News

POST TYPE

EDITORIAL

နိုင်ငံ့ ပုံရိပ် မြှင့်တင်လိုလျှင်(Daily,Vol-4/No-210)
12-Dec-2016

နိုင်ငံတိုင်းတွင် သက်ဆိုင်ရာ လူမျိုးစုအလိုက် အစဉ်အဆက် ကျင့်သုံးလာခဲ့သော ရိုးရာ အစဉ်အလာများ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ရှိကြသည့်အနက် ခေတ်၊ စနစ်နှင့် လျော်ညီခြင်း၊ မလျော်ညီခြင်းကို အကြောင်းပြုကာ ပြုပြင်၊ မွမ်းမံ၊ ထိန်းသိမ်းခြင်း၊ ဖြုတ်ပယ်၊ စွန့်လွှတ်ခြင်းတို့ ရှိတတ်ကြသည်။

 

ဂျပန်နိုင်ငံသည် မေဂျီခေါ် မဲဂျိ ဘုရင်လက်ထက်တွင် ခေတ်မီဖွံ့ဖြိုးသော နိုင်ငံအဖြစ်သို့ အသွင် ပြောင်းနိုင်ရန် ခက်ခဲကြမ်းတမ်းသော ပြုပြင် ပြောင်းလဲမှု များစွာ ဆောင်ရွက်ခဲ့သည့် သာဓက ရှိခဲ့သည်။

 

နိုင်ငံကို ခေတ်မီ စက်မှုနိုင်ငံအဖြစ် ကူးပြောင်းရန် အဟန့်အတား ဖြစ်နေသော ရှေးရိုးစွဲဝါဒီ စစ်ဘုရင် ဆာမူရိုင်းများကို နှိမ်နင်းခဲ့ခြင်း၊ ရိုးရာကီမိုနို ဝတ်စုံမှ အနောက်တိုင်း ဝတ်စုံသို့ ပြောင်းလဲခဲ့ခြင်း၊ ဆန်ကို အဓိက စားသုံးသည့်ဓလေ့မှ ခန္ဓာကို ထွားကျိုင်း သန်မာစေမည့် ဂျုံအပါအဝင် အနောက်တိုင်း အစားအစာများ ပြောင်းလဲ စားသုံးခြင်း၊ စက်မှု နည်းပညာများ သင်ယူ လေ့လာခြင်းစသည့် အပြောင်းအလဲများမှာ ထင်ရှားသည်။

 

ထိုအပြောင်းအလဲများက ဂျပန်နိုင်ငံကို ဒုတိယကမ္ဘာစစ် မတိုင်မီ စက်မှုနိုင်ငံအဖြစ်သို့ မြှင့်တင်ပေးလိုက်ပြီး ဖက်ဆစ်စနစ်ကြောင့် စစ်ရှုံးကာ ပြာပုံဘဝသို့ ရောက်ရှိသွားသော်လည်း ပြန်လည် ရုန်းထကာ ယနေ့ကမ္ဘာ့ ထိပ်သီး နိုင်ငံအဖြစ် ရပ်တည်နိုင်စေခဲ့သည်အထိ သက်ရောက်မှု ရှိခဲ့သည်။

 

သို့သော် အခြား တစ်ဖက်တွင်လည်း ရိုးရာ ဓလေ့စရိုက်များ၊ ထုံးတမ်း စဉ်လာများကို လုံးဝ ပြောင်းလဲပစ်ခြင်း မဟုတ်ဘဲ အစဉ်အလာ များစွာကို ကာကွယ် ထိန်းသိမ်းထားပြီး ရိုးရာ အစဉ်အလာ ပွဲတော်များတွင် ရိုးရာစစ်စစ်၊ ဓလေ့ထုံးတမ်း စစ်စစ်များကို ဖော်ထုတ် မြှင့်တင်ပေးသည်။

 

မြန်မာနိုင်ငံတွင်လည်း ဂျပန်နိုင်ငံကဲ့သို့ ထိန်းသိမ်း ကာကွယ်အပ်သော ရိုးရာဓလေ့ ထုံးတမ်းများ၊ ယဉ်ကျေးမှု အစဉ်အလာများ ရှိသော်လည်း စနစ်တကျ သီးသန့် သဘောမျိုး ထိန်းသိမ်း လိုက်နာခြင်းမျိုး မရှိဘဲ ခေတ်ပေါ် သရုပ်သကန်များ ဒွေးရောယှက်တင် ရှိနေသောကြောင့် ရိုးရာ အစဉ်အလာများအပေါ် နောက်မျိုးဆက်များက အရောရော အထွေးထွေး ဖြစ်လာနိုင်ဖွယ်ရှိသည်။

 

