News

POST TYPE

EDITORIAL

သုညမှ ပြန်စကြရမည့် မြန်မာ့စီးပွားရေး
24-Jul-2020
မကြာသေးခင်ရက်ပိုင်းက ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါကာလ မြန်မာ့စီးပွားရေး နှင့် ပတ်သက်သော အစီရင်ခံစာတစ်ရပ်ထွက်ပေါ်လာရာတွင် ယခုနှစ် မြန်မာ့ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုသည် သုညသို့ ချဉ်းကပ်လိမ့်မည်ဟု ခန့်မှန်းရကြောင်း သိရပါသည်။ ကိုဗစ်ကြောင့်ဖြစ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများ ကုစားရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့်ပြုလုပ်သော ယင်းအစီရင်စာတွင် မြန်မာနိုင်ငံတွင်းရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဆက်လက် လည်ပတ် အလွန်အရေးကြီးသည့် အချက်ကိုလည်း အရေးတကြီးထောက်ပြထားပေသည်။ 

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု Economic Growth သုညသို့ချဉ်းကပ်မည်ဆိုခြင်းမှာ တိုင်းပြည်စီးပွားရေး ဂျီဒီပီ မြင့်တက်ခြင်းမရှိသလို ကျဆင်းခြင်းလည်း မရှိသည့် အခြေအနေတစ်ရပ်ကို ဆိုလိုခြင်းဖြစ်ပေသည်။ ဂျီဒီပီ အတက်-အကျ မရှိခြင်းကို Zero Economic Growth ဟု ခေါ်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ တိုးတက်မှုသုညဟူသည် စီးပွားရေးပျက်ကပ်ထဲသို့ဆိုက်ရောက်သွားခြင်း မဟုတ်သော် လည်း အလုပ်လက်မဲ့နှုန်း အဆမတန်မြင့်တက်နေခြင်း သို့မဟုတ် အလုပ်အကိုင် အခွင့်အလမ်းလုံး၀ မရှိသလောက်နည်းပါးနေခြင်းကို ပြောလိုခြင်းဖြစ်ပေသည်။ 

အားလုံးသိပြီးသားကိစ္စပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံသို့ ကပ်ရောဂါကြီးရောက်ရှိ လာသည့် မတ်လကစ၍ စီးပွားရေးလုပ်ငန်းများအတော်များများရပ်ဆိုင်းနေခဲ့သည်မှာ ဘာမျှမရှိတော့သလောက်ပင်ဖြစ်သည်။ ဟိုတယ်လုပ်ငန်းနှင့် ခရီးသွားလာရေး လုပ်ငန်းများလည်း သုည၊ လေကြောင်းလုပ်ငန်းများလည်း သုည၊ အိမ်၊ ခြံ၊ မြေ လုပ်ငန်းများလည်း သုညအနေအထားသို့ရောက်ရှိ၍နေပေသည်။ စီးပွားရေးလုပ်ငန်း အတော်များများတွင် ဝန်ထမ်းများအမြောက်အမြားလျှော့ချနေရသည့် သတင်း များကိုလည်း ယခုကာလတွင် မကြားချင်အဆုံးကြားနေရပေသည်။ 

တကယ်တော့ COVID-19 ကပ်ရောဂါကြီး မတိုင်ခင်ကတည်းက ရခိုင် ပြည်နယ် ပဋိပက္ခဂယက်အပါအဝင် အခြားအားနည်းချက်များကြောင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုမျှော်မှန်းသလောက်မရှိခဲ့သော မြန်မာနိုင်ငံ၏ စီးပွားရေး ယခုလို တိုးတက်မှုတွင် သုညနားသို့ချဉ်းကပ်နိုင်သည်ဟု ခန့်မှန်းကြသည်မှာ အဆန်းတော့မဟုတ်ပေ။ 

