News

POST TYPE

EDITORIAL

အထူး သတိပြုရမည့် Identity Politics
03-Sep-2020
မတူညီသော တိုင်းရင်းသားလူမျိုးစု အမြောက်အမြားရှိသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများတွင် ကိုယ်ပိုင်အမှတ်သင်္ကေတခေါ် Identity ကိစ္စနှင့် ဆိုင်သော နိုင်ငံရေးလည်းပါဝင်ပေသည်။ 

“ယဉ်ကျေးမှုတွေ တိုးတိုက်လာသည့်ခေတ်ထဲတွင် Identity ကို မထိန်းသိမ်းလျှင် အရာရာကွယ်ပျောက်ခြင်း၊ လွှမ်းမိုးခြင်းခံရမည်ဖြစ်သော်လည်း Identity ကိစ္စကို ရှေ့တန်းတင်လွန်းလျှင်လည်း တံတားဆောက်ရမည့်အစား တံတိုင်းဆောက်သလို ဖြစ်ပြီး ပဋိပက္ခများဆီသာ နောက်ဆုံးတွင်ဦးတည်နိုင်ပေသည်” ဟု ဦးစွာပြောလို ပေသည်။ 

စစ်အေးခေတ်နောက်ပိုင်းကာလ အနာဂတ်ကာလတွင်ဖြစ်ပေါ်လာမည့် စစ်ပွဲများသည် နိုင်ငံများအကြား တိုက်ခိုက်ခြင်းမျိုးမဟုတ်တော့ဘဲ မတူညီသည့် ယဉ်ကျေးမှုများအကြားဖြစ်သည့် စစ်မျိုးဖြစ်လာလိမ့်မည်ဟု ၁၉၉၀ ပြည့်နှစ်များအတွင်းထွက်ပေါ်ခဲ့သော အမေရိကန်နိုင်ငံသား နိုင်ငံရေးသိပ္ပံပညာရှင် ဆန်မြူရယ် ဟန်တင်တန်၏ အဆိုကို ခေတ်ပြိုင်နိုင်ငံရေးစာပေများကို လေ့လာလိုက်စားသူများ မှတ်မိကြပါလိမ့်မည်။ 

အတိတ်ကာလကလို အယူဝါဒရေးရာ၊ နိုင်ငံရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ အကြောင်းပြချက်တို့ကြောင့် စစ်မဖြစ်ဘဲ မတူကွဲပြားသည့် ယဉ်ကျေးမှုများ တိုးတိုက်မိ ရာမှ စစ်မက်ဖြစ်ပွားလိမ့်မည်ဟု ဆန်မြူရယ်ဟန်တင်တန်က ယင်းအဆိုကို ထုတ်ဖော်ခဲ့ရာ နိုင်ငံရေးပညာရှင်များအကြား ကြီးမားသည့် အငြင်းအခုံများလည်း ဖြစ်ခဲ့ရပေသည်။ 

အမျိုးသားရေးနှင့် တိုက်ရိုက်ဆက်စပ်သည့် ယဉ်ကျေးမှု၊ ရိုးရာဓလေ့စရိုက် အစရှိသည်တို့ကို အကြောင်းပြုပြီး မတူညီသည့် လူ့အသိုင်းအဝိုင်းများ သို့မဟုတ် လူမျိုးများအကြား ပဋိပက္ခဖြစ်လာနိုင်သည့် သဘောကိုဆိုလိုပေသည်။ စစ်မက်ကြီး မဖြစ်သော်ငြား မတူညီသည့် ယဉ်ကျေးမှုများ ပွတ်တိုက်မိလာခြင်းကြောင့် တစ်ဖက်နှင့် တစ်ဖက် သံသယဖြစ်ပြီး အမုန်းစကားများပြောရာက ပဋိပက္ခဖြစ်သည့် အဆင့်သို့ ရောက်ရခြင်းမျိုးလည်းဖြစ်နိုင်ပေသည်။ 

