News

POST TYPE

EDITORIAL

ပရော်ဖက်ရှင်နယ်တွေ အားကောင်းဖို့လိုသည်
15-Sep-2020


ယနေ့ မြန်မာနိုင်ငံ၏ မတူညီသော နယ်ပယ်အသီးသီးတွင် ရပ်တည်လုပ်ကိုင် နေသူများအကြား တစ်ဖက်နှင့်တစ်ဖက် အပြစ် သို့မဟုတ် ချို့ယွင်းချက်ထောက်ပြ၍ မကုန်နိုင်အောင်ဖြစ်ရသည့် အဓိကအကြောင်းအရင်းများအနက် တစ်ခုကိုပြောရလျှင် ပရော်ဖက်ရှင်နယ်ကျစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ကြသည့် အနေအထားသို့ မရောက်ရှိသေးခြင်းပင်ဖြစ်ပေမည်။ 

ရပ်ကွက်များတွင် လက်သမားအလုပ်လုပ်ကြသည့် အုပ်စုကလေးများကအစ မော်တော်ကားပြုပြင်သည့် ဝပ်ရှော့များအပါအဝင် ကပ်ရောဂါနှင့် အခြားရောဂါ တို့ကြောင့် လူ့အသက်တစ်ချောင်းမတိမ်းပါးသွားအောင်ကယ်တင်ပေးနေရသည့်  ဆေးရုံကြီးများအထိ ပရော်ဖက်ရှင်နယ်ဆန်ဆန် လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းထက် မိရိုးဖလာသဘော၊ တစ်နည်းအားဖြင့် အစဉ်အလာအရလုပ်နေကျပုံစံအတိုင်း  လုပ်ကိုင်ဆောင်ရွက်ခြင်းကြောင့်သာ ပြောင်းလဲလာသော ကမ္ဘာကြီးတွင် များစွာ ခေတ်နောက်ကျနေ၊ စွမ်းဆောင်မှုနိမ့်ကျနေသည့် အနေအထားမျိုးဖြစ်နေကြ ခြင်းပင်။ 

မြန်မာ့မီဒီယာလောကဖွံ့ ဖြိုးတိုးတက်ရန် ပံ့ပိုးကူညီပေးနေသည့် ဥရောပမီဒီယာ လောကမှ ဝါရင့်မီဒီယာသမားအချို့ကဆိုလျှင် မြန်မာနိုင်ငံတွင် ပရော်ဖက်ရှင်နယ် ဆန်သည့် မီဒီယာမရှိသလောက်ပင်ဖြစ်ကြောင်း မှတ်ချက်ပေးကြသည်ကို ကြုံတွေ့ ရဖူးပါသည်။ မှန်လည်းမှန်ပါသည်၊ ယနေ့ခေတ်ရောက်မှသာ မီဒီယာသင်တန်း ကျောင်းများ၊ သတင်းစာပညာနှင့်ဆိုင်သော ဘွဲ့များချီးမြှင့်သည့် တက္ကသိုလ်/ ကောလိပ်များပေါ်ပေါက်လာ၍သာ သည်ဘက်ခေတ်လူငယ် လူရွယ်များအနေနှင့် မီဒီယာပညာရပ်ကို စနစ်တကျလေ့လာခွင့်ရနေခြင်းဖြစ်သည်။ 

ယခင်ခေတ်ကဆိုလျှင် မြင်ဆရာ၊ ကြားဆရာများဖြင့်သာ မိရိုးဖလာသဘော၊ အစဉ်အလာသဘောဖြင့် စာနယ်ဇင်းအတတ်ပညာကို လေ့လာခွင့်ရခဲ့ကြသည် မဟုတ်ပါလော။ မီဒီယာလောကကို ဦးဆောင်နေသူအများစုကိုယ်တိုင်သည်ပင် မီဒီယာလောကထဲသို့ မဝင်မီ မီဒီယာအကြောင်း စနစ်တကျလေ့လာသင်ယူခဲ့ရခြင်း ထက် မီဒီယာလောကထဲရောက်ပြီးမှ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၏ အကူအညီဖြင့် လေ့လာခဲ့ကြရသည်ကများပေသည်။ 

