News

POST TYPE

EDITORIAL

အတူတိုက်မှ နိုင်မယ့် စစ်ပွဲ
19-Sep-2020


"သင့်ကြောင့် ဗိုင်းရပ်စ် မကူးစက်ပါနေနှင့်" ဆိုတဲ့စကားနဲ့ "သင်သည် ဗိုင်းရပ်စ် မကူးစက်အောင် ကူညီနိုင်သူတစ်ဦးဖြစ်သည်" ဆိုတဲ့ စကားနှစ်ရပ်ကို ကြည့်မယ် ဆိုရင် ဒုတိယစကားက လူတစ်ဦးကို လက်ရှိလူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံး ရင်ဆိုင်နေရတဲ့ ကပ်ရောဂါကြီးနဲ့ ပတ်သက်ပြီး စွမ်းဆောင်နိုင်တဲ့သူတစ်ယောက် ဖြစ်အောင် တွန်းတင်ပေးတဲ့သဘောမျိုးဖြစ်နေတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ ပထမစကားကတော့ သင့်ကြောင့် တခြားသူဒုက္ခမတွေ့ပါစေနဲ့လို့ သတိပေးတဲ့ သဘောမျိုးသက်ရောက်ပါတယ်။ 

ပထမစကားမှာ အကူအညီမပေးလျှင်နေပါစေ မနှောက်ယှက်ပါနှင့်၊ ကိုယ့်ကြောင့် သူတစ်ပါးဒုက္ခမရောက်ပါစေနှင့်ဆိုတဲ့ သဘောတရားပါပြီး ဒုတိယက စကားက တစ်ပါးသူတွေ အန္တရာယ်မကျရောက်နိုင်အောင် ကိုယ်ကိုယ်တိုင်ကူညီပံ့ပိုးလို့ရနိုင်တဲ့သဘောမျိုးရှိနေတာကို သေသေချာချာဆန်းစစ်ကြည့်ရင်တွေ့ရမှာပါ။ 

ယခုလို ရန်ကုန်အပါအဝင် မြန်မာတစ်ပြည်လုံး ဗိုင်းရပ်စ်ကြောင့် သောက မီးဝိုင်းနေကြရတဲ့ခေတ်မှာ ကိုယ့်အပြုအမူ၊ ကိုယ့်အပြောအဆို၊ ကိုယ့်လုပ်ရပ်ဟာ အကူအညီလား၊ အနှောင့်အယှက်လားဆိုတာ လူတိုင်းက ကွဲကွဲပြားပြားသိဖို့ အင်မတန်အရေးကြီးပါတယ်။

တကယ်တော့ ကိုဗစ်ဗိုင်းရပ်စ်တိုက်ဖျက်ရေးနဲ့ အဲဒီဗိုင်းရပ်စ်ကြောင့် အကျပ်အတည်းဖြစ်တဲ့ကာလအတွက် အခြေခံကျကျလိုအပ်နေတဲ့အရာတွေထဲမှာ ကူညီရိုင်းပင်းချင်တဲ့ စိတ်စေတနာကောင်းတစ်ခုဟာ အတော့်ကိုအရေးပါလှပါတယ်။ 

ထင်ရှားတဲ့သာဓကကိုပြရရင် ပထမလှိုင်းဝင်ခါစ၊ မတ်လကုန်ပိုင်းတုန်းက၊ မန္တလေးမှာ ကိုဗစ်ရှိနေတဲ့သူတစ်ယောက်ကို လိုက်ပို့ပေးခဲ့တဲ့ သုံးဘီးအငှား ယာဉ်မောင်းအမျိုးသားတစ်ဦးရဲ့ အကူအညီမျိုးပါ။ သူ့ရဲ့ပါဝင်ကူညီမှုဟာ သူရော၊ သူ့ရဲ့မိသားစုတစ်စုတည်းအတွက်သာမကဘဲ သူနေထိုင်တဲ့ပတ်ဝန်းကျင်က မန္တလေးသူ၊ မန္တလေးသားတွေအားလုံးအပြင် မြန်မာတစ်ပြည်လုံးမှာရှိနေတဲ့ ပြည်သူတွေကိုပါ ကူညီလိုက်ရာရောက်သွားခဲ့ပါတယ်။ 