လွန်ခဲ့သည့် ၃ နှစ်ကျော်ခန့်က ပုဂံဒေသတွင်ရိုက်ကူးခဲ့သော ဇာတ်ကားတစ်ကား တွင် ပါဝင်သော ဒိုင်ယာလော့ခ် အသုံးအနှုန်းများ၊ ရိုက်ကူးတင်ဆက်မှုများနှင့် ဇာတ်လမ်းသဘောတရားများက ယင်းဒေသ၏ ဂုဏ်သိက္ခာကို ကျဆင်းစေသလို ဖြစ်ခဲ့ပြီး ဒေသခံများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့သည့် ဖြစ်ရပ်မျိုးသည် ဆန်မြူရယ်ဟန်တင်တန်၏ အဆိုနှင့်ပတ်သက်သည့် ဥပမာတစ်ရပ်ပင်ဖြစ်ပေသည်။ 

ယနေ့ ဂျာမနီနိုင်ငံအပါအဝင် ဥရောပဒေသတွင် အမျိုးသားရေးခေါင်းစဉ်ဖြင့် လက်ယာစွန်းနိုင်ငံရေးပါတီများ အံ့မခန်းခေါင်းထောင်လာသည့်အချက်မှာလည်း National Identity ဟုခေါ်သော အမျိုးသားရေးအမှတ်လက္ခဏာကိစ္စနှင့် အဓိကဆက်နွှယ်နေခြင်းဖြစ်ပေသည်။ 

ယနေ့ခေတ်အခါသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ အနုပညာဖန်တီးခွင့်ဟူသည့် ဒီမိုကရေစီနှင့်ပတ်သက်သော စံနှုန်းများရှေ့တန်း ရောက်လာသလို တစ်ဖက်တွင် အိုင်တီနည်းပညာကြောင့် ကမ္ဘာကြီးတစ်ခုလုံး ရွာငယ်လေးသဖွယ်ဖြစ်လာခြင်းက ယဉ်ကျေးမှုများတစ်ခုနှင့်တစ်ခု ပွတ်တိုက်မိအောင် တွန်းအားပေးလျက်ရှိပေသည်။ 

ဤတွင်ပင် Identity ကိုထိန်းသိမ်းလိုသည့် အုပ်စုနှင့် Identity ထိန်းသိမ်းရန် ကြိုးပမ်းမှုကြောင့် ဖြစ်ပေါ်သော ကြောက်မက်ဖွယ်နိုင်ငံရေးနှင့် ပဋိပက္ခများကို မလိုလား သည့်အုပ်စုဟူ၍ အုပ်စုကြီးနှစ်စု ယေဘုယျပေါ်ထွက်လာသည်ကို သတိပြုမိပါသည်။ 

ယဉ်ကျေးမှုများ ဒွေးရောယှက်တင်ဖြစ်လာခြင်းက ပြဿနာတစ်ရပ် မဟုတ်တော့သော်လည်း National Identity ကိစ္စကြောင့် မတူညီသည့်အုပ်စုများ ပဋိပက္ခမဖြစ်အောင် မည်သို့နေထိုင်မည်နည်းဆိုသည်က ပိုအရေးကြီးလာပေသည်။ 

တိုင်းရင်းသားလူမျိုးစုမြောက်မြားစွာနှင့် ယဉ်ကျေးမှုပဒေသာစုံရှိနေသည့် မြန်မာနိုင်ငံအတွက်မူ အမျိုးသားရေး အမှတ်လက္ခဏာများ ထိန်းသိမ်းရေးလည်း အရေးကြီးသလို Identity Politics ဟုခေါ်သော အမှတ်လက္ခဏာနိုင်ငံရေးကြောင့် ပြည်ထောင်စုတိုင်းရင်းသားများ စိတ်ဝမ်းကွဲပြားခြင်းမျိုး မဖြစ်ရလေအောင် မည်သို့ ကာကွယ်နိုင်မည်နည်းဟူသည့်မေးခွန်းမှာလည်း အထူးအရေးကြီးလှကြောင်း ဖော်ပြလိုက်ရပါသည်။ 

အယ်ဒီတာ ( ၂ - ၉ - ၂၀၂၀)