News

POST TYPE

EDITORIAL

ပြည်သူတွေ လက်ခုပ်ထဲကရေ
30-Jul-2020
ဒီမိုကရေစီရွေးကောက်ပွဲများ၊ နိုင်ငံရေးပါတီတို့၏ မဲဆွယ်ကတိများနှင့် ပတ်သက်၍ ဒီမိုကရေစီနိုင်ငံအသီးသီးတွင် ဆိုရိုးအမျိုးမျိုး၊ စကားပုံအမျိုးမျိုး၊ သရော်စရာအမျိုးမျိုးရှိသည့်အနက် တူညီသည့်အချက်မှာ 'နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲနီးလာလေ ပြည်သူကိုအထူးဂရုစိုက်ပြလေ' ဆိုသောအယူအဆ ဖြစ်လိမ့်မည်ဟု ထင်ပါသည်။ 

သတင်းစာကာတွန်းအသီးသီးကိုကြည့်လျှင်ဖြစ်စေ၊ သရော်စာများကို ဖတ်လျှင်ဖြစ်စေ 'မဲမရခင်ဖျာလိုလိပ်ကာ ခေါင်းပေါ်တင်ပြီး မဲရပြီးလျှင်ဖြန့်ခင်း၍ နင်းလေသည်' ဆိုသည့်သဘောမျိုးများဖြင့် နိုင်ငံရေးပါတီများကိုလှောင်ပြောင်သည့်သဘောမျိုးများကိုတွေ့ မြင်ရမြဲပင်ဖြစ်သည်။ သဘောတရားမှာ ပြည်သူဆိုသည်မှာ ရွေးကောက်ပွဲရောက်တိုင်း အလိမ်ခံရသူများဖြစ်ပြီး နိုင်ငံရေးသမားတို့၊ ပါတီတို့၊ အစိုးရတို့ဟူသည် တစ်နည်းမဟုတ်တစ်နည်းဖြင့် လှည့်ဖြားနေသူများ ဖြစ်နေသည်ကိုတွေ့ရပါသည်။ 

တစ်ဖက်ကကြည့်လျှင်လည်း နိုင်ငံရေးပါတီတစ်ခု (ပါတီနိုင်ငံရေးသမား တစ်ဦး)အနေနှင့် ရွေးကောက်ပွဲတွင် နိုင်ငံနှင့် ပြည်သူအတွက် အရေးကြီးသည့် ကတိကဝတ်တစ်ခုတလေမျှမပေးဘဲ ပြည်သူထံမှ မဲများများရရှိအောင်မည်သို့ စည်းရုံးရေးဆင်းကြမည်နည်း ဆိုသည်မှာ စဉ်းစားစရာပင်။ လူထုထောက်ခံမှုမည်မျှရထားသူဖြစ်စေ 'ပြည်သူအတွက် ဘာတစ်ခုမျှလုပ်ပေးစရာမရှိပါ' ဆိုသော စကားမျိုးဖြင့် ရွေးကောက်ပွဲကာလကို ဖြတ်သန်းဝံ့မည်မဟုတ်ပေ။ 

တကယ်တော့ ပြည်သူနှင့် နိုင်ငံရေးပါတီ၊ ပြည်သူနှင့် အစိုးရအကြား ယင်းသို့ မကျေမနပ်ပြောစရာတစ်စုံတစ်ခုအမြဲရှိနေခြင်းမှာ ပြည်သူ၏ လူမှုစီးပွားဘဝများကို လုံခြုံမှုရှိအောင် အကာအကွယ်ပေးနိုင်သည့် စနစ်ကောင်းများ အခိုင်အမာမရှိ သေးခြင်းကြောင့်ပင်ဖြစ်ပါလိမ့်မည်။ 'အောင်မြင်သည့်အစိုးရတို့၊ နိုင်ငံရေးပါတီတို့ ဟူသည်မှာ သူတို့ရှိနေမှန်း ပြည်သူက သတိမထားမိတော့သည့်အခါမျိုးတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်' ဆိုသောဆိုရိုးစကားကိုကြည့်လျှင် မူဝါဒတို့၊ စနစ်တို့ မည်မျှအတိုင်းအတာအထိအရေးပါသည်ကို ဆဝါးနိုင်မည်ဖြစ်ပါသည်။ 

