News

POST TYPE

EDITORIAL

သမိုင်းသင်ခန်းစာ ယူတတ်ရန် လိုပါသည်
15-Jul-2020
ယနေ့ခေတ်ကာလသည် နည်းပညာနှင့် လူမှုကွန်ရက်တို့မှတစ်ဆင့် တစ်ဦးနှင့် တစ်ဦး အသိုင်းအဝိုင်းတစ်ခုနှင့်တစ်ခု ချိတ်ဆက်မှုအားကောင်းလှသည့် ခေတ်ကာလဖြစ်ပေရာ မြန်မာတို့အနေနှင့် ကမ္ဘာ့နိုင်ငံကြီးများဖြတ်သန်းကြုံတွေ့နေရသော အခြေအနေအရပ်ရပ်ကို စိတ်ပါလျှင်ပါသလို လေ့လာစောင့်ကြည့်နိုင်၊ သင်ခန်းစာယူနိုင်သည့်ခေတ်ဟု ဆို၍ရပေသည်။ 

ထို့အတူ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတွင် တစ်ချိန်က သိခွင့်မရခဲ့၊ ဖော်ပြခွင့် မရခဲ့သော အဖြစ်သနစ်များအပါအဝင် မှတ်တမ်းမှတ်ရာအတော်များများကို ယင်း နည်းပညာများ လူမှုကွန်ရက်များ၏ ကျေးဇူးကြောင့် သိနိုင်၊ သင်ခန်းစာယူနိုင်သည့် အခြေအနေတွင်ရှိပေသည်။ မိမိတွင် သိလိုစိတ်၊ သင်ခန်းစာယူလိုစိတ်ရှိရန်သာ လိုအပ်ပေသည်။ သမိုင်းကြောင်းများနှင့် သမိုင်းတွင်သည့်ပုဂ္ဂိုလ်များအကြောင်း ခဲရာခဲဆစ် ရှာဖွေနေစရာမလိုပေ။ 

မြန်မာ့သမိုင်းကြောင်းကိုကြည့်လျှင်ဖြစ်စေ၊ ကမ္ဘာ့သမိုင်းကြောင်းကိုကြည့် လျှင်ဖြစ်စေ၊ အခြားနိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်းကိုကြည့်လျှင်ဖြစ်စေ ပန်းတိုင် အတွက် တစ်မျိုးသားလုံးပေးဆပ်ကြရသည့် အသက်၊ သွေး၊ ချွေးများနှင့်အတူ အဆိုး၊ အကောင်း သင်ခန်းစာများစွာရှိနေပြီး ယင်းသင်ခန်းစာများကို နောင်လာ နောက်သားများက မည်မျှအတိုင်းအတာအထိ ရယူဆင်ခြင်နိုင်ကြသနည်းဟူသော မေးခွန်းကသာ အရေးကြီးပေသည်။ 

သို့အတွက် လောကသဘာ၀အရ ရှိနေတတ်သည့် အဆိုး၊ အကောင်း၊ အမှား၊ အမှန်တို့ကို ပိုင်းပိုင်းခြားခြား ကွဲပြားစွာသိရှိရန်အလို့ငှာ ယထာဘူတကျကျ၊ ကျိုးကြောင်းဆီလျော်အပ်စပ်မှုရှိရှိ ပကတိအခြေအနေအတိုင်း ဆန်းစစ်ဝေဖန် သုံးသပ်မှုက အရေးကြီးသလို ဆန်းစစ်ဝေဖန် သုံးသပ်မည့်သူများ၏ အသိပညာ ရေချိန်နှင့် အဂတိတရားကင်းစင်မှုလည်း အရေးကြီးပေသည်။ 

လွတ်လပ်ရေးရရှိပြီးနောက် မြန်မာ့သမိုင်းမှ ထူးခြားသည့်မှတ်တိုင်များကို ကြည့်မည်ဆိုလျှင် ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၃၊ ၁၉၈၈၊ ၁၉၉၀၊ ၂၀၀၈၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၅ စသည့်ခုနှစ်များမှစကာ ယနေ့အထိ သင်ခန်းစာများစွာရှိနေပေသည်။ မြန်မာတို့အနေနှင့် ဖြတ်သန်းလာသော သမိုင်းကြောင်းထံမှ အဆိုးများကိုရှောင်ကာ အကောင်းများကို ဆောင်နိုင်ခြင်းမရှိပါက ယင်းသမိုင်းများသည် သမိုင်းမှတ်တမ်း အဆင့်သာရှိနေမည်ဖြစ်သည်။ ယခုဆိုလျှင် ၂၀၁၆ မှ ၂၀၂၀ အထိ ဒီမိုကရေစီ အစိုးရ လက်ထက် အတွေ့အကြုံများထဲမှ လေ့လာစရာ သမိုင်းသင်ခန်းစာ အတော်များများပင်ရှိလာပြီဖြစ်သည်။ 

မြန်မာတို့အနေနှင့် သမိုင်းများထဲက မကောင်းသည်များကို ရှောင်ပြီး ကောင်းသည့်အချက်များကို ဆောင်ယူနိုင်မှသာ သမိုင်းသင်ခန်းစာကောင်းများကို ယူနိုင်သည့်အခြေအနေသို့ရောက်ရှိပေလိမ့်မည်။ တစ်မျိုးပြောရမည်ဆိုပါက သင်ခန်းစာယူတတ်မှသာ လှပသည့် အနာဂတ်များကို ဖန်တီးနိုင်မည်ဖြစ်သည်။ 

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးနှင့် အသွင် ကူးပြောင်းရေး အစရှိသည့် ပန်းတိုင်များအတွက်မူ ကျွန်ုပ်တို့ တွေ့ ကြုံဖြတ်သန်းခဲ့ ရသည့် အကောင်း အဆိုးများမှ သင်ခန်းစာကောင်းကောင်းယူနိုင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောလိုပေသည်။ 

ထို့အတူ လှပသည့်အနာဂတ်တစ်ခု၊ နိုင်ငံတစ်ခုကို အမှန်တကယ်လိုလားသည့် မျိုးဆက်သစ်များအနေနှင့်လည်း အဆိုပါ နိုင်ငံတော်သစ်ကိစ္စသည် မိမိတို့အတွက် အမှန်တကယ်အရေးကြီးသည်ဟု ယုံကြည်ပါက သင်ရိုးထဲတွင် လေ့လာသင်ယူခဲ့ရ သော သမိုင်းရော၊ သင်ရိုးထဲတွင်ပါဝင်ခွင့်မရရှိခဲ့သည့် သမိုင်းများကိုပါရှာဖွေ လေ့လာသင်ခန်းစာယူခြင်းအားဖြင့် အမြင်ကျယ်သော၊ တန်ဖိုးမြင့်သော မျိုးဆက် များ တိုးပွားလာရန် မဖြစ်မနေ ကြိုးပမ်းကြရမည်ဖြစ်ကြောင်း ထပ်မံတိုက်တွန်း လိုပါသည်။ 

အယ်ဒီတာ ( ၁၄ - ၇ - ၂၀၂၀ )