ဥပမာအားဖြင့် သြင်္ကန်ပွဲတော်နှင့် ကထိန်ပွဲတော်တို့တွင် မြန်မာ့ ရိုးရာစစ်စစ်၊ မြန်မာ့ဓလေ့ ထုံးတမ်းစစ်စစ် ကွယ်ပျောက်လုနီးနီးဖြစ်ကာ အနောက်တိုင်း ယဉ်ကျေးမှု၊ ဂီတ၊ အနုပညာများ ယှက်ဖောက် ရောထွေးနေခြင်းကို ဆိုလိုသည်။

 

စင်စစ်အားဖြင့် အဆိုပါ ပွဲတော် နှစ်ခုစလုံး မြန်မာ့အမျိုးသား စရိုက် လက္ခဏာနှင့် ရိုးရာ ယဉ်ကျေးမှုကို ထူးခြား လေးနက်စွာ ဖော်ထုတ်ပြသနိုင်မည့် ပွဲတော်များ ဖြစ်သည့်အပြင် နိုင်ငံတကာမှ လာရောက်သော ခရီးသွား ဧည့်သည်များကိုလည်း အထူး ဆွဲဆောင်နိုင်မည့် ပွဲတော်များ ဖြစ်ကြသည်။

 

သို့သော် လက်တွေ့အားဖြင့်မူ စည်းကမ်းဘောင်ရှိသော လွတ်လပ်ခွင့်နှင့် ငြိမ်းအေး ချမ်းသာသော ဘာသာရေးကို ခုတုံးလုပ်ကာ ထင်သလို မူးယစ်၊ ပျော်ပါး၊ သောင်းကျန်းခွင့်၊ သရုပ်ပျက် ဆင်ယင်ခြယ်သခွင့်၊ အသံချဲ့စက်ဆူညံစွာ အသံကုန်ဖွင့်ခွင့်၊ ကိုးရိုးကားရား မထော်မနမ်း စည်းဝါးလွတ် ကခုန်ခွင့် တရားဝင် ရသည့်ပမာ ယင်းပွဲတော်နှစ်ခု၏ ဂုဏ်အင်ကို ဖျက်လို့ ဖျက်ဆီးလုပ်နေသကဲ့သို့ တွေ့မြင်နေရပေသည်။

 

ထိုအခြေအနေများ အလွန်အကျွံ ဖြစ်မသွားစေရန် စေတနာဖြင့် ဝေဖန် ထောက်ပြသူများကိုလည်း ဘာသာရေး ခေါင်းစဉ်အောက်မှ ရိုင်းပျသော ဖရုသဝါစာ ပြောဆိုမှုများဖြင့် ဘာသာတရားကို အလေးမထားသယောင်၊ တခြားဘာသာဝင်များ၏ အပြစ်ကိုမူ လျစ်လျူရှုထားသယောင် တူညီသော ရပ်တည်ချက်၊ ရှုထောင့်များဖြင့် လေ့ကျင့် သင်ကြားပေးထားသော အုပ်စုတစ်စုက ဗုဒ္ဓ၏ ဓမ္မ ခေါ် အဆုံးအမများနှင့် မလျော်မညီ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချ နေကြခြင်းမှာ များစွာ ရင်လေးဖွယ် ကောင်းလှသည်။

 

နိုင်ငံတစ်ခု၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာ အဆင့်အတန်းမှာ ထိုနိုင်ငံရှိ နိုင်ငံသားများ၏ ယဉ်ကျေးသော၊ လူကြီးလူကောင်း ဆန်သော၊ နူးညံ့သိမ်မွေ့သော၊ တစ်ပါးသူ အခွင့်အရေးကို မထိခိုက်စေသည့် ကိုယ်ပိုင် လွတ်လပ်ခွင့်မျိုးကို တန်ဖိုးထားသော၊ နိုင်ငံကြီးသား ပီသသော ပြောဆို၊ နေထိုင်၊ ပြုမူမှုတို့အပေါ်တွင် မူတည်သည်။

 

နူးညံ့သိမ်မွေ့မှု၊ ဆိတ်ငြိမ်အေးချမ်းမှု၊ ခွင့်လွှတ်သည်းခံမှု၊ အယုတ်၊ အလတ်၊ အမြတ်မရွေး သတ္တဝါ အားလုံးအပေါ် မေတ္တာထားမှု၊ ငြိမ်းချမ်းသာယာမှု တို့ကို အခြေခံထားသော မြတ်ဗုဒ္ဓ၏ အဆုံးအမများနှင့် ဖီလာပြုနေသော အပြုအမူ၊ အပြောအဆို၊ စိတ်ထားများ မပြုပြင်နိုင်သေးပါက နိုင်ငံ့ပုံရိပ် ကျဆင်းနေဦးမည်ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်သည်။

 

အယ်ဒီတာ (၁၁-၁၂-၂ဝ၁၆)



  • VIA