News

POST TYPE

EDITORIAL

ဂူဂဲလ်မှာတွေ့ရတဲ့ လူသားတွေရဲ့ဆန္ဒ
06-Sep-2020

ယနေ့ခေတ်အခါမှာ Google ရဲ့ Search Engine ဟာ ဘယ်လောက်အတိုင်း အတာအထိ အသုံးဝင်သလဲဆိုတာ ထွေထွေထူးထူး မိတ်ဆက်နေစရာမလိုဘူးလို့ ထင်ပါတယ်။ Google ပေါ်စက စာရေးဆရာကြီး မောင်စူးစမ်း (ကွယ်လွန်) က ရှာစက်ဆိုပြီး ဘာသာပြန်ဖူးခဲ့ပါတယ်။ တချို့စာရေးဆရာတွေက “လိုတရ” လို့ တောင်တင်စားခဲ့ကြပါသေးတယ်။ 

ဘာရှာချင်သလဲ၊ အဲဒီ Google ရှာစက်ကြီးထဲမှာ အတော်များများ မရှာနိုင်တာဆိုလို့ မရှိသလောက်ပါပဲ။ အောမလက်ကြက်ဥကြော်နည်းကစလို့ ပေါက်ကွဲစေတတ်တဲ့နည်းပညာ (ဗုံးလုပ်နည်း) အထိ ရှာလို့ရပါတယ်။ 

အဲဒီတော့ Google ရှာစက်ကြီးထဲမှာ What do People Want in Life ဆိုပြီးရိုက်ထည့်ကြည့်မိပါတယ်။ (စာဖတ်သူတွေလည်းရိုက်ရှာကြည့်လို့ရပါတယ်။ ကွန်ပျူတာနဲ့ဆိုပိုကောင်းပါတယ်) ဘဝမှာလူသားတွေအလိုချင်ဆုံးအရာတွေလို့ ဆိုရမှာပါပဲ။ Search ကိုနှိပ်လိုက်တဲ့အခါမှာ ထုံးစံအတိုင်း ရှာစက်ကြီးက Top Result တွေကိုထိပ်ဆုံးကပြပါတယ်။ ရှာတာနဲ့ အနီးစပ်ဆုံးအဖြေတွေကို ပြတာပါ။ လူသားစိတ်ပညာနဲ့ပတ်သက်တဲ့ သုတေသနဖောင်ဒေးရှင်းကြီးတွေ၊ အဖွဲ့ကြီးတွေ က ပြုလုပ်ထားတဲ့ သုတေသနတွေထဲက အချက်တွေကို ထိပ်ဆုံးမှာတင်ပြီးပြပေးတာလည်းဖြစ်ပါတယ်။ 

Result တွေထဲမှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အလိုချင်ဆုံးအရာတွေကို ခွဲပြပါတယ်။ ရုပ်ပိုင်းမှာတော့ အိမ်ကြီးဂေဟာတို့၊ အကောင်းစားကားတို့၊ အကောင်းစားအဝတ်အစားတို့၊ ဈေးဝယ်ထွက်ဖို့ ပိုက်ဆံတို့၊ ဆွဲဆောင်မှုနဲ့ ကြင်နာမှုရှိတဲ့ အိမ်ထောင်ဖက်တို့က အများဆုံးဖြစ်တာကိုတွေ့ရပါတယ်။ မဆန်းဘူးလို့ပဲဆိုရမှာပါ။ အကောင်းစားပစ္စည်းမလိုချင်တဲ့သူဆိုတာ ခပ်ရှားရှားပါ။ 

စိတ်ပိုင်းဆိုင်ရာတွေထဲမှာ စစ်မှန်တဲ့မိတ်ဆွေကောင်းရှိချင်တာရယ်၊ ကိုယ့်ရန်သူနဲ့ ပြန်လည်သင့်မြတ်လိုတာရယ်က ထိပ်ဆုံးမှာရှိနေတာကို ထူးထူးခြားခြား တွေ့ရပါတယ်။ တတိယအဆင့်မှာတော့ မိမိမရှိတော့တဲ့နောက် မိမိကို အကောင်းမြင်တဲ့စိတ် (ချစ်တဲ့စိတ်) နဲ့ အောက်မေ့အမှတ်ရနေစေချင်ကြတာကို တွေ့ရပါတယ်။ 

ကျွန်တော်တို့ လူသားတွေဟာ တိုက်ကြီးကြီး၊ ကားကောင်းကောင်းဆိုတာထက် တကယ်တမ်းတော့ မိတ်ဆွေအပေါင်းအသင်းကောင်း (စစ်မှန်တဲ့ အဆွေခင်ပွန်းကောင်း) ကို လိုချင်ကြတာ မငြင်းနိုင်ပါဘူး။ ဘုရား၊ ရဟန္တာ မဟုတ်ကြတဲ့ ပုထုဇဉ်လူသားဆိုတာ တစ်ယောက်တည်း မနေချင်ကြပါဘူး၊ ဘယ်သူနဲ့မှ စကားမပြောဘဲနေတဲ့ အချိန်နည်းနည်းလေးကြာလာရင်ကိုပဲ တစ်မျိုးတစ်မည်တွေဖြစ်လာတတ်ကြတယ်မဟုတ်ပါလား။ (ယခုလို ဖေ့စ်ဘွတ်ခ်သုံးတဲ့ ခေတ်မှာဆိုရင် သည်ကနေ့ လူတစ်ယောက်နဲ့ အပြင်မှာသိကျွမ်းခွင့်ရ၊ စကားတွေ ကောင်းကောင်းပြောခွင့်ရပြီးတာနဲ့ သူ့ကိုအဲဒီ ဖေ့စ်ဘွတ်ခ်မှာ ရှာကြတော့တာပဲ မဟုတ်လား။ Friend ဖြစ်အောင်ကြိုးစားကြတယ်မဟုတ်လား)

