News

POST TYPE

EDITORIAL

မျှော်လင့်ချက် ပေးသူနှင့် မျှော်လင့်မိသူ
29-Oct-2020
အောက်တိုဘာလ ၂၉ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံတော်သမ္မတတို့အပါအဝင် မဲဆန္ဒရှင်မြန်မာပြည်သူအချို့ ကြိုတင်မဲစပေးခဲ့ကြပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံဒီမိုကရေစီဖော်ဆောင်ရေးအတွက် အရေးကြီးသည့် နိုင်ငံရေးဖြစ်စဉ်တစ်ခုဟု အားလုံးနားလည်သဘောပေါက်ထားသည့် အထွေထွေရွေးကောက်ပွဲကြီးစတင်ခဲ့ပြီလည်းဖြစ်ပါသည်။ 

တကယ်တော့ ၂၀၂၀ ရွေးကောက်ပွဲကြီးမှာ ပြီးခဲ့သည့်သီတင်းပတ်နှစ်ပတ် ခန့်၊ ပြည်ပရောက်မြန်မာနိုင်ငံသားများ မြန်မာသံရုံးအသီးသီးတွင် ကြိုတင်မဲပေးခဲ့စဉ်ကတည်းက စတင်နေခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲနှင့် မတူညီသည့်အချက်မှာ ယခုနှစ်ရွေးကောက်ပွဲသည် မြန်မာပြည်သူ ၁၁၀ဝ ကျော်၏ အသက်ဇီဝန်ကို ခြွေယူခဲ့သည့် ကပ်ရောဂါကြီးဖြစ်ပွားနေချိန်တွင် ကျင်းပရခြင်းဖြစ် ပါသည်။ 

သို့အတွက်ကြောင့် ပါတီအသီးသီး၏ မဲဆွယ်စည်းရုံးမှုများမှာ ယခင် ၂၀၁၅ ကလိုမဟုတ်ဘဲ လူမှုကွန်ရက်မီဒီယာ၊ တစ်နည်းအားဖြင့် အွန်လိုင်းမှလုပ်ကြရ သည်ကများသည်မှာ သိသိသာသာပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်အတော်များများလည်း အွန်လိုင်းကို မသုံးမဖြစ်သုံးကာ မဲဆွယ်ကြရသည်။ အွန်လိုင်းမှတစ်ဆင့် ကတိစကားအမျိုးမျိုးပေးကြသည်။ "မိမိတို့ပါတီ နိုင်ခဲ့လျှင် ..." စသည်ဖြင့် ကတိစကားများကြားရပါသည်။ 

ပါတီများ မဲဆွယ်ကတိစကားပေးသည်ဆိုသည်မှာ တကယ်တမ်းတော့ ပြည်သူကို မျှော်လင့်ချက်ပေးခြင်းပင်ဖြစ်သည်။ ပြည်သူဆိုသည်မှာ မျှော်လင့်ချက်ဖြင့် အသက်ရှင်သူများဖြစ်သည်။ မျှော်လင့်ချက်ဟူသည် ပြည်သူ၏ အနာဂတ်ဖြစ်သည်။ နိုင်ငံအဆင့်ဖြင့်ဆိုရလျှင် ပြည်သူ၏ မျှော်လင့်ချက်သည် နိုင်ငံတော်၏ အနာဂတ်ကို ပုံဖော်မည်ဖြစ်သည်။ 

နိုင်ငံတော်သမ္မတမှအစ သာမန်ပြည်သူအဆုံး နိုင်ငံတော်အတွင်း မှီတင်းနေထိုင် သူများအားလုံးသည် နိုင်ငံတော်တစ်ခုကို ဝိုင်းဝန်းတည်ဆောက်နေသူများ ဖြစ်ကြပေရာ အနာဂတ်နိုင်ငံတော်၏ မျှော်လင့်ချက်ဆိုသည်မှာ ထိုသူအားလုံး၏ မျှော်လင့်ချက် ပုံသဏ္ဌာန်အမျိုးမျိုး စုပေါင်းထားခြင်းပင်ဖြစ်ပါသည်။ 

သာယာငြိမ်းချမ်းသော၊ ဖွံ့ ဖြိုးတိုးတက်သော၊ တစ်ဦးနှင့်တစ်ဦး ကြည်ဖြူ ညှိနှိုင်းဖေးမကြသော လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်ကိုမျှော်လင့်လျှင် ထိုသို့သော လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်မျိုး တဖြည်းဖြည်းနှင့်ပေါ်လာမည်။ တစ်ခုသတိထား သင့်သည်မှာ အနိုင်ရရန်သာ မျှော်လင့်လျှင် ရန်များသောအနာဂတ်ကိုသာရမည်။ ရေသာခိုအချောင်လိုက်ရန် မျှော်လင့်လျှင် အချောင်သမားများနှင့်ဖွဲ့စည်းထားသော နိုင်ငံတော်ကိုရမည်။

သို့အတွက်ကြောင့် မျှော်လင့်ချက်ကိုပေးသူများသည်လည်း ဖြစ်နိုင်ခြေနှင့် အလွန်ဝေးကွာသော ကတိစကားများဖြင့် မျှော်လင့်ချက်အလွဲများ မပေးရန် အရေးကြီးပေသည်။ သာယာလှပသော အနာဂတ်နိုင်ငံတော်အတွက် မျှော်လင့်ချက်လည်းထားနိုင်ရမည်ဖြစ်သလို မျှော်လင့်လွန်းပြန်လျှင်လည်း မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်ကာ အထိနာတတ်သည်ကို သတိပြုသင့်ပေသည်။ 

အယ်ဒီတာ (၂၉ - ၁၀ - ၂၀၂၀)