News

POST TYPE

EDITORIAL

အစဉ် သတိထားရမည့် အမုန်းစကား
16-Jul-2020

မြန်မာစကားပုံများစွာရှိသည့် အနက် “စကား၊ စကားပြောပါများ၊ စကားထဲက ဇာတိပြ” ဆိုသည်နှင့် “ကြမ်းကျွံနုတ်ရသော်လည်း နှုတ်ကျွံက နုတ်မရ” ဆိုသည့် ဆုံးမစကားဆန်သော စကားပုံမှာ ခေတ်ကာလတွေမည်သို့ပင်ပြောင်းလဲသွားစေကာမူ လူတိုင်းအတွက်အသုံးဝင်နေဆဲဖြစ်လိမ့်မည်ဟု ထင်သည်။ 

Facebook ၏ Messenger (မက်ဆင်ဂျာ)ကဲ့သို့ အပြန်အလှန်စာရိုက် ပြောဆို နိုင်ရုံသာမက ဗီဒီယိုဖြင့်ပါ Live ဆက်သွယ်ပြောဆိုနိုင်သည့် အက်ပလီကေးရှင်း (APP) များ သို့မဟုတ် အွန်လိုင်းဆက်သွယ်ရေးပလက်ဖောင်းများ ပေါ်ပေါက်လာသည့် ယနေ့ခေတ်ထဲတွင်မူ အွန်လိုင်းပေါ်တွင် စာဖြင့်ပြောသည့် စကားများအတွက်လည်း အထူးသတိထားအပ်ပေသည်။ 

အဆိုပါ အက်ပလီကေးရှင်းများကြောင့် မိတ်ဆွေနှစ်ဦး (လူနှစ်ဦး) အကြားသာမက ငယ်သူငယ်ချင်းအချင်းချင်း၊ ဝါသနာတူရာအချင်းချင်း၊ လုပ်ငန်းတူရာ အချင်းချင်း စသည်ဖြင့် အုပ်စု (ဂရု)ဖွဲ့ကာ အပြန်အလှန်ဆက်သွယ် ပြောဆိုလာနိုင်ပေရာ လူမှုဆက်ဆံရေးကိစ္စအတွက်သာမက လုပ်ငန်းကိုင်ငန်းကိစ္စရပ်တွေ အတွက်ပါ လွယ်ကူချောမွေ့စေပါသည်။ 

သို့သော် အမှုမဲ့အမှတ်မဲ့သဘောဖြင့် မိမိဘက်က တင်လိုက်သော ပို့စ်တစ်ခု သို့မဟုတ် ရေးသားလိုက်သည့် စာသားတစ်ခုသည်ပင် အခြားတစ်ဖက်တွင် အဓိပ္ပာယ် အမျိုးမျိုးထွက်သွားနိုင်သည်ဆိုသောအချက်ကို ယင်းပလက်ဖောင်းပေါ်တွင်နေသူ အားလုံး အထူးပင်သတိပြုသင့်ပေသည်။ 

လူမှုကွန်ရက်ကို အသုံးပြုပြီး ဈေးကွက်ရှာကြသူများ၊ တစ်နည်းအားဖြင့် Facebook ဖြင့်စီးပွားရှာကြသူများထံမှ တစ်ဆင့်ကြားသိရသော ဗျူဟာအရ Like များများရရှိစေရေးအတွက် အမုန်းပွားစေမည့် ပို့စ်များ၊ ဗီဒီယိုဖိုင်များကို တမင်တကာရေး တင်ကြသည်ဟု ဆိုပေသည်။ လူပြောများ၊ လူကြိုက်များ၊ လူမုန်း များလေ Page တစ်ခုအောင်မြင်လေဟူသော အယူအဆသာပင်ဖြစ်သည်။ 

တစ်ဖက်သား၏ အမုန်းတရားကို မရရအောင်ဖန်တီးယူပြီးမှ ရရှိလာမည့် ထင်ပေါ်ကျော်ကြားမှု သို့မဟုတ် အောင်မြင်ကျော်ကြားမှုမျိုးဟူသည် ဂုဏ်ယူစရာ ကောင်းပါ၏လောဟု မေးစရာကောင်းလှပေသည်။ များများဆွလေ၊ များများပွလေ Like များများရလေ လူသိများပြီး စီးပွားရေးကြော်ငြာများရှာနိုင်လေဟူသည့် အတွေးအခေါ်မျိုးကို အွန်လိုင်းစီးပွားရေးမော်ဒယ်တစ်ခုသဖွယ်အဖြစ်ကြားရသည် မှာ ဝမ်းနည်းစရာကောင်းလှပေသည်။ 

ထို့ပြင် စကားတို့နှင့်ပတ်သက်၍ ပိုပြီးဆင်ခြင်စရာကောင်းသည်မှာ တစ်ခါတစ်ရံ မှန်ကန်သည့်စကားသည်ပင် Hate Speech (အမုန်းစကား) သဘောမျိုး ဖြစ်နေတတ်ရာ မိမိမှန်တိုင်း ပြောသင့်၊ မပြောသင့် မိမိအသိဉာဏ်ဖြင့် စဉ်းစားချင့်ချိန် သင့်သောအချက်ပင်ဖြစ်ပါသည်။

ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ်ထူထောင်သည်ဆိုရာ၌ လွတ်လပ်စွာရေးသားပြောဆိုခွင့်ဆိုသည်မှာ မဖြစ်မနေအလေးထားရမည့် နံပါတ် ၁ ကိစ္စဖြစ်သော်လည်း လွတ်လပ်မှုကိုအကြောင်းပြု၍ တာဝန်မဲ့သော၊ တိုင်းရင်းသားလူမျိုးစုများအကြား အမုန်းမီးတောက်လောင်စေနိုင်သော အမုန်းတရားများပါသည့် အကြောင်းအရာ မပြန့်ပွားစေရန် ပြည်သူတစ်ဦးချင်းစီတိုင်းတွင် တာဝန်ရှိကြောင်း မေတ္တာရပ်ခံလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ ( ၁၅ - ၇ - ၂၀၂၀ )