နောက်ပြီးတော့ ဘဝမှာ တစ်ချိန်တစ်ခါက ပြဿနာတက်ခဲ့ဖူး၊ ရန်ဖြစ်ခဲ့ကြဖူးပေမယ့် ဖြစ်နိုင်ရင် အဲဒီလူတွေ ကိုယ့်အပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံလာတာ၊ ဂရုတစိုက်လုပ်လာတာ၊ မေတ္တာထားလာတာကို လိုချင်ကြတာချည်းပါပဲ။ တစ်ခုခက်နေတာက ကိုယ်ကစပြီး မေတ္တာထားဖို့၊ လက်ဆွဲနှုတ်ဆက်ဖို့၊ မိတ်ဆွေ ကောင်းဖြစ်တယ်ဆိုတာကို ထုတ်ပြဖို့ ဝန်လေးနေလို့သာ (အရပ်စကားနဲ့ပြောရရင်) ရန်ဖြစ်ပြီး ပြန်မချစ်နိုင်တော့တဲ့ အနေအထားနဲ့ပဲဆက်နေသွားကြရတာပါ။ 

အာရှစကားပုံတစ်ခုရှိပါတယ်၊ “မိတ်ဆွေတစ်ရာနဲ့ ရန်သူတစ်ယောက်ရှိတယ်ဆိုရင် ရန်သူတစ်ယောက်က တစ်ရာထက်များတယ်” လို့ဆိုပါတယ်။ အဲဒီတော့ ကိုယ်နဲ့ မသင့်မတင့်ဖြစ်ထားတဲ့သူတွေ ရန်ဖြစ်ထားတဲ့သူတွေရှိခဲ့မယ်ဆိုရင် ကိုယ့်ဘက်ကစပြီး အကောင်းမြင်စိတ်လေးမွေးပြီး လက်ဆွဲနှုတ်ဆက်ဖို့၊ ဖြစ်ပြီးခဲ့တာတွေအတွက် တောင်းပန်ဖို့ဆိုတာကို မဖြစ်မနေကြိုးစားကြည့်သင့်တယ်လို့ထင်ပါတယ်။ 

နောက်ဆုံးတစ်ခုကတော့ လူတွေက သူတို့မရှိတော့တဲ့နောက် သူတို့ကိုကျန်ခဲ့တဲ့သူတွေက ချစ်တဲ့စိတ်လေးနဲ့ အောက်မေ့နေတာကို လိုချင်ကြတယ်ဆိုတာပါ။ လူတိုင်း နီးပါးအဲဒီလိုတွေးတောကြမယ်ထင်ပါတယ်။ ဒါပေမဲ့ ခက်နေတာက ဘဝမှာရှင်သန် ရုန်းကန်နေတုန်း၊ နေထိုင်ခွင့်ရတုန်း ကိုယ်ကသူ့ကိုဘာပေးရမလဲဆိုတာထက် ကိုယ့်အတွက်သူဘာပေးမလဲဆိုတဲ့ စဉ်းစားပုံစဉ်းစားနည်းက ခေါက်ရိုးကျိုးနေခဲ့ ကြာတာချည်းပဲမဟုတ်လား။ ကိုယ်က “ပေး” တဲ့ဘက်မှာ ပျော်မွေ့သူဖြစ်နေမယ်ဆိုရင် တိုင်းပြည်ခေါင်းဆောင်ဖြစ်ဖြစ်၊ ထင်ရှားကျော်ကြားတဲ့ဆယ်လီဖြစ်ဖြစ်၊ သာမန်အညတရ ပြည်သူတစ်ယောက်ပဲဖြစ်ဖြစ် အားလုံးက သူ့အကြောင်းပြောတိုင်း ချစ်ခြင်းမေတ္တာ တွေတိုးပွားနေမှာပဲဖြစ်တယ်လို့ ပြောလိုပါတယ်။ 

Google ရှာစက်ကတွေ့တဲ့ လူသားတွေအလိုချင်ဆုံးအရာတွေထဲက ကောက်နုတ်ချက်တချို့ကို ဖတ်ရှုပြီး စာဖတ်သူတွေလည်း ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာတွေကို စနစ်တကျရှာပြီး ဘဝမှာအဓိပ္ပာယ်ရှိရှိနေထိုင်သွား တတ်လိမ့်မယ်လို့ မျှော်လင့်မိကြောင်းပါ။ 

အယ်ဒီတာ ( ၅ - ၉ - ၂၀၂၀ )