ဒီဗိုင်းရပ်စ်အတွက် လတ်တလော တစ်ကမ္ဘာလုံးကျင့်သုံးရမယ့် စံသတ်မှတ်ချက် တစ်ခုက Social Distancing ဖြစ်တယ်ဆိုတာအားလုံးအသိပါ။ လူတွေ တစ်ဦးနဲ့တစ်ဦး အတတ်နိုင်ဆုံး မတွေ့ဖြစ်အောင်၊ မဆက်ဆံဖြစ်အောင် နေထိုင် ကြရေးနဲ့ တကယ်လို့ မတတ်သာလို့တွေ့ကြရလျင်လည်း အနည်းဆုံး ၆ ပေခွာပြီး ပြုမူပြောဆိုဖို့ဆိုတာ အားလုံးသိထားပြီးဖြစ်ပါတယ်။ အဲဒီနေရာမှာ အရေးကြီး တာက နှလုံးသားချင်းဝေးနေဖို့မဟုတ်ဘူး၊ စိမ်းစိမ်းကားကားနေကြဖို့မဟုတ်ဘူးဆိုတာပါ။ အားနည်းတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ တစ်နေ့လုပ်မှ တစ်နေ့ စားသောက်ကြရမယ့်သူတွေကို အကူအညီပေးနိုင်ဖို့ စဉ်းစားထားကြရပါတော့မယ်။ ကိုဗစ်လူနာတွေကို ရှေ့တန်းကနေ မကြောက်မရွံ့ကုသပေးမယ့် ကျန်းမာရေးအမှုထမ်း တွေကိုလည်း ဝိုင်းဝန်းပံ့ပိုးကြရပါမယ်။

ကိုဗစ်ဟာ ယခုဆိုရင် ရန်ကုန်သာမကပါဘူး၊ မြန်မာပြည်နေရာအတော်များများ ကိုပျံ့နှံ့ရောက်ရှိနေပါပြီ။ ဘယ်နှယောက်အထိကူးစက်ခံရမယ်၊ ဘယ်အချိန်မှာ ကူးစက်မှုနှုန်းကျဆင်းမယ်ဆိုတာ ဘယ်သူမှတပ်အပ်မပြောနိုင်ပေမယ့် သတ်မှတ် ထားတဲ့စည်းမျဉ်းတွေအတိုင်းနေကြမယ်ဆိုရင် ကူးစက်မှုနှုန်း ကျဆင်းသွားနိုင်တာ သေချာပါတယ်။  

ပြောရရင် ကိုဗစ်ဆိုတဲ့ ကပ်ရောဂါဆိုးကြီးကို လူတစ်ယောက်တည်း၊ မိသားစုတစ်စုတည်း၊ ပါတီတစ်ခုတည်း၊ အဖွဲ့အစည်းတစ်ခုတည်း၊ လူမျိုးစုတစ်ခုတည်း နဲ့ ရင်ဆိုင်တိုက်ထုတ်လို့မရပါဘူး။ ကိုဗစ်က အမှန်အကန်ခြိမ်းခြောက်လာပြီ ခေတ်တဲ့ အခြေအနေမှာ တစ်ယောက်တည်း အုပ်စုတစ်ခုတည်း ဘယ်လိုမှရှင်သန် လို့လည်းမဖြစ်နိုင်ပါဘူး။ အားရှိတဲ့သူကို ဝန်းရံ၊ အားနည်းတဲ့သူကိုဆွဲခေါ်ပြီး တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ လက်တွဲညီညီဖြင့် အပြန်အလန် ပံ့ပိုးကူညီကြမှသာ ကျော်လွှားနိုင်မယ့် ပြဿနာကြီးဆိုတာကို ပြောလိုတာပဲဖြစ်ပါတယ်။ 

အယ်ဒီတာ  (၁၉ - ၉ - ၂၀၂၀)