News

POST TYPE

EDITORIAL

၂၀၂၀ မဲပေးသည့် နိုင်ငံသား
22-Jul-2020
ယခုလာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအနေနှင့် စိတ်ပါဝင်စားစွာမဲပေးကြရန် တိုင်းရင်းသားနိုင်ငံရေးပါတီများက တိုက်တွန်း ဆော်ဩလျက်ရှိသည်ကို ယခုရက်ပိုင်းတွင် အထူးသတိပြုမိပါသည်။ 

ကမ္ဘာ့ကပ်ရောဂါကာလအတွင်း အလုပ်အကိုင်နှင့် စီးပွားရေးလုပ်ငန်း အတော် များများ အကျပ်အတည်း အခက်အခဲများနှင့် ရင်ဆိုင်နေရသောကြောင့် ရွေးကောက်ပွဲ ကိစ္စအပေါ် စိတ်ဝင်စားသူနည်းပါးကောင်းနည်းပါးနေလိမ့်မည်ဟု ထင်ကြေးပေး ပြောဆိုမှုများရှိနေချိန်တွင် ယခုလို ၂၀၂၀ ရွေးကောက်ပွဲကို ပြည်သူများစိတ်ဝင်တစား မဲပေးကြရန် တိုက်တွန်းလာခြင်းဖြစ်ပေသည်။ 

စိတ်ဝင်တစားရှိသင့်သည့်အရာဟုလည်း ယုံကြည်ပါသည်။ ကပ်ရောဂါကိစ္စ အတွက် ကျန်းမာရေးဌာနကတာဝန်ရှိသူများ၏ လမ်းညွှန်ချက်များအတိုင်းနေထိုင် နေချိန်တွင် ရှေ့မကြာမီလအနည်းငယ်အတွင်း ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲ ကိစ္စကို မြန်မာပြည်သူတိုင်း ယခုကတည်းက စိတ်ဝင်တစားရှိသင့်ပေသည်။ 

တကယ်တော့ ယခု ကိုဗစ်-၁၉ ကပ်ရောဂါကာလကြီးမတိုင်ခင်ကတည်းက ယခုလာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲပေးမည်၊ မဲမပေးဘဲနေမည်ဆိုသည့် ‘Vote or No Vote’ ကိစ္စသည် မြန်မာပြည်သူအချို့၊ အထူးသဖြင့် လက်ရှိအာဏာရ ပါတီ၏ စွမ်းဆောင်ရည်အပေါ် အားမလိုအားမရဖြစ်သူအချို့အကြား အဓိက ပြောစရာဖြစ်နေခဲ့ပေသည်။ ပို၍ ပွင့်ပွင့်လင်းလင်းဆိုရလျှင် အာဏာရပါတီအပေါ် အတိုင်းထက်အလွန်မျှော်လင့်ချက်ထားခဲ့ပြီး ယခုရေတွင်းတူးခွင့်ရလျှင် ယခုပင် ရေသန့်တစ်ခွက်သောက်ခွင့်ရရှိရမည်ဆိုသည့် အယူအဆရှိခဲ့သူများအတွက် ဝေခွဲမရ နိုင်သောပြဿနာဟု ဆိုရပေမည်။ 

မြန်မာ့နိုင်ငံရေးကိုအမှန်တကယ် စိတ်ဝင်စားပြီး ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဟူသည် လက်ဖျောက်တစ်ချက်တီးအတွင်း ဗြုန်းခနဲ၊ ဒိုင်းခနဲ ဖန်တီးယူ၍မရနိုင်သော အချက်ကို အမှန်တကယ်သိရှိနားလည်သူများအနေနှင့်မူ “မဲပေးရင်ကောင်းမလား၊ မဲမပေးဘဲနေလိုက်ရမလား” ဆိုသည့် အမှန်-အမှား အကောင်း-အဆိုးမခွဲခြား တတ်သော ဝေဝါးသည့်အတွေးမျိုးဝင်မည်မဟုတ်ပေ။ No Vote ကမ်ပိန်းများကြောင့်လည်း ဇဝေဇဝါဖြစ်နေမည်မဟုတ်တန်ရာ။ 

၂၀၁၀ မှစတင်ကာ ယခုဖြတ်သန်းနေကြသည့် ၁၀ နှစ်နီးပါး ခရီးလမ်းကိုကြည့်လျှင် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ကူးပြောင်းနေဆဲအဆင့်တွင်သာရှိသေးပြီး ယင်းသို့ကူးပြောင်းရာတွင် အပြောင်းအလဲမျှော်လင့်သည့် ပြည်သူအတွက်ရော၊ အပြောင်းအလဲကောင်းများကို ဖန်တီးပေးလိုသည့် နိုင်ငံရေးပါတီကြီးများအတွက်ရော ရွေးကောက်ပွဲနှင့် ဆန္ဒမဲတို့သည် မည်မျှအရေးကြီးသည်ကို ကောင်းစွာဆဝါး ကြည့်နိုင်မည်သာပင်ဖြစ်သည်။ ပွဲဦးထွက်ရွေးကောက်ပွဲတုန်းကလည်း No Vote ကမ်ပိန်းများကြားကပင် ခရီးဆက်ခဲ့ကြရာ ယနေ့ဤနေရာသို့ရောက်လာကြခြင်းဖြစ်သည်။ 

လိုရင်ပြောရလျှင် ဆန္ဒမဲပေးပိုင်ခွင့်နှင့် ဆန္ဒမဲပေးခြင်းဟူသည် မဲဆန္ဒရှင်ပြည်သူ (နိုင်ငံသားတစ်ဦး)အတွက် ရသင့်ရထိုက်သော အခွင့်အရေးတစ်ရပ် ဖြစ်ရုံမျှမက တိုင်းပြည်၏ ဒီမိုကရေစီအုတ်မြစ်ကောင်းများ အခြေချတည်ဆောက်နိုင်ရေးအတွက်ပါ အရေးကြီးသော နိုင်ငံရေးဖြစ်စဉ်တစ်ခုဆိုသည်ကို အားလုံးကသတိချပ်သင့်ပေသည်။ 

သို့အတွက်ကြောင့် နိုင်ငံရေးပါတီကြီးများအနေနှင့် မဲဆန္ဒရှင်ပြည်သူများက နာမည်ကြားလိုက်ရုံဖြင့် မင်အိုးထဲလက်သန်းနှစ်ချင်စိတ်ဖြစ်လာစေမည့် ပုဂ္ဂိုလ် များကိုရွေးချယ်ပြင်ဆင်ထားရန်လိုအပ်ပြီး မဲဆန္ဒရှင်ပြည်သူများ အနေနှင့်မူ ရွေးကောက်ပွဲမဲပေးသည့်ကိစ္စကို နိုင်ငံသားအခွင့်အရေးတစ်ခုမျှသာမက နိုင်ငံသား တစ်ဦး၏ တာဝန်အဖြစ်ပါ ရှုမြင်နှလုံးသွင်းအပ်ကြောင်း ပြောလိုရင်းဖြစ်ပါသည်။ 

အယ်ဒီတာ (၂၁ - ၇ - ၂၀၂၀)