News

POST TYPE

EDITORIAL

ဒစ်ဂျစ်တယ် ပါဝါဆိုတာ သုံးတတ်လျှင်ဆေး
09-Sep-2020


မြန်မာနိုင်ငံသားအများစု အသုံးပြုသည့် ဆိုရှယ်မီဒီယာဖြစ်သော Facebook က ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ အမုန်းစကားများ၊ သတင်းတု/ သတင်းမှားများ၊ နိုင်ငံရေးအရ ပုတ်ခတ်တိုက်ခိုက်မှုများပါသည့် ပို့စ်များကို အလေးအနက်ထားစိစစ်လျက်ရှိသည်ဟု စုံစမ်းသိရှိရပါသည်။ 

နည်းပညာများအလွန်အမင်းဖွံ့ ဖြိုးလာမှုကြောင့်၊ စာတိုမျှသာပေးပို့နိုင်သည့် ပေဂျာ (Pager) ကိုပင်မသုံးဖူးလိုက်ဘဲ 3G၊ 4G စသည့် ချိတ်ဆက်မှု အားကောင်းသော မိုဘိုင်းလ်ဖုန်းများနှင့် စမတ်ဖုန်းများ တန်း၍အသုံးပြုခွင့်ရသွားသည့် မြန်မာနိုင်ငံ သားများအကြား သတင်းအချက်အလက်ရယူနိုင်မှုဟူသောကိစ္စမှာ လွန်စွာ လွယ်ကူမြန်ဆန်သည်ဖြစ်သော်လည်း သတင်းမှားများနှင့် သတင်းမှန်များကွဲကွဲ ပြားပြားသိရှိနိုင်ရေးမှာ လွယ်ကူမည့်ကိစ္စတော့မဟုတ်ပေ။ ၂၀၂၀ ပြည့်နှစ်အတွက် နောက်ဆုံးရရှိထားသော ကိန်းဂဏန်းများအရ မြန်မာနိုင်ငံသား ၂၂ သန်းကျော်၊ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကျော်မှာ အဆိုပါဆိုရှယ်မီဒီယာကို အဓိကသုံးစွဲနေကြပြီ ဖြစ်ပါသည်။ 

လူမှုကွန်ရက်ဟူသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားနိုင်သည့် ပလက်ဖောင်းတစ်ခုဖြစ်သော်လည်း တစ်ဖက်တွင် အမုန်းစကားဖြန့်သူ၊ သတင်းမှားများဖြန့်ဝေသူများကြောင့် “သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး” သဘောမျိုးဖြစ်လာသည်မှာ အထွေအထူးရှင်းပြနေစရာမလိုတော့ဟု ထင်ပါသည်။

တစ်ချိန်က ပုံနှိပ်စာလုံးဖြင့် ဖော်ပြထားသည့်အရာဆိုလျှင် မှန်ကန်မှုရှိသည့်စာ သို့မဟုတ် အကြောင်းအရာပင်ဖြစ်လိမ့်မည်ဟု စဉ်းစားချင့်ချိန်မှုအားနည်းသူ အများစုက ယေဘုယျယူဆလေ့ရှိခဲ့ကြသည်။ ယခုအခါတွင် ဒစ်ဂျစ်တယ်စာလုံးဖြင့် လူမှုကွန်ရက်ပေါ် ၌ ရေးသားဖော်ပြထားသော သတင်းများနှင့် ဓာတ်ပုံများဆိုလျှင် မှန်ကန်လိမ့်မည်ဟု ထင်မှတ်တတ်သူအမြောက်အမြားရှိနေသေးသည်မှာလည်း စာဖတ်သူများသိနှင့်ပြီးဖြစ်ပါလိမ့်မည်။ ပုံနှိပ်မီဒီယာခေတ်နှင့် ဒစ်ဂျစ်တယ် မီဒီယာခေတ်တွင် မည်သည့်ခေတ်က အမှားများနိုင်သနည်းဟု မေးလျှင် နှစ်ခုလုံးအမှားမကင်းသော်လည်း လူမှုကွန်ရက်မီဒီယာများ အထူးရေပန်းစားသည့် ဒစ်ဂျစ်တယ်မီဒီယာခေတ်မှာ ပို၍အမှားများသလို ပရမ်းပတာလည်း ပိုနိုင်လွန်း သည်ဟု ဆိုရပေမည်။ ပုံနှိပ်မီဒီယာမှာမူ မှားလျှင် ချက်ချင်းပြင်၊ ချက်ချင်းဖြုတ်ချ၍ မရနိုင်သည့် အနေအထားတွင်ရှိရာ တာဝန်ယူမှုအဆင့်ဆင့်ဖြင့် အမှားနည်းသည် ထက်နည်းအောင် ဂရုတစိုက်စောင့်ကြည့်ရသည်ကို ပုံနှိပ်မီဒီယာလုပ်ငန်းလုပ်ကိုင် ဖူးသူ အားလုံးအသိပင်ဖြစ်ပါသည်။ 

အကောင်းဘက်ကကြည့်မည်ဆိုလျှင် ဒစ်ဂျစ်တယ်မီဒီယာခေတ်ဟူသည် သတင်းအချက်အလက်များ မြန်မြန်ဆန်ဆန်ရရှိရုံသာမက မိမိအနေနှင့် မိတ်ကောင်း ဆွေကောင်းများတိုးပွားနိုင်အောင်၊ အခြားနိုင်ငံမှ ပညာရေးစနစ်များ လေ့လာ နိုင်အောင်၊ ဝေးကွာနေသော မိတ်ဟောင်းများသာမက နောက်ထပ်မိတ်ဆွေသစ်များနှင့် ချိတ်ဆက်မိအောင်ဖန်တီးပေးနိုင်စွမ်းရှိသည့်အရာဖြစ်သည်။ 

သို့သော် တစ်ဖက်တွင် မိမိနှင့် မိမိအဖွဲ့အစည်းအပေါ် ဂုဏ်သိက္ခာကျဆင်းအောင် မဟုတ်မမှန်၊ မသင့်လျော်သည့် ဒစ်ဂျစ်တယ်စာသားများနှင့် ဓာတ်ပုံများတင်ခြင်းဖြင့် တိုက်ခိုက်မှုများဖန်တီးပေးနိုင်သလို ဆိုက်ဘာအနိုင်ကျင့်မှု (Cyberbullying) ဟူသည့်ကိစ္စကိုပါ ဖြစ်ပေါ်စေနိုင်သည်ကို အထူးသတိချပ်ရမည်ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံအတွက်မူ Facebook ရှိနေသေးသရွေ့ ပြဿနာများ ဆက်ရှိနေဦးမည်သာဖြစ်သော်လည်း အလွန်အမင်းအင်အားကြီးထွားလာသည့် ဒစ်ဂျစ်တယ်ပါဝါကို မိမိနှင့် မိမိအဖွဲ့အစည်း သို့မဟုတ် မိမိနိုင်ငံအတွက် ဆင်ခြင်တုံတရားဖြင့် အကျိုးရှိရှိအသုံးချစေလိုပါသည်။ 

အယ်ဒီတာ (၈ - ၉ - ၂၀၂၀)