News

POST TYPE

EDITORIAL

ဖြူစင်သည့် နှလုံးသားဖြင့် ကူညီပါ
02-Sep-2020
စစ်တွေမြို့နှင့် ရခိုင်ပြည်နယ်တွင်သာမက ရန်ကုန်မြို့တွင်ပါ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိသူအမြောက်အမြားတွေ့ရှိလာပြီးနောက် နေအိမ်အပြင်ဘက်ထွက်သူများ သိသိသာသာလျော့နည်းသွားပါသည်။ ပထမလှိုင်းတုန်းကလို တစ်ဦးနှင့် တစ်ဦး ခပ်ဝေးဝေး၊ ခပ်ခွာခွာပြန်ဖြစ်ကုန်သည်။ လူတစ်ဦးနှင့်တစ်ဦးတွေ့လျှင် “သူ့မှာများ ဗိုင်းရပ်စ်ရှိနေလား” ဆိုသည့် သံသယစိတ်များကိုလည်း ပြန်ဖြစ်လာကြသည်။ ဒုတိယလှိုင်းဖြစ်သည့် နိုင်ငံများတွင် Lockdown ပြန်ချရမလား၊ တင်းကျပ်သည့် ကန့်သတ်မှုများ ပြန်လုပ်ရမလား၊ စာသင်ကျောင်းများဆက်ပိတ်ထားရမလား စသည်တို့မှာ စိန်ခေါ်မှုများပင်။ မြန်မာနိုင်ငံတွင်မူ ဒုတိယလှိုင်းကြောင့်ဖြစ်သည့် ထင်ရှားသောဂယက်မှာ Mask ဈေးနှုန်းများပင်ဖြစ်သည်ဟု ထင်သည်။ 

တကယ်တော့ ယခုဗိုင်းရပ်စ်သည် မြန်မာ့လူ့အဖွဲ့အစည်းအပါအဝင် တစ်ကမ္ဘာလုံး၏ လူသားဆန်မှုနှင့် အကျင့်စာရိတ္တကောင်းမွန်မှုတို့ကို စာမေးပွဲစစ်သလို စစ်ချနေသည်။ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စသည့်နယ်ပယ် အားလုံးတွင် လူသားဆန်သည့်စိတ်၊ အကျင့်စာရိတ္တကောင်းမွန်သည့်စိတ်၊ ကျင့်ဝတ် စောင့်ထိန်းသည့်စိတ်ဖြင့် မည်မျှအတိုင်းအတာအထိတုံ့ပြန်နိုင်ကြသနည်းဆိုသည် ကိုလည်း ထိုဗိုင်းရပ်စ်ကြောင့်ဖြစ်သည့် အကျပ်အတည်းကာလတွင် မှတ်တမ်းတင် နိုင်မည်ဖြစ်သည်။ 

နှာခေါင်းစည်း Mask ကဲ့သို့ အကျပ်အတည်းကာလအတွင်း လိုအပ်သည့် အခြေခံ စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းများ ဈေးအဆမတန်အမြတ်တင် ရောင်းချမှုကစ၍ ပြည်ပမှဝင်ရောက်လာသူများ၊ သံသယလူနာများ သို့မဟုတ် တကယ့်လူနာများအပေါ် ဆက်ဆံရေးအပါအဝင် အလုပ်လက်မဲ့ကိစ္စနှင့် နိုင်ငံ စီးပွားရေး မပြိုလဲအောင်ဆုံးဖြတ်ရသည့်ကိစ္စအထိပါဝင်ပေသည်။ ထိုအရေးကိစ္စ များတွင် မြန်မာအချင်းချင်း (လူသားအချင်းချင်း)အကြား လူသားဆန်သည့်စိတ်နှင့် အကျင့်စာရိတ္တနှင့် ကျင့်ဝတ်စောင့်ထိန်းသည့်စိတ် ဘယ်လောက်ရှိသနည်းဆိုသည်ကို အကဲဖြတ်ပေမည်။ 

