News

POST TYPE

EDITORIAL

နိုင်ငံအတွက် အရေးကြီးသည့် အချိန်
14-Sep-2020
ကမ္ဘာ့သတင်းများကိုကြည့်လျှင် နိုင်ငံများအားလုံးလိုလိုသည် မြန်မာ ကဲ့သို့ပင် ဒုတိယအကျော့ထပ်ဖြစ်လာသည့် Covid-19 ကပ်ရောဂါကြီးကို တစ်ဖက်တွင် ကျော်လွှားနိုင်ရန် အစွမ်းကုန်ကြိုးပမ်းပြီး တစ်ဖက်တွင် ကပ်ရောဂါ ကြောင့် ဟန်ချက်ပျက်ယိုင်နဲ့ကာ ပြိုလဲမလိုဖြစ်နေသည့် နိုင်ငံစီးပွားရေးအသီးသီး ဆက်လက်ရှင်သန်ရေး၊ ပြန်လည်နိုးထနိုင်ရေးအတွက် ပြင်ဆင်ရသည့်အလုပ် ကိုလည်း တစ်ပြိုင်တည်းလုပ်နေကြရသည်ကို တွေ့ရပေမည်။ 

မြန်မာနိုင်ငံအနေနှင့်လည်း စီးပွားရေးလုပ်ငန်းများ ပြိုလဲမသွားဘဲ ဆက်လက်ရှင်သန်ရေးနှင့် ပြန်လည်နိုးထနိုင်ရေးအတွက် မဖြစ်မနေပြင်ဆင်ထားရတော့မည်သာပင်ဖြစ်ပါသည်။ 

ရောဂါရှာဖွေစစ်ဆေးခြင်း၊ ရောဂါကုသခြင်းနှင့် ရောဂါကာကွယ်ခြင်းဆိုသည့် ကိုဗစ်ကပ်ရောဂါနှင့်ပတ်သက်သော အဓိကလုပ်ငန်းသုံးရပ်ကို မြန်မာအပါအဝင် တစ်ကမ္ဘာလုံး စစ်မျက်နှာဖွင့်ကာ ရင်ဆိုင်ခုခံတိုက်ခိုက်နေရသည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။ 

သို့သော်ရောဂါကုထုံးများနှင့် ကာကွယ်ဆေးများ မဖော်စပ်နိုင်မီအချိန် ကာလတွင် ကပ်ရောဂါကြီးကို ထိန်းချုပ်ပြီး စီးပွားရေးလုပ်ငန်းများကို အကန့်လိုက် ပြန်လည်သက်ဝင်စေရန် တစ်ပြိုင်နက်တည်းလုပ်ဆောင်တတ်ရေးမှာလည်း ဆတူ အရေးကြီးသောကိစ္စဖြစ်ပေသည်။ WHO ကိုယ်တိုင်က ကိုဗစ်သည် လုံးလုံးလျားလျား ပျောက်ကွယ်သွားမည့်ဗိုင်းရပ်စ်မဟုတ်ဟု သတိပေးထားပြီးဖြစ်ရာ ရောဂါ ထိန်းချုပ်ရေးသာမက စီးပွားရေးမပြိုလဲရေး၊ ရွေးကောက်ပွဲကဲ့သို့ စီစဉ်ထားပြီး ဖြစ်သည့် နိုင်ငံရေးအာဂျင်ဒါများဖြစ်မြောက်ရေးစသည်တို့မှာ လက်ရှိအစိုးရ အတွက် ကြီးမားသည့်စိန်ခေါ်မှုများဖြစ်ပေသည်။

