News

POST TYPE

EDITORIAL

တိုင်းပြည်အတွက် အရေးကြီးသည့် ကျန်းမာရေးစနစ်
17-Sep-2020

လတ်တလော မြန်မာပြည်တွင်း ကပ်ရောဂါဗိုင်းရပ်စ်ကူးစက်မှု တစ်နေ့ထက် တစ်နေ့ မြင့်တက်လာမှုနှင့်ပတ်သက်၍ ကျန်းမာရေးအာဏာပိုင်များအပါအဝင် ပြည်သူတစ်ရပ်လုံး စိုးရိမ်နေသည့်ကိစ္စမှာ လူနာများကို လက်ခံကုသပေးမည့် ဆေးရုံနေရာ အလုံအလောက်မရှိခြင်းပင်ဖြစ်ပါသည်။ 

ကျန်းမာရေးဌာနမှ အာဏာပိုင်များက ကိုဗစ်ကပ်ရောဂါကူးစက်ပျံ့နှံ့လာခြင်းကို ကန့်သတ်ထိန်းချုပ်သည့်မဟာဗျူဟာ (Containment Strategy)  ဖြင့် ခုခံတုံ့ပြန်လျက်ရှိပြီး ဆက်လက်မြင့်တက်လာမည့် လူနာဦးရေအတွက် ယာယီဆေးရုံဆောက်လုပ်ခြင်းအပါအဝင် အခြားပြင်ဆင်မှုများပြုလုပ်လျက်ရှိ သည်ကိုတွေ့ရပါသည်။ သို့သော်လည်း ကျန်းမာရေးအမှုထမ်းဦးရေ၊ စေတနာ့ ဝန်ထမ်းဦးရေ၊ Volunteer ဦးရေအလုံအလောက်မရှိမှု စသည်တို့ကြောင့် ကျန်းမာရေးအာဏာပိုင်များ၏ စီမံခန့်ခွဲရေးမှာ ဝေဖန်မှုများနှင့်ကြုံတွေ့နေရပေသည်။ 

ပထမအကျော့ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားပြီးနောက် ပြည်တွင်း ကူးစက်မှု များ ရက်အတန်ကြာမရှိသလောက်ဖြစ်ခဲ့ချိန်တွင် ယခုလိုဒုတိယ အကျော့အဖြစ် အမှတ်မထင် ကူးစက်မှုများမြင့်တက်လာသွားခြင်း၊ နဂိုကတည်းက ကျန်းမာရေးစောင့်ရှောက်မှုစနစ် လွန်စွာအားနည်းသည့်နိုင်ငံဖြစ်နေခြင်း၊ ရာစုနှစ် တစ်ခုတွင် တစ်ကြိမ်သာကြုံရသည့် ကပ်ရောဂါဖြစ်ရာ အတွေ့အကြုံမရှိခြင်းတို့ ကြောင့် အားနည်းချက်များသေချာပေါက်ရှိနေမည်သာဖြစ်သည်။ 

မြန်မာမဆိုထားနှင့်၊ အခြားထိပ်တန်းနိုင်ငံကြီးများသည်ပင် ကပ်ရောဂါကို တုံ့ပြန်တိုက်ခိုက်သည့်ဗျူဟာနှင့်ပတ်သက်၍ ပြည်သူလူထု၏ ဝေဖန်ပြစ်တင်ခြင်း များနှင့် ကြုံတွေ့နေရပေသည်။ သို့အတွက်ကြောင့် ကျန်းမာရေးအာဏာပိုင်များ ဘက်က အဆိုးဆုံးကိုမျှော်လင့်တွက်ဆထားပြီး အချိန်တိုတွင်အကောင်းဆုံးပြင်တင်ထားနိုင်ရန်နှင့် ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ဆောင်ရွက်ရန် အရေးကြီးပေသည်။ 

မပြေလည်မှုများနှင့် ကြုံတွေ့ရသည့် လူနာများ၏ ဆိုရှယ်မီဒီယာပေါ်က ရင်ဖွင့်သံများက အခြားသူများအား စိုးရိမ်သောကတိုးပွားစေမည်မှာမှန်သော်လည်း ကပ်ရောဂါကြီးကို ရှေ့တန်းနေရာမှ ရွတ်ရွတ်ချွံချွံခုခံတိုက်ခိုက်ပေးနေသည့် ကျန်းမာရေးအာဏာပိုင်တွေအပေါ် သာမန်ကျေးဇူးတင်ရုံမက ကရုဏာ သက်ဝင်နေသူ မရေမတွက်နိုင်အောင်ရှိနေသည်ကိုလည်း သိထားရပါမည်။ 

တစ်ချိန်တစ်ခါတုန်းက အစိုးရကျန်းမာရေးဌာနများ၊ ဆေးရုံများနှင့် ပတ်သက်၍ မကျေနပ်စရာရှိလျှင် ခေါင်းငုံခံခဲ့ရုံမှတစ်ပါးအခြားမရှိသလိုဖြစ်ခဲ့   သော်လည်း ယခုအခါ မပြေလည်မှုများနှင့် မတရားမှုများကို Live လွှင့်၍ပင် ဖော်ထုတ်နိုင်သည်မှာ အလေးအနက်စဉ်းစားကြည့်လျှင် အခြေအနေများ ကွာခြားမှု ကို သိနိုင်ပါမည်။ သို့အတွက် ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူအကြား တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်နားလည်ကြရန်နှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုဆိုသော အခန်းကဏ္ဍမည်မျှအထိအရေးကြီးသည်ကို နားလည် သဘောပေါက်ပြီး တိုင်းပြည်၏ ကျန်းမာရေးစနစ် တစ်ဆင့်ထက်တစ်ဆင့် မြင့်တက် အောင် ကြိုးပမ်းကြပါမည်ဟု သံန္နိဋ္ဌာန်ချကာ လုပ်ဆောင်ကြရန် The Voice Daily က တိုက်တွန်းလိုက်ပါသည်။ 

အယ်ဒီတာ ( ၁၆ - ၉ - ၂၀၂၀ )