တစ်ခုအရေးကြီးသည်မှာ ကပ်ရောဂါကြီးသည် ကုန်သွယ်ရေးနှင့် စီးပွားကူးသန်း ရောင်းဝယ်ရေးကဏ္ဍများ၌ ပုံစံသစ်များ ပေါ်ပေါက်လာရုံမျှမက နောက်ဆုံးတွင် ကမ္ဘာလုံး ဆိုင်ရာ အစီအစဉ်သစ်ကြီးတစ်ခုကိုပါ ဖန်တီးမည့်သဘောရှိရာ ယင်းအချက်အပေါ် အခြေခံပြီး မြန်မာအစိုးရအနေနှင့် တိုင်းပြည်စီးပွားရေးပုံစံကို လိုက်လျောညီထွေဖြစ် အောင် လိုက်ပါပြောင်းလဲပေးရန် သာဖြစ်သည်။ သို့မှသာ ကမ္ဘာနှင့်ချီပေါ်ပေါက်လာမည့် New Normal  အခြေအနေသစ် ထဲမှနေ၍ ပြည်ပနိုင်ငံများနှင့် ကုန်သွယ်ရေးနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများဝင်ရောက် လာရေး စသည်တို့ကို ထိထိရောက်ရောက်ဖြစ်အောင် ပြန်လည်မြှင့်တင်ပေး နိုင်မည်ဖြစ်ပေသည်။ ထိုကိစ္စကို စဉ်းစားရာတွင်လည်း မိမိတိုင်းပြည်၏ ရှိရင်းစွဲ အားသာချက်များက New Normal ကာလ စီးပွားရေးပြန်လည်ထူထောင်မှုများ ပြုလုပ်နေသည့် အာဆီယံဒေသတွင်းအပါအဝင် အခြားကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းလုပ်ကိုင်ပါက အကျိုးအမြတ်ပိုမိုဖြစ်ထွန်းစေမည်နည်း ဆိုသောအချက်ကို ဦးစားပေးသင့်ပေသည်။ 

ဥပမာ-မကြာသေးခင်သီတင်းပတ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်အလွန်ကာလတွင် မြန်မာနိုင်ငံကို နယူးဇီလန်ကဲ့သို့ ရိက္ခာထုတ်လုပ်ရောင်းချသည့်နိုင်ငံအဖြစ် ထူထောင်ရန် ဆန္ဒရှိသည်ဟု ဆိုသော ဦးတည်ချက်မျိုးဖြစ်ပေသည်။ စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်သော မြန်မာအတွက် ရိက္ခာကိစ္စမှာ များစွာခဲယဉ်းမည်မဟုတ်သည်မှာသေချာပါသည်။ ရိက္ခာထုတ်လုပ် သည့် ကဏ္ဍများကို နည်းပညာ၊ အရင်းအနှီးနှင့် အခြားဖြေလျှော့မှုများပေးပြီး နိုင်ငံတော်ဘက်က ပြည်ပဈေးကွက်ဝေစုရအောင်ရှာဖွေပေးနိုင်လျှင် မဖြစ်နိုင်သည့် ကိစ္စလုံး၀မဟုတ်ပေ။ တိုင်းပြည်စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သော ပုဂ္ဂလိက ကုမ္ပဏီလုပ်ငန်းများ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ပံ့ပိုးပေးရေး အရေးကြီးပုံနှင့် ၎င်းတို့အတွက်ချေးငွေကိစ္စအခရာကျပုံတို့ကို ပြီးခဲ့သည့် မေလနှင့် ဇွန်လအတွင်းက အထူးတလည်ရေးသားခဲ့ပြီးဖြစ်၍ ထပ်မံမဖော်ပြလိုတော့ပေ။ 

မည်သို့ဆိုစေ ယခုအခါ ကပ်ဘေးရင်ဆိုင်နေရသည့် နိုင်ငံအတော်များများတွင် အစိုးရအသီးသီးက စီးပွားရေးလုပ်ငန်းများထံ၊ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီထံ ငွေကြေးများရောက်ရှိနိုင်ရေးအတွက် ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာဖြစ်သော ငွေစက္ကူရိုက်နှိပ်ထုတ်ဝေမှုကိုပါ အရေးတကြီးလုပ်ဆောင်နေကြသည်ဖြစ်ရာ မြန်မာအစိုးရအနေနှင့် မြန်မာ့စီးပွားရေး ဦးမော့နိုင်ရေးအတွက် လုပ်သင့်သည့် ကိစ္စကို သတ္တိရှိရှိလုပ်ဆောင်ရန် အရေးကြီးကြောင်းဖော်ပြလိုက်ရပါသည်။ 

အယ်ဒီတာ ( ၂၃ - ၇ - ၂၀၂၀ )