ထိုကိစ္စအဝ၀အတွက် အဓိကအကျဆုံးမှာ မြန်မာနိုင်ငံနှင့် မြန်မာ့လူ့အဖွဲ့ အစည်း၏ လိုအပ်ချက်များကို ဗဟိုပြုသည့် နည်းလမ်းကောင်းများ ရှာဖွေကျင့်သုံး တတ်ရေးပင်ဖြစ်သည်ဟုထင်သည်။  ကပ်ရောဂါ ပထမအကျော့မတိုင်ခင်ကတည်း ကရော၊ ပထမအကျော့ပြီးခါစကပါ လုပ်ဆောင်ခဲ့သည့် နည်းလမ်းများမှ ခွဲထွက် စဉ်းစားသင့်လျှင်၊ ခွဲထွက်လုပ်ကိုင်သင့်လျှင် လုပ်ရမည်သာဖြစ်ပေသည်။ 

အကြောင်းမှာ ကမ္ဘာ့နိုင်ငံအားလုံးနီးပါး ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်ကြုံတွေ့ လိုက်ရပြီဖြစ်ရာ လူမှုဆက်ဆံရေး ပုံစံသစ်တစ်ခုလည်း သေချာပေါက် ပေါ်ပေါက် လာမည်ဖြစ်ပြီး ယင်းပုံစံသစ်နှင့် လိုက်လျောညီထွေဖြစ်မည့် စီးပွားရေးပုံစံများ၊ လုပ်ငန်းပုံစံများအဖြစ် လိုက်ပါပြောင်းလဲရေးအတွက် ပြင်ဆင်ထားရန်လိုအပ်သော ကြောင့်ဖြစ်ပါသည်။ 

သေချာသည်မှာ ယခင်ကပ်ရောဂါမတိုင်မီက ကူးလူးဆက်ဆံမှုပုံစံဖြင့် မည်သို့မျှ ပြန်သွားနိုင်တော့မည်မဟုတ်ရာ ဖြစ်လာနိုင်ခြေရှိသည့်ပုံစံသစ်များကို ယခုကတည်းက တွေးဆပုံဖော်ကာ ကြိုတင်ပြင်ဆင်သင့်သည်များကို ပြင်ဆင်ထားသင့်ပေသည်။ 

"ဘယ်လိုလုပ်ငန်းတွေ အဆိုးရွားဆုံးထိခိုက်မလဲ" ဆိုသည့်မေးခွန်းကအစ    "ဘာတွေလုပ်ထားရင် တိုင်းပြည်စီးပွားရေးထိခိုက်မှုအနည်းဆုံးဖြစ်မလဲ" ဆိုသည် အထိ အလေးအနက်ထား မေးခွန်းထုတ်စဉ်းစားသင့်ပေသည်။ စီးပွားရေးလုပ်ငန်း အချို့ဆိုလျှင် ကွယ်ပျောက် သို့မဟုတ် လျော့ကျသွားမည့် အနေအထားတွင်ပင် ရှိပေ လိမ့်မည်။ 

သေချာသည်မှာ ကမ္ဘာ့စီးပွားရေးထိပ်သီးနိုင်ငံကြီးများသည်ပင် အဆိုပါ အခြေခံများကို ပြောင်းလဲတည်ဆောက်ရမည်ဖြစ်ရာ မြန်မာလိုနိုင်ငံငယ်တစ်နိုင်ငံ အနေနှင့် ကိုဗစ်ကပ်ရောဂါကြောင့်ဖြစ်သည့် ဂယက်ရိုက်ခတ်မှုမျိုးစုံနှင့် မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေးပုံစံအပါအဝင် အပြောင်းအလဲကြီး များဖြစ်လာမည့် ကမ္ဘာလုံးစီးပွားရေးတွင် ဟန်ချက်မပျက်လိုက်ပါနိုင်ရေးအတွက် မိမိတိုင်းပြည်၏ အားသာချက်များကို ထုတ်ဖော်အသုံးချနိုင်ရန်လည်း လိုအပ်ကြောင်း ဖော်ပြလိုက်ရပါသည်။

အယ်ဒီတာ  ( ၁၃ -  ၉ - ၂၀၂၀)