News

POST TYPE

EDITORIAL

ပြည်သူလူထု၏ အနိမ့်ဆုံးမျှော်လင့်ချက် (Weekly, Vol-12/No-46)
10-Dec-2016
အစိုးရ၏ လုပ်ငန်း တာဝန်များကို ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့က တာဝန်ယူ ထမ်းဆောင်ခဲ့ချိန်မှ စတင် ရေတွက်ပါက သက်တမ်း ရှစ်လကျော် ကာလအတွင်း ရောက်ရှိလာချိန်တွင် လက်ရှိ အစိုးရသစ်သည် နိုင်ငံတော်၏ နယ်ပယ် အသီးသီး၊  ကဏ္ဍ အသီးသီး၏ အားနည်းချက်၊ အားသာချက်များကို အတိုင်းအတာ တစ်ခုအထိ ဆဝါးမိလောက်ပြီဟု ယူဆနိုင်ပေသည်။

တစ်နည်းဆိုရသော် အုပ်ချုပ်ရေး လုပ်ငန်းများ၊ စီမံခန့်ခွဲရေး တာဝန်များ၊ သက်ဆိုင်ရာ နယ်ပယ်အလိုက် ရှိနေသော အခြေခံ သဘော သဘာဝများ၊ ဖြစ်လေ့ဖြစ်ထ ရှိသော ပြဿနာ၊ အခက်အခဲများ၊ စိန်ခေါ်မှုများကို အကြမ်းဖျင်းအားဖြင့် နားလည် သဘောပေါက်စပြုနေပြီဟု မှတ်ယူရမည် ဖြစ်သည်။

ယနေ့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး နယ်ပယ်တွင် ဖြစ်ပေါ်နေသော တိုးတက်မှုများနှင့် ဆုတ်ယုတ်မှု ပြဿနာ အများစုမှာ ယခင်အစိုးရ အဆက်ဆက်က လက်ဆင့်ကမ်းလာခဲ့သော ကောင်းမွေ၊ ဆိုးမွေများ ဖြစ်သည့်အတွက် ယင်းအခြေအနေများကို သဘော သဘာဝနှင့်တကွ သဘောပေါက် နားလည်ခြင်း မရှိပါက ကိုင်တွယ် ဖြေရှင်းရန် မလွယ်ကူနိုင်ပေ။

အာဏာရှင် အစိုးရများ၏ အကြီးမားဆုံး ပြဿနာမှာ သက်ဆိုင်ရာ နယ်ပယ်အလိုက် သင့်တော် အပ်စပ်သည့် လူပုဂ္ဂိုလ်များကို အရည်အချင်းအလိုက် တာဝန်ပေး စေခိုင်းခြင်းထက် တပည့်လက်အောက်ငယ်သား ဖြစ်ဖူးသူများ ပြောသည့်အတိုင်း၊ အမိန့်ပေးသည့်အတိုင်း လိုက်နာမည့်သူများကို ခံစားခွင့်၊ အခွင့်အာဏာ ပေးအပ်ခြင်းဖြင့် သူကောင်းပြုခဲ့ခြင်း ဖြစ်သည်။

ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်သော အစိုးရလက်ထက်သို့ ရောက်ရှိချိန်တွင် ထိုသို့လက်သင့်ရာ စားတော်ခေါ်သည့် ပုံစံမျိုးထက် Meritocracy ခေါ် အရည်အချင်းနှင့် စွမ်းဆောင်ရည်အပေါ် မူတည်ကာ တာဝန်ပေး၊ ခန့်ထားခြင်းကို လက်တွေ့ကျကျ ကျင့်သုံးလာမည်ဟု မျှော်လင့်ထားခဲ့ကြသည်။

ယင်းအတွက် နိုင်ငံရေးတာဝန် တစ်ပိုင်း ဖြစ်နေသည့် ဝန်ကြီးအဆင့် ရာထူးမျိုးကို သက်ဆိုင်ရာ နယ်ပယ်နှင့် အပ်စပ်မှုရှိသောဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့ ရရှိသူကို ဝန်ကြီးအဖြစ် ခန့်ထားရမည်ဟု မဆိုလိုသော်ငြား ခန့်ထားနိုင်ပါက အတိုင်းထက် အလွန် ဖြစ်သည်။

