News

POST TYPE

EDITORIAL

ဝေဖန် ထောက်ပြသူတို့၏ အခန်းကဏ္ဍ
08-Sep-2020
ယနေ့လို လူမှုကွန်ရက်အားကောင်းလာသည့်ခေတ်၊ Facebook ခေတ်တွင် ပို့စ်တင်ခြင်း၊ ကွန်မန့်ရေးခြင်းဖြင့် မြန်မာလူ့အဖွဲ့အစည်းတွင်းရှိ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ဝေဖန်မှုအမျိုးမျိုးပြုလုပ်ခွင့်ရှိလာသည်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လက်ခံကျင့်သုံးခြင်းဖြစ်သည်ဟုဆိုနိုင်သော်လည်း တစ်ဖက်သတ် ပြစ်တင်ရှုတ်ချမှုနှင့် တစ်ဖက်သတ် ချီးမွမ်းမှုတို့သာဖြစ်နေသည်ကို တွေ့ရပေသည်။ 

အထူးသဖြင့် နိုင်ငံရေးနှင့်ပတ်သက်လျှင် မိမိဆန့်ကျင်ဘက်အုပ်စုဆိုလျှင် ဘာလုပ်လုပ် တစ်ဖက်သတ် ပြစ်တင်ရှုတ်ချရန် အချိန်မရွေး အသင့်ရှိနေပြီး မိမိ ထောက်ခံသည့် အုပ်စုဆိုလျှင် တစ်ဖက်သတ်ချီးမွမ်းရန် ပြင်ဆင်ထားပြီးဖြစ်နေကြ သည်ကို တွေ့နိုင်ပေသည်။ ယခုလို ရွေးကောက်ပွဲနီးကပ်လာ၍ နိုင်ငံရေးပြိုင်ဘက်ကြီး များ မဲဆွယ်ရန်ပြင်ဆင်နေချိန်တွင် ပို၍သိသာထင်ရှားလာပါသည်။ 

ထို့အတူ ဒီမိုကရေစီအစိုးရနှင့် NLD ပါတီကို ပယ်ပယ်နယ်နယ်ဝေဖန်လျှင် အလိုအလျောက် တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီဘက်တော်သားအဖြစ် သတ်မှတ် ခံရနိုင်ပြီး ယင်းတပ်မတော်နှင့် ကြံ့ခိုင်ရေးကို ဝေဖန်လျှင်လည်း NLD ဘက်တော်သား အဖြစ် သမုတ်ခံရသည့် သဘောမျိုးဖြစ်နေခဲ့သည်မှာ စာဖတ်သူများအားလုံးအသိပင် ဖြစ်ပေလိမ့်မည်။ 

သို့အတွက်ကြောင့် တစ်ခါတစ်ရံတွင် ဒီမိုကရေစီ အစိုးရ၊ တပ်မတော်၊ အခြား တိုင်းရင်းသားပါတီ သို့မဟုတ် လက်နက်ကိုင်အုပ်စုတစ်ခုခုကို အုပ်စုစွဲကင်း သည့် အမြင်ဖြင့် ယထာဘူတကျကျ ဝေဖန်ထောက်ပြလိုသူ (သက်ဆိုင်ရာနယ်ပယ် အသီးသီးမှ) အသိပညာရှင်၊ အတတ်ပညာရှင်များ မရှိသလောက်ဖြစ်သွား ပြီး နိုင်ငံတည်ဆောက်ရေးကိစ္စအထိ ထိခိုက်နစ်နာလာမည်ကိုပင် စိုးရိမ်မိပေ သည်။ 

အမှန်တွင် မည်သည့်ပါတီ၊ မည်သည့်အုပ်စုကို ထောက်ခံသည်ဖြစ်စေ ယထာဘူတ ကျစွာဝေဖန်တတ်သူဦးရေ များပြားလာလေ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိစ္စ အဓိပ္ပာယ်ပြည့်ဝလေပင်ဖြစ်ပေမည်။ ဆိုလိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ပါတီ အဖွဲ့အစည်းတစ်ခုခုကို ပြင်းပြင်းထန်ထန်ဝေဖန်လိုသူများအနေနှင့် ၎င်းတို့ အကျိုးပြုသည့်ကိစ္စလုပ်ဆောင်လျှင် ချီးကျူးသလို ၎င်းတို့ အမှားအယွင်းလုပ်လျှင် လည်း ပြစ်တင်ခြင်းမျိုးကိုပါ ပြုလုပ်သင့်ပေသည်။ 

အကြောင်းမှာ တစ်ဖက်သတ် ဝေဖန်ပုတ်ခတ်ခံရခြင်း၊ တစ်ဖက်သတ်ချီးမွမ်းခံ ရခြင်းတို့သည် အမှားကိုအမှားမှန်း၊ အမှန်ကို အမှန်မှန်း မမြင်တွေ့နိုင်တော့သည့် အခြေအနေဘက်သို့သာ တွန်းပို့နိုင်သည်ဖြစ်သောကြောင့်ပင်။ 

လက်ရှိ နိုင်ငံ၏အခြေအနေမှာ နယ်ပယ်အသီးသီး၌ သင်ယူလေ့လာတတ်ကျွမ်း ထားသည့် အသိပညာရှင်၊ အတတ်ပညာရှင်များအားလုံး၏ ပူးပေါင်း ပါဝင်မှု၊ ဝေဖန်ထောက်ပြမှုတို့ အထူးလိုအပ်နေသည်ဖြစ်ရာ မိမိနှင့် အုပ်စုမတူတိုင်း၊ မိမိနှင့် သဘောထားတိုက်ဆိုင်မှုမရှိတိုင်း ပက်ပက်စက်စက်ဝေဖန်ပြောဆိုမှုများ တစ်ဖက်သတ် ပုတ်ခတ်မှုများဖြင့်သာ အချိန်ကုန်မနေသင့်တော့ကြောင်း ပြောလိုရင်းဖြစ်ပါသည်။ 

အယ်ဒီတာ ( ၇ - ၉ - ၂၀၂၀ )