တကယ်တော့ ပရော်ဖက်ရှင်နယ်ဆိုသည်မှာ နယ်ပယ်တစ်ခုခုတွင် ပညာရှင် အဆင့် တတ်ခြင်း၊ သိခြင်း သို့မဟုတ် ထိုအသိပညာ၊ အတတ်ပညာကို အသက်မွေးဝမ်း ကျောင်းနိုင်သည်အထိ အသုံးချနိုင်သူ (ဝါ) ပညာရှင်ပီသစွာ လုပ်ကိုင်နိုင်သူကို ဆိုလိုခြင်းဖြစ်ပေသည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင်မူ ပရော်ဖက်ရှင်နယ်ဆိုလျှင် ဘောလုံးသမား သို့မဟုတ် အားကစားသမားလောက်ကိုသာ ပြေးမြင်တတ်လေ့ ရှိခဲ့ပါသည်။ 

ပရော်ဖက်ရှင်နယ်ဆန်သည်ဟု ဆိုခြင်းမှာ သက်ဆိုင်ရာနယ်ပယ်အလိုက် အလုပ်လုပ်ရာတွင် ကိုယ်တတ်ထားသည့် အတတ်ပညာနှင့် အသိပညာတို့ကို စနစ်တကျထုတ်သုံးတတ်ခြင်း၊ လိုက်နာရမည့် ကျင့်ဝတ်နှင့် ထမ်းဆောင်ရမည့် တာဝန်များကို ကောင်းစွာသိမြင်ခြင်းတို့ကိုဆိုလိုပေသည်။ အခြေအနေတစ်ခုအပေါ် တွင် တာဝန်ယူရဲသူများ၊ မိမိတာဝန်ယူထားသည့် အလုပ်၊ အမှုကိစ္စတို့နှင့် ဆက်စပ် သော နောက်ဆက်တွဲအကျိုးဆက်များကိုလည်း တာဝန်ခံရဲသူများကို ရည်ညွှန်း လိုပေသည်။ 

သည်ကနေ့ မြန်မာနိုင်ငံဖွံ့ ဖြိုးရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပရော်ဖက်ရှင်နယ်ပီသသော ပညာရှင်များကို သက်ဆိုင်ရာကဏ္ဍအလိုက်၊ နယ်ပယ်အလိုက် အထူးတလှယ်လိုအပ်လျက်ရှိသည်မှာ အငြင်းပွားနေစရာပင်လိုမည်မဟုတ်ပေ။ 

သို့အတွက်အရေးကြီးသည်မှာ မတူညီသော နယ်ပယ်အသီးသီးကို တာဝန်ယူဦးဆောင်နေသူများ ခေါင်းဆောင်နေရာတွင်ရှိသူများက မိမိနယ်ပယ်တွင်း ပရော်ဖက်ရှင်နယ်ပီသစွာ ကြံစည်စိတ်ကူးခြင်း၊ လေ့လာသုံးသပ်ကာ အကောင်အထည်ဖော်ခြင်းတို့ လုပ်တတ်လာအောင် သွန်သင်ဆုံးမသင်ကြားပေး နိုင်ရန်နှင့် အနာဂတ်တွင် ပရော်ဖက်ရှင်နယ်များစွာ မွေးထုတ်ပေးရေးအတွက် ပြည်ပမှ ပရော်ဖက်ရှင်နယ်များနှင့် တန်းတူတည်းညှိပေးနိုင်မည့် ပညာရေးစနစ် ကောင်းများပေါ်ပေါက်ရန် မဖြစ်မနေလုပ်ဆောင်ပေးရမည်ဖြစ်ပေသည်။ 

အယ်ဒီတာ ( ၁၄ - ၉- ၂၀၂၀)