သို့သော် လက်တွေ့လုပ်ငန်း နယ်ပယ်တွင် ဝန်ကြီးကိုယ်စား ကြီးကြပ် တာဝန်ယူရမည့် ဒုတိယဝန်ကြီးကဲ့သို့ ရာထူးမျိုးကိုမူ သက်ဆိုင်ရာ နယ်ပယ်အကြောင်း အခြေခံကျကျ၊ သဘော သဘာဝနှင့်တကွ နားလည် တတ်ကျွမ်းသူဖြစ်ရန် အထူး အရေးကြီးလှပေသည်။

အဘယ်ကြောင့်ဆိုသော် အာဏာရှင် အစိုးရ အဆက်ဆက် ပညာရပ်ပိုင်းဆိုင်ရာ နားမလည်သူ အာဏာရှင် အခန့်ထားခံ အာဏာရှင် ဝန်ကြီးများကို ပညာရပ်ပိုင်းဆိုင်ရာ ရှုပ်ထွေးသော ရှုထောင့်၊ တင်ပြမှုများဖြင့် နားရှုပ်၊ မျက်စိ လည်သွားစေပြီး ၎င်းတို့လိုသလို သွယ်ဝိုက်စေစားကာ ကိုယ်ကျိုးရှာခဲ့သော ရာထူးကြီး၊ တာဝန်ကြီး ဝန်ထမ်းကြီးများ၏ ကစားကွက် အတွင်းသို့ ရောက်ရှိ မသွားစေလိုသောကြောင့် ဖြစ်သည်။

တည့်တည့်ပြောရလျှင် ယနေ့ အုပ်ချုပ်ရေး ယန္တရားအတွင်းရှိ ဝန်ကြီးဌာန အသီးသီးတွင် အာဏာရှင် ခေတ်အဆက်ဆက်၏ အာဏာရှင်ဆန်သော စီမံခန့်ခွဲမှုများဖြင့် ခေါက်ရိုးကျိုးကာ လစာနှင့် ပိုင်ဆိုင်မှု ကွာဟလွန်းနေသော ဝန်ထမ်းကြီးငယ်များသည် အရပ်သား အစိုးရလက်ထက် ဝန်ကြီးအသစ်များကို ဒူးထောက်ခစားကာ ၎င်းတို့လိုသလို စေစား၊ ကြိုးကိုင်နိုင်သော အန္တရာယ် ရှိနေကြောင်းပင်ဖြစ်သည်။

ထိုအတွက် မူလကပင် အောက်ခြေမခိုင်ဘဲ သူကောင်းပြုခံ၊ မြှောက်စားခံ၊ ပြောသမျှ ခေါင်းညိမ့်လိုက်နာမည့်သူများကို နိုင်ငံတော်၏ ကဏ္ဍနယ်ပယ် အသီးသီးကို လက်တွေ့ ဦးဆောင် စီမံခန့်ခွဲမည့် မန်နေဂျာများအဖြစ် ခန့်ထားမိပါက ထိုနယ်ပယ်မှ  ခေါက်ရိုးကျိုး ဝန်ထမ်းကြီးငယ်များအတွက် ယခင်အစိုးရ တာဝန်ယူခဲ့စဉ် ကာလထက်ပင် ရတနာပုံကိန်းဆိုက် အကြိုက် တွေ့သွားနိုင်ပေသည်။

ရှစ်လတာ ကာလသို့ ရောက်ရှိလာသော လက်ရှိအစိုးရသစ် အနေနှင့်လည်း နိုင်ငံတော်ဘဏ္ဍာ တစ်နည်းအားဖြင့် ပြည်သူ့ဘဏ္ဍာဖြင့် စီမံခန့်ခွဲနေသည့် ကဏ္ဍ နယ်ပယ် အသီးသီးတွင် အစိုးရအတွက် ပင်ပန်းတကြီး ခက်ခဲစွာ အားထုတ်ရန် မလိုသော လူမှန်၊ နေရာမှန် ခန့်ထား၊ တာဝန်ပေးခြင်းဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ သို့မဟုတ် မဲဆန္ဒရှင်ပြည်သူများ၏ ယုံကြည်မှု၊ အလေးထားမှုကို အနိမ့်ဆုံးအဆင့် တန်ဖိုးထား လေးစားရာရောက်ကြောင်း၊ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးရာ ရောက်ကြောင်း သိစေလိုရင်း ဖြစ်သည်။

 အယ်ဒီတာ (၇-၁၂-၂၀၁၆)


  • VIA