News

POST TYPE

EDITORIAL

စင်ကာပူကို မကျော်နိုင်သည့် စိတ်ဓာတ်များ
04-Sep-2020
ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ညမထွက်ရ အမိန့်ချိုးဖောက်သူများကို အာဏာပိုင်များက အရေးယူခဲ့ရာ အရေးယူခံရသူ စုစုပေါင်း ၆၀ဝ ကျော်ခန့်ရှိခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။ ထို့ပြင်ပြီးခဲ့သည့်လ ၁၀ ရက်နေ့နောက်ပိုင်း ရခိုင်ပြည်နယ်မှ ပြန်လာသူများအနက် သက်ဆိုင်ရာကျန်းမာရေးဌာနသို့ အဆက်အသွယ်မပြုလုပ်ဘဲ အသံတိတ်နေထိုင်လျက်ရှိသူ ထောင်ဂဏန်း (၁၅၀ဝ ကျော်) ရှိနေပြန်သည်ကို တွေ့ရပါသည်။ 

ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀ဝ၀ နီးပါးရှိလာပြီးနောက် ရောဂါကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေးအတွက် အစိုးရ၏ ကျန်းမာရေးအာဏာပိုင်များအစွမ်းကုန်ကြိုးပမ်းနေစဉ် သက်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်သူအမြောက်အမြားရှိသလို ယခုလို ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်သူများသာမကဘဲ သတ်မှတ်ထားသော ဥပဒေစည်းမျဉ်းစည်းကမ်းဖောက်ဖျက်သူ အတော်များများရှိနေသည်ကိုတွေ့ရသည်မှာ ဝမ်းနည်းစရာကောင်းသလို ရှက်စရာလည်းကောင်းလှပါသည်။ 

ဤကြားထဲ ကပ်ရောဂါနှင့်ပတ်သက်သည့် သာမန်မဟုတ်ဘဲ ကပ်ရောဂါ ထက်ပင်ကြောက်စရာကောင်းလှသည့် ကောလာဟလအချို့ထွက်ပေါ်နေပြီး ယင်းကောလာဟလများကို အသိဉာဏ်ဆင်ခြင်တုံတရားကင်းမဲ့စွာ Share ကြသူများလည်း မနည်းမနောရှိကြသည်ကိုတွေ့ရပါသည်။ ကပ်ရောဂါထက်ပင် ကြောက်စရာကောင်းသည့် ကောလာဟလဟု ဆိုရခြင်းမှာ ပြည်ထောင်စုဖွားတိုင်းရင်းသားများအကြား စိတ်ဝမ်းကွဲပြီး စည်းလုံးညီညွတ်မှုပြိုလဲစေမည့် အကြောင်းအရာများပါဝင်သော ကောလာဟလများဖြစ်နေ၍ပင်။ 

ယခုကိုဗစ်ဒုတိယလှိုင်းတွင် ပထမလှိုင်းဖြစ်စဉ်ကလို ပူးပေါင်းကာကွယ်လိုသူ၊ သက်ဆိုင်ရာကထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်ပျက်ကွက်သူ ပိုမိုများပြားလာသည့်သဘောမျိုးတွေ့လာရပါသည်။ ဗိုင်းရပ်စ်ထက် စီးပွားရေးနှင့် အလုပ်အကိုင်ကိစ္စကို ပို၍အလေးထားခြင်းကြောင့် လော၊ ယခုဗိုင်းရပ်စ်သည် ယခင်ဗိုင်းရပ်စ်ထက် ကူးစက်မှုနှုန်းမြန်သော်လည်း အသက်အန္တရာယ်များစွာမရှိဟူသည့် ထင်ကြေးပေးပြောဆိုမှုများကြောင့်လော၊ သို့မဟုတ် မိမိသာမက မိမိ၏ မိသားစုဝင်များကို သီးခြားကန့်သတ်စောင့်ကြည့် ခံရမည့်ကိစ္စမျိုးနှင့် မကြုံတွေ့စေချင်သောကြောင့်လော စသည်ဖြင့် မေးစရာတွေ အမြောက်အမြားရှိနေနိုင်ပါသည်။ 

အကယ်၍ ဒုတိယလှိုင်းဝင်ရောက်စဉ် ကျန်းမာရေးဌာနက ဆက်သွယ်ရန်မေတ္တာရပ်ခံခဲ့လျက်နှင့် မဆက်သွယ်ဘဲ အသံတိတ်နေခဲ့သူများမှတစ်ဆင့် နောက်ထပ်လူအမြောက်အမြား ကူးစက်ခံရရုံမျှမက ထိခိုက်ဆုံးရှုံးမှုများရှိလာမည်ဆိုပါက အဆက်အသွယ်မလုပ်သောသူများသည် အဓိကတရားခံများသာဖြစ်သွားနိုင်သည်ကို အထူးသတိပြုသင့်ပေသည်။ 

မည်သို့ပင်ရှိစေကာမူ မိမိ၏ လုပ်ရပ်သည် မိမိ၏ မိသားစု၊ ပတ်ဝန်းကျင်နှင့် တိုင်းပြည်အပေါ်အကျိုးသက်ရောက်မှုရှိသည်ဆိုသော အချက်ကို အမှန်တကယ်ယုံကြည်ချက်ရှိသူဆိုလျှင် ပထမလှိုင်းဖြစ်စေ၊ ဒုတိယလှိုင်းဖြစ်စေ၊ မည်သည့်လှိုင်းပင် ဖြစ်စေ တာဝန်သိစိတ်ရှိနေရန်သာအဓိကကျပါသည်။ ဒုတိယကမ္ဘာစစ်တွင် စစ်ရှုံးပြီးနောက် ဂျပန်နိုင်ငံတို့၊ ဂျာမနီနိုင်ငံတို့ ပြာပုံဘဝမှရုန်းထွက်နိုင်ခဲ့မှုတွင် ထိုသို့သောတာဝန်သိစိတ်ရှိသော နိုင်ငံသားများ၏ အခန်းကဏ္ဍသည့် ကြီးမားသည့်နေရာမှသေချာပေါက်ပါဝင်ခဲ့ခြင်းဖြစ်သည်။ 

တစ်နည်းဆိုရလျှင် စင်ကာပူ သို့မဟုတ် နိုင်ငံတစ်နိုင်ငံကို ကျော်တက်အောင် အားစိုက်ကြိုးပမ်းကြမည့်ကိစ္စကို လှောင်ပြောင်သည့်ဖြစ်ရပ်တွင် လှောင်ပြောင်နေသူများကိုယ်တိုင်က ၎င်းတို့တွင် တာဝန်သိစိတ်အမှန်တကယ် မရှိမှန်းသိနေ သည့်အတွက် မဖြစ်နိုင်သည့်ကိစ္စအဖြစ်သဘောထားကာ လှောင်ပြောင်နေခြင်းမျိုးပင်။ နိုင်ငံသားတစ်ဦး၏ တာဝန်သိစိတ်ဟူသည် ကိုဗစ်လှိုင်းတစ်ခုတည်းအတွက် သာမက နိုင်ငံတစ်ခု ကြီးပွားခြင်း၊ ဆုတ်ယုတ်ခြင်းတို့အတွက်ပါ အထူးအရေးကြီး လှပေသည်။ 

အယ်ဒီတာ ( ၃ - ၉ - ၂၀၂၀ )