ကပ်ဘေးတို့၊ အကျပ်အတည်းတို့ဖြစ်လာလျှင် လူတို့၏ စိတ်နေသဘောထား များကို ပို၍အကဲခတ်ရလွယ်ကူသည်မှာ အထွေအထူးပြောနေစရာပင်မလိုပေ။ လွန်ခဲ့သည့် ၁၁ နှစ်ကျော် ၁၂ နှစ်နီးပါးက၊ နာဂစ်မုန်တိုင်းဝင်ပြီးနောက် နာရီပိုင်း၊ ရက်ပိုင်းအတွင်း ဝိသမလောဘရှိသူများကိုတွေ့မြင်ခဲ့ကြသလို၊ ကျင့်ဝတ်စောင့်ထိန်း သူများလည်းရှိနေသည်ကို တွေ့ခဲ့ကြရသည်မဟုတ်ပါလော။ စီးပွားရေးသမားတိုင်း မတော်လောဘရှိကြသူများမဟုတ်ဟူသောအချက်ကို ထိုစဉ်က တွေ့ ကြုံခဲ့ကြရပေသည်။ 

ယခုလိုဒုတိယလှိုင်းပြန်ဖြစ်သည့် နိုင်ငံအတော်များများတွင်လည်း အခက်အခဲ မျိုးစုံပြန်လည်ကြုံတွေ့လာကြရသည်။ အချို့နိုင်ငံများတွင် လိမ်ညာဖုံးကွယ်ထားသည့် လူနာကြောင့် ကျန်းမာရေးအမှုထမ်းများ ဒုက္ခရောက်ကြရသလို အချို့နိုင်ငံများတွင် ကျန်းမာရေးဝန်ထမ်းအချို့၏ စီမံခန့်ခွဲမှုလွဲမှားခြင်းကြောင့် လူနာများဒုက္ခဖြစ်ကြ ရသည်။ အချို့နိုင်ငံများတွင် သံသယရှိသူ သို့မဟုတ် ဗိုင်းရပ်စ်ပိုးတွေ့သူ လူနာကို ခွဲခြားဆက်ဆံခြင်းကြောင့် ပြဿနာဖြစ်ကြရသည်။ 

တကယ်တော့ နှစ်ပေါင်း ၁၀၀ တွင် တစ်ကြိမ်လောက်သာကြုံတွေ့ရသော ပြဿနာလည်းဖြစ်၊ ဗိုင်းရပ်စ်အမျိုးအစားသစ်လည်းဖြစ်သောကြောင့် ယခုပြဿနာ အတွက် အတွေ့အကြုံဟူသည် မည်သူ့တွင်မှရှိကြသည်မဟုတ်။ လွန်ခဲ့သည့် လအနည်းငယ်ကရှိခဲ့သည့် အတွေ့အကြုံမျှသာရှိကြပါသည်။ သို့အတွက်ကြောင့် အကောင်းဆုံးကိုမျှော်လင့်ပြီး အပေါင်းလက္ခဏာဆောင်သည့်စိတ်ဖြင့် တွန်းလှန် တိုက်ခိုက်ကြ၊ ကာကွယ်နေကြခြင်းသည်သာ အကောင်းဆုံးတုံ့ပြန်ခြင်းဖြစ်မည်ဟု ထင်ပါသည်။ 

အရေးကြီးသည်မှာ ယခုပြဿနာကြီးတွင် နယ်ပယ်အသီးသီး၌ “ငါးခုံးမ တစ်ကောင်ကြောင့်တစ်လှေလုံးပုပ်”၊ “ဝါးလုံးရှည်ဖြင့် သိမ်းကျုံးယမ်း” ဆိုသည့် သဘောတရားများကို ကြိုတင်မျှော်လင့်ထားသင့်သလို “စပါးပင်ကောင်းတွေ ကြားမှာ နေရာရနေသည့် ပေါင်းပင်” ကဲ့သို့သော ဖြစ်စဉ်များလည်း ရှိလာနိုင်သည်ကို နားလည်ထားသင့်ပေသည်။ 

လိုရင်းပြောရလျှင် မြန်မာနိုင်ငံသားတစ်ဦးချင်းစီအပါအဝင် မတူညီသော နယ်ပယ်အသီးသီးမှ စွမ်းဆောင်ရှင်များအနေနှင့် ဒုတိယအကျော့ကပ်ရောဂါ အန္တရာယ်ကြီးကို တွန်းလှန်တိုက်ထုတ်ကြရာတွင် အမှန်တကယ်ဖြူစင်သည့် မေတ္တာထားရှိကြရန်သာဖြစ်ပေသည်။ 

အယ်ဒီတာ ( ၁ - ၉ - ၂၀၂၀ )