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစည်းဘောင်များနှင့် အဖွဲ့အစည်းများ ခိုင်ခိုင်မာမာ မရှိသေးသည်မှာ အထူးပြောစရာမလိုတော့ဟုထင်ပါသည်။ သို့သော် ဘာမှမရှိဆိုသည့် ဗလာနတ္ထိအဆင့်ထက် အတော်အတန်ကိုပင်ကျော်လွန်လာသည်ကိုတော့ နားလည်ထားရမည်ဖြစ်ပါသည်။ ယင်းသို့ ဗလာနတ္ထိအဆင့်မှ တိုးတက်လာခြင်း သည်လည်း အဆိုပါနိုင်ငံရေးသမားများ၊ ခေါင်းဆောင်များနှင့် ပါတီများ၏ အကျိုး ကျေးဇူးမကင်းသည်ကိုလည်း တစ်ဆက်တည်းပင် အသိအမှတ်ပြုလက်ခံကြရ မည်သာပင်ဖြစ်သည်။ 

'မူ' တို့၊ 'စနစ်' တို့ တကယ်ကောင်းသွား၊ တကယ်အခြေခိုင်သွားချိန်တွင် နိုင်ငံရေးသမားများ၊ ပါတီများနှင့် အစိုးရများကို ရှိ၍ရှိနေမှန်းတောင်မသိဖြစ်လာမည်မှာသေချာသော်လည်း မိမိတို့လိုလားမျှော်မှန်းသည့် အဆင့်မရောက်ခင် စပ်ကြားတွင် ဆင်ခြင်ဉာဏ်၊ အမြော်အမြင်၊ လုပ်ကိုင်နိုင်စွမ်းနှင့် စိတ်အားထက်သန်မှု ကြီးမားကြသည့် ခေါင်းဆောင်ကောင်း၊ ပါတီကောင်း၊ နိုင်ငံရေးသမားကောင်းများကို လိမ္မာပါးနပ်စွာရွေးချယ်နေကြရဦးမည်သာဖြစ်ပါသည်။ 

မူဝါဒနှင့် အင်စတီကျူးရှင်းများ အခိုင်အမာရှိထားသော နိုင်ငံများတွင်လွဲမှားသည့် ခေါင်းဆောင်များကို ရွေးချယ်မိ၍ ၎င်းတို့အမှားလုပ်ခဲ့သည်ရှိသော် ယင်းမူဝါဒကောင်းများဖြင့်ပင် ထိုအမှားများကို တောင့်ခံထားနိုင်မည်ဖြစ်သည်။ နောက်ထပ်ခေါင်းဆောင်ကောင်းတစ်ဦးလက်ထက်တွင် မူလအတိုင်းပြန်ဖြစ်အောင်ဖန်တီးနိုင်မည်သာပင်ဖြစ်သည်။ 

အပေါ်ဆုံးအပိုဒ်တွင်ဖော်ပြခဲ့သည့် အယူအဆဖြင့်ပြောရမည်ဆိုပါက ကျန်အချိန်ကာလများ၌ ပြည်သူဟူသည် နိုင်ငံရေးသမားများနှင့် ပါတီကြီးများ၏ လက်ခုပ်ထဲကရေဖြစ်ခဲ့လျှင် ရွေးကောက်ပွဲကာလအတွက် ပြည်သူ့လက်ခုပ်ထဲကရေမှာ ယင်းနိုင်ငံရေးသမားများနှင့် ပါတီကြီးများပင်ဖြစ်ရပေမည်။ 

ပေးဆပ်မှုများစွာဖြင့် ခဲခဲယဉ်းယဉ်းဖောက်ယူခဲ့ရသည့် မြန်မာ့ဒီမိုကရေစီခရီး လမ်းရှေ့ဆက်၍ ဖြောင့်ဖြူးနိုင်ရေးအတွက် ယခုလာမည့် ရွေးကောက်ပွဲတွင် ပါတီကောင်းနှင့် ခေါင်းဆောင်များကို လိမ္မာပါးနပ်စွာရွေးချယ်ပါမှ တာဝန်သိနိုင်ငံသားတစ်ဦးဖြစ်မည်ဟု မေတ္တာရပ်ခံလိုက်ရပါသည်။ 

အယ်ဒီတာ ( ၂၉ - ၇ - ၂၀၂၀ )