပေးသည့် အဆုံးအမများပင်ဖြစ်ပါသည်။ 

စကားပြောသည့်ကိစ္စတွင် သာမန်လူများထက် ခေါင်းဆောင်တို့၏ စကားကပို၍ အရေးကြီးသည်ကိုလည်း အထူးသတိပေးဆုံးမထားသည်ကို တွေ့နိုင် ပါသည်။ မည်သည့်ခေါင်းဆောင်မဆို စကားပြောရသည့်တာဝန်သည် အဓိက အစိတ်အပိုင်းအဖြစ်ပါဝင်ပေရာ စကားပြောသည့် အတတ်ပညာမှာ ခေါင်းဆောင် တို့ တပ်အပ်သည့် အဋ္ဌာရသထဲတွင် တစ်ခုအပါအဝင်ဖြစ်နေပါသည်။ 
အထူးသဖြင့် ခေါင်းဆောင်တို့က တာဝန်ခံထားရသူများလေလေ လူများများ သဘောပေါက်အောင် စကားပြောဆိုရစမြဲဖြစ်ပြီး နိုင်ငံအဆင့်ခေါင်းဆောင်ဆိုလျှင် တစ်ဦး၊ တစ်ဖွဲ့သို့မှသည် လူ သိန်း၊ သန်းတို့အထိ ဦးတည်ပြောဆိုကြရပေသည်။ 

လူများသည် နေ့စဉ်နှင့်အမျှ စကားအမျိုးမျိုးပြောကြသည်။ ချိုသောစကား ပြောကြသလို နားဖြင့်မနာဝံ့လောက်သည့်စကားတို့လည်းဆိုကြသည်။ ကြိမ်းမောင်း စကားပြောတာရှိသလို ကြမ်းတမ်းစကားလည်းပြောကြသည်။ ကုန်းချောစကား လည်းဆိုကြသလို အနှစ်မဲ့ (အကျိုးမဲ့)စကားလည်းဆိုတတ်ကြသည်။ လူအမျိုးမျိုး စကားအမျိုးမျိုးပြောကြသည်ဟု ဆိုရမည်ဖြစ်သော်လည်း ]ဟုတ်မှန်ကျိုးရှိ အနှစ်ပြည့်၍ ပီယဝါစာချိုသာစကားပြောကြားလျှင်} မူလူအများချစ်၍ မလွဲမသွေ ချမ်းသာကြရမည်မဟုတ်ပါလော။

အချို့က မှန်ကန်သော်လည်း အကျိုးမဖြစ်ထွန်းစေသည့်စကားကိုပြောလေ့ ရှိသည်။ အချို့က ချိုချိုသာသာဖြစ်သော်လည်း မမှန်ကန်သည့်စကားကိုပြောသည်။ အချို့က အနှစ်လည်းပြည့်၊ မှန်လည်းမှန်ကန်သည့်စကားဖြစ်သော်လည်း မပြောသင့် မပြောထိုက်သည့်အချိန်တွင်ပြောမိ၍ အကျိုးမဲ့ဖြစ်ရလေ့ရှိသည်။ ပြောသင့်ပြောထိုက် ဆိုသင့်ဆိုထိုက်သောစကားကို ပြောသင့်ပြောထိုက်သည့်အချိန်တွင် ပြောဆိုတတ်ခြင်း သည်လည်း အသိဉာဏ်ရှိသူတို့၏ အရည်အချင်းတစ်ရပ်ပင်ဖြစ် ပေသည်။ 

နေ့စဉ်နေ့တိုင်း တစ်နေ့ကုန်ဆုံးသွားသည်နှင့် မိမိပြောခဲ့သည့်စကားများတွင် တစ်ဖက်သားနှင့် မိမိအကျိုးနှစ်ရပ်စလုံးကို ဖြစ်ထွန်းစေသည့် စကားများ၊ အနှစ် ပြည့်သည့်စကားများ ဘယ်နှခွန်းပါသနည်းဆိုသည်ကို ပြန်လည်ဆန်းစစ်ကြည့်သင့် လှသည်။ 

ထိုသို့ဆန်းစစ်တတ်သည့် အလေ့အကျင့်ရလာလျှင် စကားမပြောခင် ဤစကားမှန်ကန်ရဲ့လား၊ ဤစကားပြောဖို့လိုသလား၊ ဤစကားမှာ မေတ္တာပါသလား စသည်ဖြင့် လေ့လာဆန်းစစ်သည့် အလေ့အထရရန်အထိ ဆက်၍လေ့ကျင့်ကြည့်သင့် လှပေ သည်။ မြတ်ဗုဒ္ဓ၏ အဆုံးအမကိုစိတ်ဝင်တစားလေ့လာနေသည့် နိုင်ငံခြားသားများအသိုင်းအဝိုင်းတွင် Think before you speak ဟု စကားနှင့် ပတ်သက်၍ သတိပေးပြောလေ့ရှိသည်ကို စာဖတ်သူများသိထားပြီးဖြစ်ပါလိမ့်မည်။   

နှုတ်မှထွက်သော စကားများဟူသည် ပြောသူတို့၏ အကျင့်စရိုက်၊ အသိပညာ နှင့် စိတ်ဓာတ်အဆင့်အတန်းကို ဖော်ကျူးသည်ကို အထွေအထူးရှင်းနေစရာ မလိုတော့ဟု ထင်ပါသည်။ သို့သော် ခေါင်းဆောင်နေရာတွင်ရှိသော ခေါင်းဆောင် လုပ်မည့်သူများအနေနှင့်မူ စကားကို သတိတို့၊ ဆင်ခြင်တုံတရားတို့ကပ်၍ ပြောဆိုတတ်ခြင်းသည် အသင့်တော်ဆုံးဖြစ်မည်ဟု ပြောလိုပေသည်။ 
အကြောင်းမှာ နိုင်ငံတစ်နိုင်ငံတွင် ကြီးမားသောတာဝန်ကြီးများကို ရယူ ထားသည့် ခေါင်းဆောင်တို့၊ လူကြီးတို့၏ စကားများသည် ယင်းနိုင်ငံနှင့် ပြည်သူများအပေါ် ဂယက်ရိုက်ခတ်မှုကြီးမားသောကြောင့်ဖြစ်ပါသည်။ ခေါင်းဆောင် တို့ စကားမှားလျှင် နောက်ဆက်တွဲပြဿနာကြီးမားနိုင်သည်ကို သတိပြုသင့် ကြောင်း မေတ္တာဖြင့်အကြံပြုလိုပေသည်။ 

အယ်ဒီတာ ( ၄ - ၁၁ - ၂၀၂၀ )