News

POST TYPE

EDITORIAL

ကိုဗစ် အောင်နိုင်ရေးဆိုတာ အားလုံးအတွက်ပါ
11-Sep-2020
နေ့စဉ်နှင့်အမျှ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူဦးရေ သိသိသာသာမြင့်တက်လာပြီး သီတင်းပတ်တစ်ပတ်အတွင်း အဆိုပါကပ်ရောဂါကြောင့် သေဆုံးသူ ၈ ဦးအထိ ရှိလာသည့်နောက် မြန်မာပြည်သူများ၏ စိုးရိမ်ပူပန်မှုလည်းမြင့်တက်လာသလို အစိုးရ၏ ရောဂါကူးစက်မှုကာကွယ်ရေး၊ ရောဂါထိန်းချုပ်ရေးစသည့် လုပ်ဆောင်ချက်များနှင့်ပတ်သက်၍လည်း ဝေဖန်ပြောဆိုမှုများရှိလာသည်ကို သတိပြုမိပါသည်။ 

စစ်တွေမြို့နှင့် ရခိုင်ပြည်နယ်ကအစချီကာ ဒုတိယအကျော့သဖွယ်ဖြစ်လာသည့် ကပ်ရောဂါကူးစက်မှုပြန်ဖြစ်လာချိန်တွင် ရောဂါကုသရေးဆိုသည့် ဧရာမတာဝန်ကြီးနှင့် ကြုံတွေ့နေရသော ကျန်းမာရေးအမှုထမ်းများအကြား ဝန်နှင့်အားမမျှသည့် ကိစ္စရပ်များကိုလည်း ဆက်တိုက်ကြားနေရပေသည်။ 

ဆိုးရွားလာသည့် ကိုဗစ်ဒုတိယလှိုင်းအတွက် ကျန်းမာရေးအာဏာပိုင်များအနေနှင့် မည်သို့မည်ပုံတုံ့ပြန်ရန် စီစဉ်ထားသည်ကို မသိရသေးသော်လည်း လတ်တလောစုံစမ်းကြားသိရသလောက်ဆိုရလျှင် ချို့ယွင်းချက်၊ အားနည်းချက်အတော်ရှိနေသည်ကိုတွေ့ရပေသည်။ ကျန်းမာရေးအမှုထမ်းများအပြင် အရန်အင်အား အမြောက်အမြား စုဆောင်းထားပြီးဖြစ်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ 

ဓာတ်ခွဲခန်းအတည်ပြုလူနာဦးရေ အများဆုံးရှိနေသည့် ရန်ကုန်မြို့တွင် ကူးစက်မှုနှုန်းအမြင့်ဆုံးဖြစ်နေသည့် သင်္ဃန်းကျွန်းမြို့နယ်တွင်း လူစုလူဝေးသဖွယ် ဖြစ်စေသည့်ပုံစံမျိုးဖြင့် အဖျားတိုင်းသည့်ကိစ္စမျိုးမှာ လူပြောစရာဖြစ်သွားစေသည်။ ထိုကိစ္စကြောင့် ကပ်ရောဂါနှင့်ပတ်သက်သည့်ကိစ္စရပ်များကို မည်သူမည်ဝါ သို့မဟုတ် မည်သည့်အဖွဲ့အစည်းက ဆုံးဖြတ်ချက်ချလုပ်ဆောင်နေသနည်းဟု မေးရမလိုပင်ဖြစ်သွားခဲ့ပေသည်။ 

စေတနာအလျောက် Volunteer လုပ်ပေးနေသည့် ဆရာဝန်နှင့် သူနာပြုအချို့သည်မှာမှန်သော်လည်း ကူးစက်မှုနှုန်းဆက်လက်မြင့်တက်နေမည့်အနေအထားတွင်ရှိရာ ကျန်းမာရေးဝန်ထမ်း မလုံမလောက်ဖြစ်မည့်ကိစ္စအတွက် ပြင်ဆင်ထားစေလိုပါသည်။ ဥပမာ-ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (အစိုးရ)၊ စစ်တပ် (တပ်မတော်)၊ ရဲတပ်ဖွဲ့နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများပူးပေါင်းသင့်ပါက ပူးပေါင်းကာ ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးကို တက်ညီလက်ညီ လုပ်ဆောင်ကြရန်ဖြစ်သည်။ 

ရဲတပ်ဖွဲ့ကဲ့သို့သော Law Enforcement အဖွဲ့ဝင်ဦးရေမလုံလောက်သောကြောင့် စည်းကမ်းထိန်းသိမ်းရန် အခက်အခဲဖြစ်နေချိန်တွင် Public Volunteer များဖြင့် စည်းကမ်းထိန်းသိမ်းခြင်းမျိုးပြုလုပ်ရန်ဖြစ်ပေသည်။ သို့မှသာ Mask မတပ်သူများ၊ ခပ်ခွာခွာနေထိုင်သွားလာခြင်းမရှိသောသူများ၊Stay Home မနေထိုင်သူများကိစ္စကို ပို၍ထဲထဲဝင်ဝင် စောင့်ကြည့်လေ့လာကြပ်မတ်နိုင်မည်ဖြစ်သည်။ Contact Tracing ခေါ် လူနာနှင့်ထိတွေ့ဖူးသူများ၏ နောက်ကြောင်းရာဇဝင်လိုက်သည့်လုပ်ငန်းစဉ်ကိုလည်း ပို၍ထိရောက်စွာလုပ်ဆောင်နိုင်မည်ဟု ထင်ပါသည်။ 

ပြောရမှာ အားနာသော်လည်း မပြောလျှင်မဖြစ်ဟု ယုံကြည်သောကြောင့် ပြောချင်သည်မှာ လက်ရှိအချိန်တွင် ကိုဗစ်အောင်နိုင်ရေးကိစ္စကို ရွေးကောက်ပွဲ အောင်နိုင်ရေးကိစ္စထက်ပို၍ ဦးစားပေးသင့်သည်ဟုထင်ပါသည်။ မြန်မာပြည်သူတစ်ဦးချင်းစီအနေနှင့်လည်း မိသားစုစားဝတ်နေရေးနှင့် အလုပ်အကိုင်အဆင်ပြေရေးကိစ္စကို အာရုံစိုက်ကြသလို သတ်မှတ်စည်းမျဉ်းစည်းကမ်းများလိုက်နာပြီး ကပ်ရောဂါမကူးစက်အောင် မိမိကိုယ်မိမိကာကွယ်စောင့်ရှောက်တတ်ရန်အရေးကြီးပေသည်။ 

လိုရင်ပြောရလျှင် အားလုံး၏ ဘုံအကျိုးစီးပွားဖြစ်နေသည့် ကိုဗစ်အောင်နိုင်ရေးကို တက်ညီလက်ညီ တစ်သားတည်းသဘောဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် The Voice Daily က မေတ္တာရပ်ခံလိုခြင်းဖြစ်ပါသည်။ 

အယ်ဒီတာ ( ၁၀ - ၉ - ၂၀၂၀)